အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
ဟိုတနေ့က ကို @mgmgkse တင်ထားတဲ့ 'မေတ္တာတရား ထားနိုင်ကြပါစေ' ကို ဖတ်ပြီး ဒီပို့စ်ကို ရေးချင်နေမိခဲ့တာ။ ဒီရက်ပိုင်းအတွင်း အလုပ်ကလည်း လုံးဝ မအားတာနဲ့ ဘာမှ မတင်ဖြစ်ဘူး။။ ဒါပေမဲ့လည်း @Steemit ထဲတော့ ၀င်ပြီး vote တို့ comment တို့တော့ ရအောင် ၀င်ပေးခဲ့ပါတယ်။ အစ်ကို mgmgkse တင်ထားတဲ့ ပို့စ်မှာ သူအိမ်နားမှာ မွေးကင်းစ ကလေးလေး တစ်ယောက် လာပစ်သွားတယ်ပေါ့။ အဲဒီ ကလေးလေးကို မိန်းမကြီးတယောက်က မွေးစားလိုက်တယ်ပေါ့။ ၀မ်းနည်းစရာကောင်းတာ နောက် ရက်အနည်းငယ်နေတော့ အဲဒီကလေးလေး ဆုံးပါးသွားတယ်တဲ့။ အဲဒီအကြောင်းလေး တင်ပေးသွားတာပါ။ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် စဉ်းစားမိတာလေးခံစားမိတာလေးတွေကို ဝေမျှတင်ပြခြင်းဖြစ်ပါတယ်။
စင်္ကာပူကမြို့ထဲ တနေရာမှာ သမိုင်းဝင်နေရာတခု အဖြစ်သတ်မှတ်ထားတဲ့ နေရာတနေရာရှိတယ်။ အဲဒါက Gate Of Hope တဲ့။ မြို့အလယ်ကောင် CityHall လို့ ခေါ်တဲ့နေရာ ပတ်ဝန်းကျင်မှာပေါ့။ တိုက်တွေ ရုံးတွေကြား တကယ့် လူစည်ကားတဲ့ နေရာတခုရဲ့ ရှေးအုတ် တံတိုင်းနံရံတခုမှာ သစ်သားတံခါးကြီး တခုရှိတယ်။ အဲဒါက Gate Of Hope တံခါးတဲ့။ သူ့ရဲ့ ရာဇ၀င်က ဟိုး လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် ၁၀၀ လောက်က စင်္ကာပူဆိုတာ အဲဒီအချိန်က တံငါရွာလေးသာသာလောက်ဘဲ ရှိတဲ့ မလေးရဲ့ နယ်စွန်နယ်ဖျား မြို့လေးတမြို့ပေါ့။ ဒီလိုနေရာမှာ နေတဲ့ သူတွေကလည်း တနေ့လုပ် တနေ့စား ရတဲ့ ဆင်းရဲပြီး ဘ၀ကို ရုံးကန်နေရတဲ့ သူတွေသာဖြစ်ခဲ့ကြတယ်။ အဲဒီမှာ သီလှရှင်ကျောင်း တကျောင်းရှိတယ်။ အဲဒီသီလှရှင်ကျောင်းမှာ အနောက်ဘက် လမ်းကြို လမ်းကြား အမှိုက်တွေနဲ့ ရှုပ်နေတဲ့ လူသူသိပ်မသွားတဲ့ နောက်ဘေးပေါက်လေး ရှိတယ်။ (အခုတော့ နောက်ဘေးပေါက် မဟုတ်တော့ဘူး။ မြို့ထဲကလမ်းမကြီးဖြစ်နေပါပြီ။) တနေ့မနက်ခင်း အချိန် အဲဒီ အနောက်တံခါးကို သီလှရှင်တွေ သွားဖွင့်လိုက်တော့ ကလေးငိုသံလေး ကြားရတယ်။ တံခါးရဲ့အောက်မှာ ကလေးလေး တယောက်ကို လာစွန့်ပစ်သွားတယ်။ ဒါနဲ့ သီလှရှင်တွေလည်း အဲဒီကလေးလေးကို ရေချိုးသန့်စင်ပြီး မွေးစားလိုက်တယ်။ ဒီလိုနဲ့ နောက်တနေ့ နောက်ထပ် ကလေးတယောက် အဲဒီနေရာမှာ လာစွန့်ပစ်သွားရော်။ ဒီလိုနဲ့ အဲဒီကလေး မွေးစားလိုက်ရပြန်တယ်။ အဲဒါနဲ့ အဲဒီနောက်ဖေးတံခါးဟာ ကလေးလာစွန့်ပစ်ကြတဲ့ နေရာကြီးလိုကို ဖြစ်သွားတယ်။
