Panda Food Express

Words
537
Reading
3 min
Listen
Play
3y

Kung Fu panda ကာတွန်းကား ကြည့်ဖူးကြလားဗျ။ ကြိုက်လည်း ကြိုက်ကြမယ် ထင်ပါရဲ့။ ကျနော်ကတော့ ဇာတ်ကား (၃) ကားလုံးကို ကြိုက်တယ်။ မကြာခဏလည်း ပြန်ပြန် ကြည့်တယ်။ Po ကို မြင်နေရတာနဲ့ကို ပျော်နေပြီ။ (၃) ကားလုံးမှာ သူ့ character က မပြောင်းသွားဘူးရယ်။ အစားအသောက် ကြိုက်တယ်၊ ပျော်ပျော် နေတတ်တယ်၊ ကွန်ဖူးကို ရူးသွပ်တယ်၊ တကယ်တော့ ရူးသွပ်တာထက် အပျင်းထူနေတာက များများပါ။ ကောင်းတာ တခုက သူ့မှာ ပါရမီ ပါတယ်။ ပါရမီ ပါလို့ပဲ အပျင်း ထူနေသလား တော့ မပြောတတ်ပေ။

တချို့သူတွေကတော့ Kung Fu panda ဇာတ်ကား (၃) ကားကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုပြီး ပြောကြတာပါပဲ။ လက်ခံသူလည်း ရှိမယ်၊ လက်မခံသူလည်း ရှိမယ်။ လက်ခံပြီး အတွေးတူခဲ့ရင် ဘယ်ဇာတ်ကားက ဘာဆိုတာကတော့ မိတ်ဆွေတို့ ကိုယ့်ကိုပဲ စာရင်းတို့ကြည့်ပေါ့။ ကျနော်ကတော့ ဒီအတိုင်း သဘောကျချင်လို့ကို ကျတာ။

Kung Fu panda 3 ထဲက Kai ကလည်း ကျနော် သဘောကျမိတဲ့ ဇာတ်ကောင် တခုပါပဲ။ အကြိုက်ဆုံးကတော့ သူ ပေါ်ထွက်လာရင် တပါတည်း ပါလာတဲ့ တီးလုံးသံ (theme song) ပဲ။ imagine dragons ရဲ့ I'm sorry သီချင်းကိုမှ style လေးပြောင်း၊ တခြား တူရိယာ၊ သံစဉ်တွေ ထပ်ဖြည့် ထားတာလေးက တကယ် မိုက်။ Kai နဲ့လည်း အဲ့ဒီ တီးလုံးလေးက လိုက်ဖက် လွန်းလှပါတယ်။

Po ကို သဘောကျမိတဲ့ နောက်တချက်က ဘာကိုပဲ စားစား၊ သေသေချာချာနဲ့ အားရပါးရ စားတာကိုပေါ့။ kung Fu panda 3 မှာ တွေ့ပါလိမ့်မယ်။ သူ့ ပန်ဒါ မျိုးနွယ်စုတွေနဲ့ ပြန်တွေ့ချိန် စားပွဲမှာပေါ့။ အစား စားဖို့ တူကိုင်လိုက်တဲ့ Po ကို တခေါက်ကို တခုပဲ စားလို့ ရမှာပေါ့ ဆိုပြီး ပြောလိုက်မှ သူ့မှာ ငါ စားနိုင်တာထက် ဘာလို့ ပိုပြီး မစားနိုင်ရလဲ ဆိုတာ အခုမှ သိပြီ ဆိုတာလေးကလည်း မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ အခန်းလေးပါပဲ။

ဒီနေ့ kung Fu panda ရဲ့ fan တွေ အတွက် Po လို အားရပါးရ တမုန်းစားလို့ ရမယ့် ဆိုင်လေး တခုနဲ့ မိတ်ဆက် ပေးပါရစေ။ ဆိုင်နာမည်က Panda Food Express ဖြစ်ပါတယ်။ kung Fu express မဟုတ်တဲ့ food express ပေါ့။

