“၀ဋ်”

Words
316
Reading
2 min
Listen
Play
8y

IMG_20171211_182328.jpg

“၀ဋ်”

ဘယ်လိုပဲပြောပြော ဒီနေ့ပီးရင် နောက်နေ့ဆိုတာ ရောက်လာဦးမှာပဲလေ။ နေ့စဉ် ရက်ဆက်လိုလိုပါပဲ မနက်လင်းလာရင် ဖုန်းလေးအရင် ပြေးဖွင့်ကြည့်မိတယ်။ ညက သယ်ရင်းတွေ ဘာမက်ဆေ့တွေ ပို့ထားလဲပေါ့လေ။ ကဗျာကယာပဲ သယ်ရင်းတွေကို “မောနီး”လုပ်လိုက်သေးတယ်ပေါ့။ မျက်နှာမသစ်၊ သွားမတိုက်ရသေးဘူး ချစ်သူလေးထံ မက်ဆေ့ပို့လိုက်တာက “မွမွ အရမ်းချစ်တယ်”ဆိုပဲ ဟဟ။ ကျွန်တော့ပုံစံသာ သူလေးသာမြင်လိုက်ရရင် တခါတည်း ဘလော့သွားမှာမြင်ယောင်သေးဗျာ။

ဒါနဲ့ မပီးသေးဘူး မျက်နှာသစ် သွားတိုက်လုပ်လိုက်တယ်။ ညက ပူအိုက်လွန်းတာကြောင့် ချေးညှော်တွေက တစ်ကိုယ်လုံး နံစော်နေပီ ဒီတော့ ရေပါတစ်ခါထဲ ချိုးချလိုက်တယ်။ လန်းဆောမောပြေ ဖန်ဆက်စီအချိုရည် - အဲဟုတ်ပေါင် ကြော်ငြာနဲ့ ရောကုန်ပီ။ တိုတိုတုတ်တုတ် ပြောရရင် လန်းဆန်းသွားတယ်ပေါ့ဗျာ။

ဒီလိုနဲ့ အ၀တ်အစား သပ်သပ်ရပ်ရပ်လေး ၀တ်ပီးသွားပြန်တော့ အားသွင်းကြိုး ချိတ်ထားသော ဖုန်းနံဘေးက စားပွဲမှာဝင်ထိုင်ပီး ဖုန်းလေးပွတ်ရင်း ဘရိတ်ဖတ် စားမယ်ပြင်တော့ အမေကပြောတယ် “ဟဲ့ကောင်လေး နင့်အတွက် မပါဘူး သွား လမ်းထိပ်လက်ဖက်ရည်ဆိုင် သွားစားချည်”တဲ့ ငေါက်လိုက်တယ်ဗျာ။ ပျော်လိုက်သည့် ဖြစ်ခြင်း ဒါမျိုးအခွင့်အရေးစောင့်နေတာ။ အမေ့ရှေ့ လက်ကလေးဖြန့်လိုက်တယ် ဆင်ဖြူတော်တစ်ကောင် ကကြိုးစုံလင်စွာနဲ့ ကျွန်တော့လက်တွင်း သက်ဆင်းလာတာ ပေါ့ဗျာ။


Credit Image Source

ပြေးပီလေ ဘိုက်ကလေးနဲ့ ( စက်ဘီးလေးစီးသွားတာကိုပြောတာပါ )။ လမ်းထိပ်က လက်ဖက်ရည်ဆိုင် ရောက်တော့ “ဟေ့ ညီလေး လဖက်ရည် ကျစိမ့်တစ်ခွက် ပေါင်မုန့်မီးကင်တစ်ခု မြန်မြန်”။ ကျွန်တော်သီဆိုနေကျ လက်ဖက်ရည်ဆိုင် မှာတမ်း တေးသွားတစ်ပုဒ်ပေါ့ဗျာ။ စားပွဲဝိုင်းကောင်းကောင်းရှာပီး ဖုန်းလေးဖွင့်ပီး ဆက်ပွတ်တယ်။

“ဟော တွေ့ပီ ငနာတစ်ကောင်(သူငယ်ချင်းကို နာမ်စားသုံးလိုက်တာပါ) ညက ပိုစ်အသစ် တင်ထားတာပဲ၊ ဘာတဲ့ ဖတ်ကြည့်အုန်းမှပဲ” “သရဲကြီးကို မုဒိမ်းမှုနှင့် တရားစွဲဆိုလိုက်ခြင်း” “ကျမက ဒီမိုကရေစီကို ချပြလိုက်တာပါရှင်" အင်း ပိုစ်ခေါင်းစည်းတွေက စိတ်ဝင်စားစရာပဲ ကဲ ဒီလိုဆိုတော့ စိတ်ဝင်စားစရာ တွေ့ပီလေ။ ချပေးလာတဲ့ လဖက်ရည်ကျစိမ့်လေး အသာငုံသောက်ရင်း မျက်စိက ဖုန်းပေါ်ကမခွာ ဆက်ပွတ်နေဆဲ။ ပေါင်မုန့်မီးကင်လေး တကိုက် ကိုက်လိုက်ရင်း SeeMore လေး ဆက်နှိပ်လိုက်တယ်။