သီလှရှင်တွေ အဲဒီကလေးတွေကို မွေးစားပြုစုပျိုးထောင် ပေးလိုက်ကြတာ။ အဲဒီကလေးတွေဟာ နောင်တချိန်ကျ နိုင်ငံသားကောင်း ရတနာတွေဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးပြုတဲ့ သူတွေ ဖြစ်လာကြတယ်။ ဒါကြောင့် စင်္ကာပူက အဲဒီနေရာကို သမိုင်းဝင် အမှတ်တရ အဖြစ်ထားထားပြီး သေချာ အမြတ်တနိုး ထိန်းသိမ်းထားကြတာပါ။ မြန်မာစကားပုံတခု ရှိတယ် လှံထမ်းလာတာ မြင်ရတယ်။ ကံထမ်းလာတာ မမြင်ရဘူးတဲ့။ လူတယောက်ရဲ့ ကံကြမ္မ (အနာဂါတ်) ကို ဘယ်သူမှ မပြောနိုင်ပါဘူး။ ဗုဒ္ဓဘာသာအလိုအရ ပြောမယ်ဆိုရင် ကံအကျိုးပေးအတိုင်းသွားမယ်။ ခရစ်ယာန်လိုပြောမယ်ဆို ဘုရားသခင်စီမံချက်အတိုင်းပေါ့။ အစ္စလမ်လို ပြောမယ်ဆို အလ္လာအရှင်မြတ် အလိုတော်အရပေါ့။ ဘယ်လိုဘဲပြောပြော သူတယောက်ရဲ့အသက်ကို စောင့်ထိမ်းပေးရမဲ့ အလုပ်ဟာ လူတိုင်းရဲ့ တာဝန်ဘဲဖြစ်တယ်။ ( Gate of hope အကြောင်းပို သိချင်လျှင် http://www.ghettosingapore.com/the-gate-of-hope )
ကျွန်တော်က pro life သမားဆိုတော့ ဒီ pro life အကြောင်းကို ပြောသွားပါ့မယ်။ နောက်မှ မွေးထားပြီး စွန့်ပစ်တဲ့ အကြောင်းဘက်သွားမယ်။
ကျွန်တော်တို့ ကြည့်ဘူးကြတဲ့ ဗီဒီယို ဇာတ်ကား တိုက်တင်းနစ် မင်းသား leonardo dicaprio ရဲ့ သူ့အမေအကြောင်းလေး ဖတ်ဘူးတယ်။ အကျဉ်းပြောမယ်ဆိုရင် ဒီ လီယိုနာဒို ကိုယ်ဝန်ရတော့ သူ့အမေက ဒီကလေးကို ဖျက်ချဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါပေမဲ့လည်း နောက်ဆုံးကျ သတ္တိရှိစွာ ဒီကလေးကို မွေးခဲ့ပြီး အခုနိုင်ငံကျော် မင်းသားဖြစ်လာခဲ့တယ်။ တကယ်လို့ သူ့အမေသာ သူ့ကို ကလေးဖျက်ချခဲ့မယ်ဆို သူ့လည်း ရှုတ်ချခံရမှာဘဲ။ လူစိတ်မရှိတဲ့ မိန်းမ၊ သူဘာသာ ကဲချင်ကကဲပြီး ဖြစ်တော့မှ လူမမည်သေးတဲ့ကလေးကို ဖျက်ချရကောင်းလား။ မြန်မာလိုဆို ၀ဋ်ခံရမယ်တို့ အဖန် ၅၀၀ ဘာဖြစ်မယ် ညာဖြစ်မယ်တို့ အပြောခံရမှာပါ။ ကျွန်တော်တို့ မြင်ဘူးပါတယ် လမ်းပေါ်မှာ ကိုယ်ဝန်ရှိပြီး သားပေါက်နေတဲ့ ခွေးမကြီးဟာ သူ့ခွေးလေးတွေသွားကိုင်ရင် အဲဒီနားသွားရင် ကိုက်တာတို့ မန်ဖီတာတို့ လုပ်တတ်တယ်။ ခွေးလေးတွေ အနား ဘယ်သူမှ အနားအကပ်မခံဘူး။ သူ့သားလေးတွေကို တခုခုလုပ်မှာ ဆိုးလို့။ အဲတော့ ခွေးထက် အသိဥာဏ်မြင့်တဲ့ လူတွေမှာ ဘယ်လိုမှ ခံစားချက်မရှိဘူး။ ချစ်ခြင်းမေတ္တာ ခေါင်းပါးတယ်ဆိုပြီး ပြောနေကြတာဟာ နည်းနည်းတော့ လက်တွေ့မကျဘူးလို့ထင်တာဘဲ။ သူ့တို့ရဲ့ ခံစားချက် အကျပ်အတည်းကို နည်းနည်းမှ ထည့်မစဉ်းစားတဲ့ သဘောရောက်နေသလိုဘဲ။
