ဂျပိုး ၂

Words
138
Reading
1 min
Listen
Play
8y

ညောင်ပင်အောက်သို့ ကိုအီးကြောင်တစ်ယောက် ကွက်ကြည့် ကွက်ကြည့်နှင့်ရောက်လာလေသည်။ဘေးဘီ ဝဲယာသို့ ကျီးကြည့် ကြောင်ကြည့် ကြည့်ရင်း "ငါတစ်ယောက်တည်းများ အရင်ရောက်နေတာလား မသိဘူး"ဟု တွေးကာ ကြက်သီးများပင်ထလာလေသည်။ညောင်ပင်အောက် သစ်မြစ်ကြီးပေါ်တွင် ဆေးလိပ်မီးရဲကနဲ ရဲကနဲနှင့်တွေ့လိုက်ရလေသည်။"ဟာ....ငါ့ကိုခြောက်ပြီနဲ့တူတယ်"ဟုအတွေးဝင်ကာ ခေါင်းကြီးသွားလေသည်။"အို....တစ်ယောက်ယောက် ကြိုရောက်နေတာလဲ ဖြစ်နိုင်တာပဲ"ဟုစိတ်ဖြေတွေးကာ ထိုဆေးလိပ်မီးနားသို့ အရဲစွန့်ကပ်သွားလိုက်သည်။"ဟေ့ ဘယ်သူလဲကွ"ဟု မေးလိုက်သည်တွင် "ဗျာ.."ဟုတုန်တုန်ရင်ရင် အသံထွက်လာသဖြင့် အားတင်းထားသော စိတ်တို့အဝေးသို့လွင့်စင်သွားကာ "အမေရေ....သရဲ...သရဲပါဗျ"ဟုငယ်သံပါအောင် အော်ရင်း ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးလေတော့သည်။
image
ထိုအချိန်တွင် ညောင်ပင်အောက်သို့ ရောက်လာကြသော ဗိန္နောဗေဒင်ဆရာ လင်းညို့ကျွတ်၊ကွက်စိတ်ဆရာ မောင်မောင်ဇာနှင့် နေ့ပြန်တိုးချီး(ချေး) အာကာကြီးတို့သုံးယောက်လည်း ဘုမသိ ဘမသိနှင့်ရောယောင်ကာ အီးကြောင်နောက်သို့လိုက်ပြေးကြလေတော့သည်။ပြေးမိပြေးရာ စွပ်ပြေးရင်း တိုက်တိုက်ဆိုင်ဆိုင် ရွာထိပ်ရှိသူကြီး အိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလေသော့သည်။"ဟေ့ကောင်တွေ ဘာဖြစ်လာတာလဲဟ"ဟု ခြံဝထွက်ပြီး အမေး ကိုအီးကြောင်တစ်ယောက်အပြေးနှင့် မျက်နှာချင်းဆိုင် ဆုံမိကြသော် ကိုအီးကြောင်တစ်ယောက် သူကြီးအားမြင်ပြီးသကာလ သရဲအားမေ့ပြီး သတိလစ်ချင်သလိုလိုပင်ဖြစ်သွားလေသည်။"ဓာတ်ပေါက်သွားသော သူကြီးက "ဟာ...ဟေ့ဟေ့ အီးကြောင် ငါ သူကြီးပါကွ"ဟုသတိပေးလိုက်မှ အနည်းငယ်အကြောက်ပြေသွားသည်။ထိုစဉ် အနောက်မှ မောင်မောင်ဇာတို့သုံးယောက်သားအမေတကောနှင့် ရောက်လာကြလေသည်။"ကိုအီးကြောင်ရယ် ပြေးလိုက်တာများ မှုန်နေတာပဲ...အင်္ဂလိပ်တွေကျည်ဆံထက်တောင် မြန်တယ် ထင်ရပါ့"။" ဟေ့ အီးကြောင် မင်းကဘယ်လိုဖြစ်လာတာတုန်း ပါးစပ်ကလည်း ဗလုံးဗထွေးနဲ့ ဘာတွေပြောနေမှန်းကို မသိဘူး"ဟုမေးသောကြောင့် ကိုအီးကြောင်တစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြစ် "ရွာ....ရွာ ထိပ်ညောင်ပင်မှာ သ...သ....သရဲတွေ့ခဲ့လို့ သူကြီးရ"။"ဆေးလိပ်မီးကို ဖွာတာမှရဲနေတာပဲ...