အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
ဒီရက်အတွင်း စနေ၊ တနင်္ဂနွေဆိုတော့ ပို့စ်တွေ မတင်ဖြစ်လိုက်ဘူး။ ရေးချင်တာတွေလည်း ရှိနေ သမီးက နေသိပ်မကောင်းလို့ရယ်။ အိမ် အလုပ်တွေနဲ့ ရှုတ်နေတာရယ်၊ သူငယ်ချင်းတယောက် အိမ်ပြန်သွားလို့ သူ့ကို လိုက်ကူနေတာရယ်နဲ့ ဘာမှန်းမသိလိုက်တဲ့ စနေ၊ တနင်္ဂနွေ တွေကို ဖျက်သန်းသွား လိုက်ရတယ်။ ဒါနဲ့ စကားမစပ် သောကြာနေ့ညက ကြည့်ဖြစ်တဲ့ Banking On Bitcoin ဆိုတဲ့ Bitcon documentory ဗီဒီယိုလေး share လိုက်ပါရစေ။ ဟိုတနေ့က Myanmar Steemit ထဲမှာတယောက်က Bitcoin အကြောင်းလေးတင်တော့ သူ့ comment ကနေ ရှယ်ပေးလိုက် မလို့ပါဘဲ။ ဒါပေမဲ့ မတင်ပေးမိလိုက်ဘူး ဖြစ်သွားတယ်။
အဆင်ပြေရင် ကြည့်လိုက်ပေါ့ နော်။
ဒီနေ့ ရုံးအလာ လမ်းမှာ ဘစ်စကား ဂိတ်နားက သစ်ပင် အကြီးကြီးကို လှဲထားတာတွေ့တယ်။ အလကားနေရင်း မလှဲပေမဲ့ သူတို့ အစီအစဉ်တွေနဲ့ သူတို့အကြောင်းနဲ့သူတို့တော့ ရှိမှာပါ။ ဒါပေမဲ့ ကိုယ်တွေက သစ်ပင်ကြီးလှဲထားတာ မြင်တော့ နမြော်မိတာလေးတခုပါ။ အဲတော့ ဒီသစ်ပင်တွေနဲ့ ပတ်သတ်တဲ့ အကြောင်းလေး ရေးချင်လာမိတာပါ။ ကိုယ်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းကလည်း မဟုတ်။ ဟိုစာတွေ ဒီစာတွေ ထဲကကူးပြီးတော့ ကမ္ဘာကြီးကို ဘယ်လို ထိန်းသိမ်းပါ၊ သစ်ပင်ဘယ်လို စိုက်ကြပါ ဆိုပြီးတော့လည်း မရေးချင်။ ကိုယ့်ဘ၀နဲ့ ကိုယ်ခံစားချက် အကြောင်းနဲ့ ဆိုင်တာဘဲ ဝေမျှတာပေါ့။ မိုးရာသီလည်း မဟုတ်ဘဲ အပင် စိုက်ဖို့ ရေးတယ်ဆို တော့ နည်းနည်း ကြောင်တောင်တောင်နိုင်နေမလားတော့ မသိဘူး။
ကျွန်တော်ဘ၀မှာ အထိမ်းအမှတ်တခုအဖြစ် တခုလုပ်လုပ်ရမယ် ဆိုရင် ကျွန်တော်က သစ်ပင်တွေကို ကိုယ်ဘ၀ရဲ့ အမှတ်တရ မှတ်တိုင်တခုအဖြစ် သစ်ပင်လေးတွေ ကို စိုက်ထားချင်တယ်။ ဥပမာ ဘယ်နေ့ ဘာအထိန်းအမှတ် အဖြစ် ဘယ်နေရာမှာ ဘာပင်လေးစိုက်ခဲ့တယ် ဆိုတာ မျိုးပေါ့။ ဒါပေမဲ့ ကျွန်တော့မှာ ဘာဖြစ်လို့လဲ မသိဘူး အခုထိ အောင်မြင်ပြီး အဆင်ပြေတယ်ကို မရှိဘူး။ အကြောင်းကြောင်းကြောင့် အဆင်မပြေဖြစ်ပြီး စိုက်မိတဲ့ ဒီ အမှတ်တရသစ်ပင်တွေလည်း ပျက်စီးခံရချည်းဘဲ။