ကျွန်တော့ခံစားချက်လေးနဲ့ ဆွေးနွေးကြည့်ရအောင်။ မိဘတိုင်းဟာ ကိုယ့်သားသမီးလေး မွေးလာကြရင် ကျန်းကျန်းမာမာ အင်္ဂါပြည့်ပြည့်စုံစုံနဲ့ သားသမီးလေးမွေးဖို့ မိဘတိုင်း မျှော်လင့်ကြတာချည်းပါဘဲ။ မိဘတယောက်ဖြစ်တဲ့ ကျွန်တော်လည်း သမီးလေးကို ကိုယ်ဆောင်တုန်းက အချိန် ultrasound တို့ဘာတို့ မရိုက်ရသေးတဲ့ အချိန်တုန်းက ကျွန်တော် လျှောက်တွေး စဉ်းစားကြည့်မိခဲ့ဘူးတယ်။ တကယ်လို့သာ ငါ့ရဲ့ကလေးဟာ တစုံတခု ချို့ယွင်းပြီး လူ့လောကထဲ ရောက်လာခဲ့ရင် ငါအခုဘာလုပ်မလဲ လို့။ စဉ်းစားမိတယ်နော်။ ကိုယ်ကိုယ်တိုင် pro life သမားလို့ယူဆထားတဲ့သူတောင် နည်းနည်း တွေဝေသွားတယ်။ ဒါတောင် ဘာမှ တိတိကျကျမသိရသေးဘဲ။ လျှောက်တွေးကြည့်ရုံနဲ့ နည်းနည်းတွေဝေသွားခဲ့တယ်။ တကယ်လို့ ဒီအဖြစ်နဲ့ တကယ် ထိပ်တိုက် ရင်ဆိုင်ရတဲ့သူတွေ ဆိုရင်လည်း အတော် ဆုံးဖြတ်ရခက်လိမ့်မယ်။ ဘုရားစိတ်နဲ့ လူအတ္တလွန်ဆွဲကြမယ်ပေါ့။ (GOD is LOVE ဆိုတော့ နားလည်လွယ်အောင် ဘုရားစိတ်ဘဲ ပြောကြပါစို့။) မိခင်မေတ္တာခေါ် ဘုရားစိတ်က နိုင်မှ ဒီပွဲမှာ အောင်နိုင်မှာ၊ ဒီလူ့အသိုင်းအ၀ိုင်းမှာ ကျဆုံးသွားကြတဲ့ လူတွေလည်း ရှိနေတယ်နော်။
ဟိုတလောက pro life ဗီဒီယို ဇာတ်ကား တကားကြည့်လိုက်ရတယ်။ နာမည်တော့မေ့သွားပြီ။ ဇာတ်လမ်းက အသက် ၁၈ နှစ်ကျော် ကောင်မလေးတယောက် သူ့က broken family မိသားစုကနေ မွေးဖွားလာခဲ့တော့ မိသားစုရဲ့နွေးထွေးမှု့ ထိမ်းကျောင်းပေးမှု့ ဘာမှ မရရှာဘူးပေါ့။ သူ့အမေကလည်း အလေဘဲ ဆေးချ ဘာချနဲ့ပေါ့။ အဲလို ထိန်းကျောင်းပေး ခံရမှု့ မရှိတဲ့ ၁၀ ကျော်သက် ကောင်မလေးဟာလည်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရလာတယ်။ ဘယ်သူနဲ့ရခဲ့လည်း သူကိုယ်တိုင်တောင် မသိဘူး။ အဲတော့ ဒီကိုယ်ဝန်ကို ဖျက်ချမယ်လုပ်တယ်ပေါ့ သူ့အမေကလည်း ဖျက်ချခိုင်းတယ်။ ဖျက်ချခါနီးမှာ ကောင်မလေးက ဘာဘဲဖြစ်ဖြစ်မွေးမယ်ဆိုပြီး ဖျက်ချပေးမဲ့ ဆေးခန်းကနေ ထွက်ပြေးလာခဲ့တယ်။ အသိတရားရလာလို့တော့ မဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ ဘုရားစိတ်က ဖြစ်ပေါ်လာပြီး အနိုင်ရသွားလို့ပေါ့။ ဒါနဲ့ လူတယောက်နဲ့တွေ့ အဲဒီစိတ်ကောင်းရှိတဲ့သူက သူ့ကို အဆောင်တခုမှာ သွားထားပေးတယ်။ အဲဒီအဆောင်က သူလိုဘဲ ကလေးဖျက်ချမဲ့ မိခင်တွေကို ကယ်ဆယ်ပြီး ကလေးမွေးပေးတဲ့ pro life အဖွဲ့ရဲ့ အဆောင်လေးပေါ့။ အဲဒီဂေဟာမှာ ဘာမှလုပ်စရာမလိုဘူး။ အချိန်မှန်ဆေးစစ်၊ ဆေးသောက်၊ ဂေဟာက ကျွေးထား မိမိဝါသနာပါတာကိုလုပ်ကြပေါ့။ ကျောင်းတတ်ချင်တဲ့ သူ ဗိုက်ကြီးတကားကားနဲ့ ကျောင်း ဆက်တတ်ကြပေါ့။ အစက အဲဒီလို ဂေဟာ ရောက်လာတဲ့သူတွေကလည်း