"အားလုံးကို တနေရာထဲ ရနိုင်ပါတယ်" စကားကို ကျနော်တို့ မကြာခဏ ကြားမိကြမယ် ထင်ပါရဲ့။ ခု panda food express ကလည်း အဲ့သဘောပါပဲ။ သူလည်း one stop လို့ ပြောလို့ ရမယ်။ နည်းနည်းတော့ မူကွဲတာပေါ့လေ။ All day, All week, All month လို့တောင် ပြောလို့ ရမလားပဲ။ မင့်ဟာက များရန်ကောဆိုရင် လိုတောင် လိုသေးဟု ပြောရမည်။ ဒါဆို All day (the whole day) လို့ပဲ လျှော့ ပေးလိုက်မယ်။ တရက်လောက် သွားကြည့်၊ ပြီး နောက်ထပ် ထပ်သွားကြည့်။ ဒါဆိုရင်တော့ ရုပ်လုံး ပေါ်လာမယ် ထင်ပါရဲ့။

မနက်စာ၊ နေ့လည်စာ၊ ညစာ (၃) နပ်လုံး မလွတ်စေရဘူး။ အဆာပြေ စားချိန်လည်း ရတယ်။ ညနေဖက်လေး beer လေး၊ အကင်လေးနဲ့ စားသောက် ချင်ရင်လည်း ရတယ်။ တနေရာထဲမှာ၊ တရက်တာ အတွက် အကုန်စုံလင် အဆင်တွေ ပြေလို့။ သူ့ menu တွေ ကြည့်ပြီး "အိုး" လို့ စိတ်ထဲ ရေရွတ် မိတယ်။ များလိုက်၊ စုံလိုက်တဲ့ စားစရာတွေ။ လုံးဝ အကုန်လုံး ရှိတယ်လို့ ယတိပြတ် ပြောလို့ မရပေမယ့် ဒီဒေသက လူတွေ အစားများ၊ ကြိုက်တတ်တဲ့ စားစရာတွေ၊ ပြီး ခေတ်စားနေတဲ့ စားစရာတွေ အဲ့တာလေးတွေ ရှိတယ်၊ ရတယ်။

ပြောရရင် ပန်ဒါက အောင်လအန်ဆန်းလို ချုပ်တာဗျ။ စားသုံးသူတွေကို ပြေးမလွတ်အောင် ချုပ်ထားတာ။ ဘာစား ချင်တာလဲ၊ မနက်စာ၊ နေ့လည်စာ၊ အဆာပြေ၊ ညစာ၊ သောက်စရာလား အကုန် အိုကေနော် ဆိုတာမျိုးနဲ့ ချုပ်ထားတာ။ ရွေးချယ်မှု ပြဿနာက အဲ့မှာ ထပ်တက်ပြန်ရော။ ကိုယ်စားချင်တာ မရှိလို့ ရွေးရခက်တာမျိုး မဟုတ်ဘူး။ စားချင်၊ ကြိုက်တဲ့ဟာတွေ များနေလို့ကို ရွေးရ ခက်နေတာ။

ကျနော်တို့က ညနေဖက်လောက် သွားထိုင်တာဆို‌ပေမယ့် အကင်၊ အသားဆလပ်တွေ မစားဘဲ တခြားဟာတွေ စမ်းစား ကြည့်ခဲ့ကြပါတယ်။ ကွေ့သီယို၊ ဖက်ထုပ်ကြော်၊ ယမ်ယမ်ထောင်း တို့ စားခဲ့ပါတယ်။ မနက်စာ menu ဖြစ်တဲ့ ကြာကွေးကို တွေ့လို့ ပဲကြာကွေး မှာခဲ့ပေမယ့်။ ပဲက မာနေပြီ မလို့ စားရ သိပ်အဆင်မပြေမှာစိုးလို့ပါ အကိုရေ ဆိုတာနဲ့ မစားခဲ့လိုက်ရပါဘူး။ ပဲကြာကွေးက တယောက်သော သူငယ်ချင်း အတွက် စားပေးကြည့်ဖို့ လို လို့ပါ။ အဝေးကနေပဲ လှမ်းမြင်ရပေမယ့် အီကြာကွေး အနေအထားက အတော် fine ပါတယ်။ (အယ်လယ် ကြာကွေး ဝယ်ရောင်း)