ငယ်ငယ်က အဖေပြောဘူးတယ် သူကျွန်တော့ကို မွေးတော့ အိမ်ရှေ့မှာ ဗံဒါပင် ၃ ပင် စိုက်ခဲ့တယ်တဲ့။ အလယ်က တပင်က သိပ်မကြာဘူး သေသွားတယ်တဲ့။ ကျန်တဲ့ ၂ ပင်ကို ကျွန်တော် ငယ်ငယ်က ၁၀ နှစ်သား ကျော်လောက်ထိ မြင်ဘူးတယ်။ အဲဒီ ၂ ပင်ထဲက တပင်က မန္တလေး ရေပေးရေးလုပ်တော့ ပိုက်လိုင်းတွေ ချဖို့ မြေကျင်းတူးရင်း သေသွားတယ်။ တပင်ကတော့ ကျွန်တော်ကြီးတဲ့ အထိ ရှိသေးတယ်။ ကျွန်တော် အဲဒီသစ်ပင်ပေါ်တက်ပြီး ဆော့ခဲ့ရသေးတယ်။ 'Climb a tree - it gets you closer to heaven. ' သစ်ပင်တတ်တယ်ဆိုတာ သင့်ကို ကောင်းကင်နဲ့ နီးစေပါတယ်တဲ့။ အခုတော့ လည်း အဲဒီ ကောင်းကင်နဲ့ နီးစေတဲ့ သစ်ပင်လည်း မရှိတော့ပါဘူး။ ရေမြောင်းပြင်ရင်း မြေတူးကြပြန်တော့ အဲဒီအပင်လဲ ပါသွားတာဘဲ။
နောက်တခါ စည်ပင်က အိမ်ရှေ့ သစ်ပင် မစိုက်မနေရဆိုပြီး တမာပင်တွေ ရောင်းတယ်။ ကိုယ့်ပိုက်ဆံနဲ့ ၀ယ်ပြီး စိုက်ရပြန်တယ်။ တမာပင်က တတ်ဖို့က အရမ်းကြာတယ်။ အဲတော့ တချို့ အိမ်ရှေ့က တမာပင် သေးသေးလေးက ကွမ်းတံတွေး အထွေးခံရတာနဲ့ ရဲပတောင်းခတ်ပြီး သေတော့တာဘဲ။ ကျွန်တော့ အိမ်ရှေ့က အပင်လေးကတော့ သေချာ ဂရုစိုက်လို့လား မသိဘူး နည်းနည်း ကြီးလာတယ်။ လူတရပ်ကျော်လာတယ်။ ဒါပေမဲ့လည်း အပေါ်မှာ က ၀ါယာကြိုးရှိတော့ သူလဲ သိပ်မတတ် ရဲဘူးနေမှာ။ ဒါပေမဲ့ သိတဲ့ အတိုင်းဘဲ စိုက်တဲ့ တဖွဲ့နဲ့ ခုတ်တဲ့ တဖွဲ့က မတူတော့ သူလည်း သိပ်မနေလိုက်ရပါဘူး။ လစ်သွားတာဘဲ။
ကျွန်တော် မင်္ဂလာဆောင်ပြီး ၁ နှစ်ပြည့်တော့ အထိမ်းအမှတ်တခုအဖြစ်နဲ့ သစ်ပင်စိုက်ထားမယ်ပေါ့။ ဒီတခါ မြို့ထဲမှာ မစိုက်တော့ဘူး။ မြို့သစ်က ခြံမှာ သွားစိုက်မယ်ဆိုပြီး မြို့သစ်က ခြံမှာ အမှတ်တရသေချာသွား စိုက်ဖြစ်တယ်။ မှတ်မှတ်ရရဘဲ အိမ်ရှေ့ ခရေဆိုလို့ ခရေပင်ရယ်၊ တမာပင်ရယ်၊ စိန်တလုံး သရက်တွေရယ်ပေါ့ တကူးတက အမှတ်တရ သွားစိုက်တယ်။ အဲဒီတုန်းကတော့ ဘယ်နေရာမှာ အိမ်ဆောက်မယ်၊ ဘယ်နေရာက လွတ်တယ် စသဖြင့် ကိုယ်မှန်းထားသလို အားလုံး အဆင်ပြေတဲ့ နေရမှာ ရွေးပြီး စိုက်ခဲ့တာပါဘဲ။ ဒါပေမဲ့ တနှစ်လောက်နေပြီး အိမ်စဆောက်တော့ ဟိုကမလွတ် ဒီကမလွတ် ဟိုရွှေ့ ဒီရွေ့နဲ့။ လက်သမားဆရာက ခုပ်မိတာနဲ့။ ပန်းရံဆရာက ထုံးပုံမိတာနဲ့။ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော့အမှတ်တရအပင် တပင်မှ ကို မကျန်တော့ဘူး။ အခုတော့ ယောက်ဖကလည်း ဒီအပင်တွေ နေရာမှာ အခုတော့ အစားထိုး ပြန်စိုက်ထားပေးပါတယ်။ ဒါပေမဲ့ အချိန်တွေဗျာ။ နှမျောလိုက်တာ။ အဲဒါအချိန်တွေ နှမျောလို့ ဒီလိုကြိုစိုက်ထားတာကို ဖြစ်တာ။ အပင်တပင် ဖြစ်ဖို့ဆိုတာ မနည်း စောင့်ရတဲ့ အချိန်တွေ စစိုက်တဲ့ အပင်တွေဟာ တနှစ်ကို ပျမ်းမျှ ၃ ပေ လောက်ဘဲ တတ်တယ်တဲ့။ အပင်ပေါ်မှာတော့ မူတည်တာပေါ့။ ပျမ်းမှ အနေနဲ့ ပြောတာပါ။ ၅ နှစ်လောက်စိုက်မှ ၁၅ ပေလောက်ဘဲ တတ်မှာ။ ၅ နှစ်ဆိုတဲ့ အချိန်အတွင်း အစအစအရာရာ အဆင်ပြေပြီး ကြီးသွားမှနော်။ အကြောင်းကြောင်းကြောင့်ဆိုတာ ပေါ်မလာမှ ဒီအမြင့်ထိရောက်နိုင်မှာပါ။
အပင်တွေဟာ လူတွေရဲ့ ဘ၀အတွက် ဘယ်လောက် အရေးကြီးတယ်။ ပတ်ဝန်ကျင် ထိမ်းသိမ်းကြပါဆိုပြီးလည်း အပင်တပင်တောင် ဖြောင့်အောင် မစိုက်နိုင်ဘဲ မပြောချင်ပါဘူး။ ကိုယ်တွေ့ဘဲ ပြောရင် ကျွန်တော်တို့ မန္တလေးက နွေဆို အရမ်းပူတယ်။ အရိပ်မရှိလို့ကတော့ နွေရာသီ နေဖို့ အတော့ကို မလွယ်ဘူး။ အသက်ကြီးတဲ့ လူကြီးတွေဆို အသက်အန္တရယ်ထိရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့အဘွား မနှစ်ကဆုံးသွားတာ။ အသက်က ၉၅ နှစ် ဘာရောဂါမှ မရှိဘူး။ ကျွန်တော် သူ့ကို ၁၀၀ ကျော် ထိနေရလိမ့်မယ်ကို မျှော်မှန်းထားတာ။ အသက်ကြီးရယ် လူကစားနိုင်တယ် ဆိုတော့ နည်းနည်း ၀တယ်။ ၀တော့ ဒူးသိပ်မကောင်းတာဘဲရှိတယ်။ ဒါပေမဲ့ မနှစ်နွေရာသီ အရမ်းပူတော့ ရာသီဥတုဒဏ် မခံနိုင်တော့ဘူးပေါ့။ အဲဒီ ရာသီဥတုကြောင့် ဆုံးသွားတာ။
ဟိုပုံပြင်လေးထဲက မင်းသားလိုပေါ့။ အဘိုးဘာလို့ သရက်ပင်စိုက်နေသလဲဆိုတော့ သားမြေးနဲ့ နောင်လာ နောင်သားတွေ အတွက်ပေါ့။ တနေ့နေ့ တချိန်ချိန် တစုံတယောက်က အပင်တစ်ပင်ရဲ့ အရိပ်အောက်မှာ ထိုင်နေမယ်။ ဒီအပင်က အသီးကို စားနေတဲ့ ဆိုတာ ဟိုတချိန်က တယောက်သောသူ ဒီအပင်ကို စိုက်ခဲ့လို့ဆိုတာ အမှတ်ရနေဖို့ပါဘဲ။ ကျွန်တော်ကတော့ အဘိုးအို မဟုတ်သေးတော့။ သားမြေးတွေက ထားလိုက်တော့။ ငါကြီးလာရင် ငါ့ကို ရာသီဥတုဒါဏ်ကနေ ကာကွယ်ပေးဖို့ ဒီအပင်တွေရှိစေချင်တယ်ပေါ့။ He who plants a tree Plants a hope. အဲ့တော့လည်း အပင် ကြီးကြီး မကြီးကြီး၊ ဖြစ်ဖြစ် မဖြစ်ဖြစ် ကိုယ်ကတော့ စိုက်ရမှာဘဲ။ ခုတ်တက လွယ်တယ် အပင် ကြီးလာဖို့က ခက်တယ်။ အချိန်ပေးရမယ်။ ဒီတခေါက် မန္တလေးပြန်ရင် အပင်တွေ ထပ်စိုက်ရအုံးမယ်။
Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)