Willy Cafe & Bakery

Words
248
Reading
2 min
3y
Listen to this post
~2 min

Coffee ဆိုင်မှာ နေ့လည်စာ စားဖူးလား။
မုန့် ဘာညာ မဟုတ်ဘဲ ထမင်း စားဖူးလား။

Coffee ဆိုင် တချို့က ပေါ့ပေါ့ပါးပါး ပေါင်မုန့်၊ ကိတ်မုန့် နဲ့ အခြား မုန့်တွေတင် မကဘဲ ထမင်း၊ ခေါက်ဆွဲ အစရှိတဲ့ အနည်းငယ် လေးလေးပင်ပင် ရှိတဲ့ စားစရာတွေကို ဆိုင်ရဲ့ menu အဖြစ် ထပ်တိုး လာကြတာကို တွေ့မိပါတယ်။ ဒါကို ကြိုက်သူလည်း ရှိကောင်း ရှိမယ်၊ သဘောမကျသူလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ကျနော်ကတော့ မကြိုက်ဘူး၊ ကြိုက်တယ်ဆိုပြီး သီးသီးသန့်သန့်ကြီး မရှိနေပါဘူး။ ဆိုင်နဲ့ စားသုံးသူနဲ့ အချင်းချင်း လိုက်ဖက်ညီ အဆင်ပြေရင် ပြီးတာပါပဲလေ။ အရေးကြီးတာကလည်း ဒါပဲ မလား။ စျေးကွက်ရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေ အရ ခုလိုမျိုး menu တွေ ထပ်တိုး လာတယ်လို့ပဲ မြင်မိပါတယ်။

ဗိုက်ဆာနေတဲ့ အခါမျိုးမှာ မုန့်လောက်နဲ့ အာသီသ မပြေတာမျိုး ရှိတတ်တယ်မလား။ ထမင်းနဲ့ ကြီးလာခဲ့တဲ့သူတွေ ဆိုတော့ ထမင်းမှ မဟုတ်ရင် ဗိုက်ပြည့်သွားတယ်လို့ မခံစားရနေဘူးရယ်။ နေ့လည်စာ စားချိန်မျိုးဆို ပိုသိသာတယ်။ ထမင်းစားပြီး ကော်ဖီ သောက်ချင်တယ်၊ လက်ဖက်ရည်ဆိုင်မှာ မဟုတ်ဘဲ၊ ကော်ဖီဆိုင်မှာပဲ ဆိုရင်တော့ Willy Cafe မှာ တခေါက်လောက် သွားစမ်းထိုင်ကြည့်ပါလို့။ တခေါက် သွားထိုင်ပြီး ထပ်ထပ်သွားဖြစ်ခဲ့ရင်တော့ ကျနော်နဲ့ မဆိုင်ဘူးနော်။ ဒါက ဆိုင်နဲ့ ဆိုင်သွားပြီ။ သူ့ လက်ရာ၊ အရသာက ကိုယ့်အကြိုက်နဲ့ ကိုက်သွား တာမျိုးပေါ့။

နေ့လည်စာ မစားရသေးချိန်ရယ် နောက်ပြီး Willy မှာလည်း menu တွေ ထပ်တိုး ထားတယ် ဆိုလို့ နေ့လည်စာ စားရင်း ကော်ဖီ သောက်မယ်ကွာ ဆိုပြီး သွား ထိုင် ဖြစ်ခဲ့ပါတယ်။ ကြက်ဆီထမင်း၊ ပသျှူး ထမင်းကြော် နဲ့ ကြက်ကုန်းဘောင် ထမင်းတို့ စား ကြည့်ဖြစ်ပါတယ်။ ခေါက်ဆွဲ၊ အကြော်၊ အထောင်းနဲ့ ဟင်း တွေလည်း ရပါတယ်။ ကျနော်တို့က ထမင်း base တွေ စားကြည့်ချင်လို့ကို တမင် ထမင်းနဲ့ ပတ်သက်တာတွေ မှာ ဖြစ်သွားတာပါ။ ထုံးစံအတိုင်း ကျန်တာတွေကတော့ နောက်တခေါက် ပေါ့။

ကော်ဖီဆိုင်က လုပ်ပေးတဲ့ ထမင်းဆိုပြီး သိပ်အထင်မကြီးထားရင် မှားသွားပါလိမ့်မယ်။ အရသာပိုင်း အနေနဲ့ အတော်လေး ကောင်းပါတယ်။ ကျနော်တို့ အကြိုက်နဲ့ ကွက်တိ ကြပါတယ်။ တွဲဖက်စားဖို့ ချပေးတဲ့ ဟင်းရည်က အစ ကောင်းပါတယ်။ ကြက်ဆီထမင်းမှာပါတဲ့ ကြက်သားကတော့ နည်းနည်း သေးတယ်လို့ ထင်မိပါတယ်။ ဒါလေး တခုပါပဲ။ (ဒီပို့စ်ကို မြင်ပြီး နောက်တခါကြရင် ကြက်သား ကြီးကြီး ထည့်ပေးပါစေ)

ဗိုက်ဆာချိန်လည်း ဖြစ်နေတော့ ကျနော်တို့လည်း အပြောတွေလျော့ပြီး အစားနဲ့ပဲ သက်သေပြလိုက်ကြပါတော့တယ်။ ခဏလေးနဲ့ပဲ စားလို့ ပြီးသွား ခဲ့ပါတယ်။ စားပြီးတော့ Willy coffee သောက်ပါတယ်။ ကော်ဖီကို ခါးခါး မသောက်ချင်သူတွေ အကြိုက် ဖြစ်နိုင်ပါတယ်။ ကျနော်က အခါး ကြိုက်သူကို၊ အချိုလျော့ပေးဖို့ မပြောလိုက်ရဘူး။ (ညီမလေး အပြုံးလောက် မချိုနေလို့ တော်သေး)

ဆိုင် အပြင်အဆင်က ထိုင်ချင်စရာလေးပါ။ ပြီး နေရာလေးကလည်း မြို့ထဲလောက်ကျနေ ပြန်ရော။ သွားရ လာရ လွယ်ကူတော့ မထိုင်ဖူးသေးရင် သွား ထိုင်ကြည့်ပါလို့။ အသစ်တိုးထားတဲ့ menu တွေကိုလည်း မြည်းစမ်းရင်းပေါ့။

ဆိုင်လိပ်စာ

အမှတ် (၃၅/၉)၊ ငွေကြယ်ဖြူလမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့။

Facebook page

https://www.facebook.com/coffeetaunggyi?mibextid=ZbWKwL

Google map

https://maps.app.goo.gl/66ZysL6f9cFaWcmg6

ဆိုင်ဖွင့်ချိန်

မနက် (၇) နာရီမှ ည (၉) နာရီ ထိ။

#FoodMyChoice
#WillyCafe&Bakery
#PhyoeBakerySupply

Willy Cafe & Bakery | Ecency