စားစရာတွေ အကုန်လုံး အဆင်ပြေပါတယ်။ ဖက်ထုပ်ကြော်ကတော့ အကြိုက်ဆုံးပါပဲ။ ဖက်ထုပ်ကြော်နဲ့ ABC နဲ့ ကွက်တိ၊ ဂွတ်။ ကျနော်တို့ ထုံးစံ ကြိုက်ရင် နှစ်ပွဲ ဆိုတော့ သိတဲ့အတိုင်း ဖက်ထုပ်ကြော် နှစ်ပွဲ ဆွဲခဲ့တယ်ပေါ့ဗျာ။ menu တွေက များလွန်းတော့ ဒီဆိုင်နဲ့ ပတ်သက်တဲ့ full view, full feeling တော့ ချပြနိုင်ဖို့ ခက် ပါလိမ့်ဦးမည်။

Service ပိုင်းကတော့ အဆင် မပြေရလောက်အောင်ကို အဆင်ပြေ လွန်းလှပါတယ်။ စားသုံးသူကို အရိပ်တကြည့်ကြည့်နဲ့ ဘာလို၊ ဘာမှာချင်လဲ ဆိုပြီး အဆင်သင့် ဖြစ်နေတာက သဘောကျစရာပါ။ ( တကယ်တမ်းက နေရ ခက်လောက်အောင် မဟုတ်ပါဘူး။ ကျနော်တို့ကကို အဲ့လို ဝန်ဆောင်မှုနဲ့ အသား မကျနေသေးလို့ပါ။ သူမထံကနေ မဟုတ်ဘဲ ပန်ဒါလေးတွေ ထံကနေ ဂရုစိုက်မှုတွေ ရတော့ ရှော့ ရသွားတဲ့ သဘောပါ။) ဆိုင်ဖွင့်စ မလို့ပဲလား ဒါမှမဟုတ် နောင်လည်း အမြဲ အဲ့လိုလေးပဲလား ဆိုတာကတော့ ကျနော်တို့ ဆက်စောင့်ကြည့်ရမှာပါလေ။ ဒါပေမယ့် အစားအသောက် ချစ်သူတွေကိုတော့ ဆိုင်ရဲ့ ပန်ဒါလေးတွေက စိတ်မပျက်စေရလောက်ဘူးလို့ ယုံကြည်မိပါရဲ့။

ဆိုင်ကျယ်ပါတယ်။ လမ်းမဘက် တနေရာ၊ အတွင်းပိုင်း တနေရာ နှစ်နေရာ သဘောမျိုးလေးဆိုတော့ အဆင်ပြေပါတယ်။ အတွင်းပိုင်းကတော့ လက်ဖက်ရည်ဆိုင် ပုံစံဆန်ပြီး လမ်းမဘက်ခြမ်းကတော့ အကင်ဆိုင် ပုံစံမျိုးလေး ဆန်ပါတယ်။ ဆိုင်အပြင်အဆင်လေးကလည်း နှစ်လိုဖွယ်ရာလေးပါ။ ခြုံ ပြောရရင်တော့ တော်တော်လေးကို အဆင်ပြေတဲ့ ဆိုင် ဖြစ်ပါကြောင်း .... ။

မနက်စာ စားမလား ပန်ဒါ
နေ့လည်စာ စားမလား ပန်ဒါ
အဆာပြေ စားမလား ပန်ဒါ
ညစာ စားမလား ပန်ဒါ
တနေ့တာ အတွက် ပန်ဒါ

( လောလောဆယ် Promotion ကာလ 20% discount လည်း ရှိနေလို့ သွားစားကြည့်ကြဖို့ အကြံပြု လိုက်ရပါတယ်ဗျ။)

ဆိုင်လိပ်စာ

အမှတ် (၁၂၄)၊ ဘုရင့်နောင်လမ်း၊ Night 38 market အနီး၊ ခြင်းလုံးရုံ မျက်နှာချင်းဆိုင်၊ မြန်မာ့ စီးပွားရေး ဘဏ် အနီး၊ လမ်းမတော်ရပ်ကွက်၊ တောင်ကြီးမြို့။

Facebook page ::
https://www.facebook.com/pandafoodexpress.tgi?mibextid=ZbWKwL

ဆိုင်ဖွင့်ချိန်

မနက် (၆) နာရီမှ ည (၉/၁၀) နာရီထိ

( ပုံလေးတွေ အများကြီး မရိုက်လာခဲ့ရလို့ တောင်းပန်ပါတယ်။ )

#PandaFoodExpress
#FoodMyChoice
#PhyoeBakerySupply

Panda Food Express | Ecency