တကဲ့ သူလိုလူမျိုး အလေအပေတွေပေါ့။ စိတ်ဓါတ်တွေက မမြင့်မားကြနဲ့ ပြသာသနာတွေဖြစ်ကြ ဒါပေမဲ့ နောက်ဆုံး သူတို့အချင်းချင်း သူတို့ ဘ၀ကို နားလည်းလာကြတယ်။ ကလေး မွေးလာတော့လည်း ကလေးကို မွေးချင်ရင် ဆက်မွေး၊ မမွေးထားချင်ရင် ဂေဟာက မွေးစားပေးမဲ့သူတွေ လက်ထဲထည့်ပေးတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ ဘ၀လမ်းကြောင်း မှန်ပေါ်ရောက်လာတဲ့ single mother လေးဖြစ်လာတယ်ဆိုတဲ့ ဇာတ်လမ်းလေးပေါ့။
ဟိုတလောက သတင်းတခုမှာ မြန်မာပြည်မှာ ဒီ single motherတွေအတွက် မွေးစာရင်း လုပ်တာ မရဘူးလို့ ဖတ်လိုက်ရတယ်။ ကိုယ်က ဘာမှတော့ မဝေဖန်လိုပါဘူး။ နည်းနည်း စဉ်းစားဖို့ အချိန်ရောက်နေပြီလို့။ အချို့သော အချက်တွေကို ထည့်သွင်းစဉ်းစားပေး ပြောင်းလဲပေးဖို့လိုနေပြီ။
ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းမှာ အထက်က ဖြစ်ခဲ့သလိုပေါ့။ ဖြစ်လိုက်ရင် တရားခံရှာ အပြစ်ပြော လက်ညိုးထိုးနေတတ်ကြတယ်။ တကယ်လို့ ကျွန်တော်တို့ ဆီမှာ အဲလိုဂေဟာလေးရှိပြီး ကလေးလေးဟာ အဲဒီမှာ ကောင်းမွန်စွာ မွေးဖွားလာမယ်။ နောက် စနစ်တကျ မွေးဖွားပြုစုပျိုးထောင်ပေးမဲ့ သူတွေလက်ထဲ ရောက်ကြမယ်။ နောင်တချိန် နိုင်ငံတော်က အားကိုးရတဲ့ သားကောင်း ရတနာလေးတွေ ဖြစ်လာခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်။ ကျွန်တော်တို့တွေက ဒီလို ဂေဟာကြီးလည်း တည်ထောင်နိုင်မဲ့ အခြေအနေမှာလည်း မရှိသေးဘူး။ ဒီလို ကလေးတယောက် ပြုစု မွေးစားပေးနိုင်သေးတာလဲ မဟုတ်။ ဒီတော့ ကျွန်တော်တို့ လုပ်နိုင်တာတခုက အဲဒီလို အခက်အခဲတွေနဲ့ ကြုံလာတဲ့ သူတွေကို မဝေဖန် မတိုက်ခိုက်ကြဘဲ သတ္တိရှိရှိ လူ့အသိုင်းအ၀ိုင်း အလယ် ရဲရဲဝံ၀ံ မွေးဖွားနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင်တော့ ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဝေဖန် တိုက်ခိုက်ကြမဲ့သူတွေကိုလည်း နားလည်အောင် ရှင်းပြပေးသင့်တယ်။ သူတို့ကိုလည်း မရှု့ချဘဲ အားပေးတဲ့ ပတ်ဝန်းကျင်မျိုး တည်ဆောက်သင့်တယ်။ ဒီ single mother လေးတွေ ကလေးမွေးလာရင် မွေးစာရင်း ရအောင်တို့၊ သူတို့ ဘ၀ဟာ ဒီကလေးမွေးဖွားပြီး ပြီးသွားတာမဟုတ်ဘဲ ပတ်ဝန်ကျင်ကို ရဲဝင့်စွာ ဆက်လက် လှမ်းလျှောက်နိုင်တဲ့ အနေအထား၊ လက်ခံနိုင်တဲ့ အနေအထားဖြစ်တဲ့ လုံခြံတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကောင်းမျိုး တည်ဆောက်နိုင်ကြတယ်လို့ ယုံကြည်မိပါတယ်။
Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)