အော် ဘ၀ဘ၀ မင်းတို့ဘ၀ကလဲ မဟုတ်တာ အသိသာကြီးကို ဗြောင်လိမ် ဗြောင်စား တယ်လုပ်ချင်ကြတာကိုး၊ တယ်ခက်ပါလား မုဒိမ်းမမကြီးရယ်။ ရုပ်ကိုကြည့်တော့ ဇကောစုတ်ကို နွားနင်းထားတဲ့ရုပ်နဲ့ သမီးသမီးနဲ့ ပြောနေပုံ ဗီဒီယိုဖိုင်က စိတ်ပျက်စရာ။ မနက်ခင်းစာလေး စားနေရတာ လည်နင်သလို ဖြစ်လာလို့ ရှေ့ကလဖက်ရည် လက်ကျန်ကို မြန်မြန်မော့ချပီး လက်စသပ်လိုက်ရတယ်။ ကျနော့စိတ်ထဲကတော့ ရေရွတ်နေမိတယ် “ဒီဟာမကြီး လုပ်စားစရာရှားလို့ ကိုယ့်ကိုကိုယ် မုဒိမ်းကျင့်ခံရ ပါတယ်ဆိုပီး စပ်ဖြီးဖြီးမျက်နှာနဲ့ အင်တာဗြူး ဗီဒီယိုမှာ အခွက်ပြောင်နေတာ ငါ့အနားသာ ရှိရင် ဖနောင့်စာကျွေးလိုက်မယ်”။


Credit Image Source

တော်ပီ ဒီပိုစ်ဆက်မဖတ်တော့ဘူး ဒေါသစိတ်တွေ ဖြစ်ရတယ်။ မနက်စောစော အမင်္ဂလာဖြစ်တယ်။ နောက်ထပ် ပိုစ်တခု ဆက်ကြည့်တယ် မတော်လိုက်ရတဲ့ ယောက်ဖ တင်ထားတဲ့ “ဒီမိုကရေစီမမ” ဆိုတာ ဆက်ဖတ်လိုက်တယ်။ “လွပ်လပ်သော ဒီမိုကရေစီကို ဂုဏ်ပြုသောအားဖြင့် ကျမက လွတ်လွတ်လပ်လပ် နေပြလိုက်တာပါရှင်”တဲ့။ ကောင်းကြပါ လေရောဗျာ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်ကိုမသိပဲ လွတ်လပ်တဲ့အခွင့်အရေးဆိုတာကို စကားလုပ်ပြောနေကြတယ်။ ခက်တယ်ခက်တယ် ကိုယ့်ဟာကို အဖော်အချွတ်တွေလုပ်ပြပီး နာမည်ကြီးချင်တိုင်း မဆီလေးရယ်တဲ့ အိုမဆိုင် ဒီမိုဆိုတာကို လာထိပါးနေတယ်။ တယ်လဲ အသိဥာဏ်နဲတဲ့ မိန်းကလေးပါလား။

၁၉ ဇူလိုင်ကလည်း နီးလာလေတော့ နိုင်ငံတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောထားခဲ့တာလေး ပြန်အမှတ်ရမိတယ် “ခင်ဗျားတို့ဒီလို စည်းမဲ့၊ ကမ်းမဲ့သာ ဆက်သွားနေရင် ကျုပ်တို့နိုင်ငံ ဖာနိုင်ငံဖြစ်တော့မယ်”တဲ့ဗျာ။ ဟုတ်ပဟုတ်ပ ဗိုလ်ချုပ်ရေ ဖာထက်သာတဲ့ နိုင်ငံရှိသေးရင် အဲဒီနိုင်ငံမျိုး ဖြစ်အုန်းမှာဗျလို့ အော်ပြောလိုက်ချင်ရဲ့ဗျာ။ ( မရိုမသေ ကျွန်တော်သုံးနှုန်းလိုက်တဲ့ စာသားများ ကြမ်းတမ်းသွားရင် ခွင့်လွှတ်ကြပါဗျ။ သွယ်ဝိုက်ပီးလဲ မရေးတတ် ဒီစာမျိုးက ဒဲ့ရေးမှ ကွက်ကွက်ကွင်းကွင်း မြင်သာလို့ပါဗျာ)။ တမလွန်က ဗိုလ်ချုပ်သာ အခုမြန်မာနိုင်ငံ ဖြစ်ပျက်နေတာကို မြင်ရရင်လေ ကျွန်တော် ဗိုလ်ချုပ်အဖြစ်ကို မှန်းကြည့်မိလိုက်တယ် မျက်ရည်ဖြိုင်ဖြိုင် ကျကာ ရင်ကိုထုနေရှာမှာပဲဗျာ့။

“တီတီတီ---တွမ်တွမ်တွမ်”ဖုန်းမည်သံဖြစ်ပါတယ်။ ကျွန်တော်စိတ်ကူးနဲ့ တစ်ယောက်ထဲ အတွေးနယ်ချဲ့နေမိစဉ် ဖုန်းဝင်လာခြင်းပါ။ ကြည့်လိုက်တော့ အိမ်က အမေထံမှ ဖြစ်နေပါတယ်။ “ဟဲ့ကောင်လေး လဖက်ရည်ဆိုင်သွားတာ ကြာလှပီ အိမ်မှာက အလုပ် လုပ်စရာတွေ တန်းစီနေတာ နင်မသိဘူးလား စည်းမရှိကမ်းမရှိ နေချင်သလို နေမနေနဲ့ ငတ်သွားမယ်၊ အခုပြန်လာခဲ့ - ဒါပဲ - တွမ်(ဖုန်းချလိုက်သံပါ)”။


Credit Image Source

ကိုင်းဗျာ သူတစ်ပါးကို စိတ်ထဲရှိတဲ့အတိုင်း မှိုချိုးမြစ်ချိုး စိတ်ရှိလက်ရှိ ဝေဖန်နေမိတဲ့ ကျွန်တော် “၀ဋ်”က ချက်ချင်းလည်ပါလေရောဗျာ။

----- ဆက်လက်ကြိုးစားပါအုန်းမည်-----

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC-006

Writing End Time >>>11:35 PM (17.7.2018)

#Myanmar #Writing #Satire #Funny #Blog #Literature #Life

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

“၀ဋ်” | Ecency