ဆံပင်ကြီးဖားလားချပြီးတော့ ကျွန်တော့်ကိုကျောပေးထိုင်နေတာ..ကျွန်တော်ကဘယ်သူလဲကွ လို့မေးလိုက်တာ ကျွန်တော့်ဘက်ကို...."ပြောစကားပင်မဆုံးသေး ဝက်သားသည် အအင်းတစ်ယောက် ဟောဟဲဆိုက်ကာ ပုဆိုးကွင်းသိုင်းပြီး ရောက်ချလာသည်။သူကြီးက "ဟော...ဟိုမှာတစ်ယောက်လာပြန်ပြီ"ဟုပြောသဖြင့် အားလုံးပြိုင်တူလှည့်ကြည့်လိုက်လေသည်။"ဟောဟဲ...ဟောဟဲ...ကိုအီးကြောင်တို့မကောင်းဘူးဗျာ...ညောင်ပင်ချိန်းထားပြီး မလာကြဘူး...ကျွန်တော့်မှာတစ်ယောက်တည်းကြောက်ကြောက်နဲ့ ဆေးလိပ်ဖွာပြီး ထိုင်စောင့်နေရတာ"ဟုအမောတကောနှင့်ပြောလေသည်။"ညောင်ပင်က သရဲက ကျွန်တော့်ကို ဘယ်သူလဲကွလို့မေးတာနဲ့ ခေါင်းတောင်ကြီးသွားတယ်။ ထလည်းမပြေးရဲလို့ "ဗျာ"လို့ထူးလိုက်တာကိုဗျာ အဲ့ဒီသရဲက သရဲ သရဲနဲ့အော်ပြီးပြေးပါလေရော"..."ကျွန်တော်လည်း ပုဆိုးကွင်းသိုင်းပြီး ပြေးရတော့တာပေါ့ဗျာ"ဟုထပ်မံပြောပြလေသည်။
image
သူကြီးခဏတာမျှ စဉ်းစားလိုက်ပြီး "အအင်းက ညောင်ပင်ခြေမှာဆေးလိပ်ထိုင်ဖွာနေတယ်၊ ဟိုကောင် အီးကြောင်ကလည်း ဆေးလိပ်မီးရဲကနဲမြင်တယ် မေးတာနဲ့ထူးတာနဲ့လည်း တူတယ်...တစ်ခုပဲကွာတယ်.."ဘာလဲဟင် သူကြီးဟုသိချင်စောဖြင့်အားလုံးပြိုင်တူမေးလိုက်ကြသည်။"အတော့်ကိုကွာတဲ့အချက်ပဲ...အီးကြောင်က ဆံပင်ဖားလျားနဲ့ သရဲတွေ့တယ်ပြောတယ်..အအင်းကိုကြည့်ဦး...ဒီလောက်ပြောင်သလင်းခါနေတဲ့ခေါင်း....ဘယ်လိုမှအဆီအငေါ်မတည့်ဘူး.."ဟုပြောလိုက်ပြီး "အီးကြောင် မင်းတွေ့တာ ဆံပင်ဖားလျားဆိုတာ သေချာရဲ့လား.."ဟုမေးလိုက်တော့ ကိုအီးကြောင်တစ်ယောက်" အဲ...ဟို...ဟိုလေ သူကြီး".."ဒါကဒီလိုရှိပါတယ် ခင်ဗျ"....."အဲ...ဟိုဟာကဟိုလိုရှိတယ်ပေါ့နော်..."။"ဟာ...ဒီကောင်အီးကြောင် ဝေ့လည်ကြောင်ပတ်လုပ်နေတယ်..သေချာပြောစမ်း တွေ့လားမတွေ့ဘူးလား"ဟုမာန်လိုက်မှ "အဟဲ....အဲ့ဒါကလေသူကြီး.....ဟိုလေ...နည်းနည်းမှောင်နေတော့လေ....ကျွန်တော်လည်းသေချာမမြင်ရဘူး....အဟီး.."ရှိသမျှသွားအသားကုန်ဖြဲပြနေသော အီးကြောင်အား သူကြီးမှ"တယ်...ငါလုပ်လိုက်ရသေတော့မယ်...ရွာသားတွေအထိပ်တလန့်ဖြစ်စေမှုနဲ့ အီးကြောင်အားထိပ်တုံးခပ်စေ..."ဟုတရားသေ အမိန့်ချလိုက်ပါတော့သည်။....ဆက်ရန်.......ဆက်ချင်မှလည်းဆက်ပါမည်....😁😁😁😁
linnkhant42@linnkhant42
MSC-022
Credit photo-google
image

ဂျပိုး ၂ | Ecency