This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

မိဘနှင့်သားသမီးကြား

Words
202
Reading
1 min
Listen
Play
8y

မိဘနှင့်သားသမီးကြား
16-4-2017-A.jpg
Images Credit - Original Source
အိမ်ရောက်တာနဲ့ “ထမင်းဆာလိုက်တာ… ထမင်းမကျက်သေးဘူးလား”လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။
“ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ” လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။ အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။
အမြဲတမ်း ပိုက်ဆံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။
မနက်အိပ်ရာထရမှာ ပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။
အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။
တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။
ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။
အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။
စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေ ပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိပ် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။
ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကို ဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။
အိမ်ကစုဆောင်းထားတာတွေ ခဏ ”ချေးငှား”ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့် သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။
အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။
မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။ သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။
ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။
ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။
သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ
ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ သားသမီးနဲံ မိဘအကြား အဲဒီချစ်ခြင်းမေတ္တာကို ” Copy—– Paste” အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကိုပေးစွမ်းနိုင်မဲ့ သားသမီးတွေ ဖြစ်န်ုင်မှာပါ။