ထိုကဲ့သို့ တနေ့တနေ့ ကျူရှင်ဆင်းချိန် မတိုင်မီ ဆင်း၊ ထို့နောက် Game ဆိုင်ဝင် game ဆော့နှင့် တော်တော်လေးကို အဆင်ပြေနေတော့၏။ Game ဆိုင်ရောက်လျှင် သူက player 1 ကိုင်မယ်၊ ငါက player 1 ကိုင်မယ် စသည်ဖြင့် ဂိမ်းခလုတ် လုကြတော့၏။ ထိုစဉ်က ဘာလို့ရယ် မသိ၊ ကျနော်တို့ အပြင် အခြား game ဆော့သူများသည်လည်း ထိုကဲ့သို့ပင် ဂိမ်းခလုတ် လုကြ၏။ ဘောလုံးကန်ချိန်များဆို သာပြီး ဆိုးတော့၏။ ကိုယ်များ ဂိုးရှူးခံလိုက်ရပြီ ဆိုလျှင် မဆီမဆိုင် ခလုတ်ကို အပြစ်တင်တော့၏။ (၂) ဂိုး၊ (၃) ဂိုးလောက်များ အသွင်းခံရပြီဆိုလျှင် ဆိုင်ရှင်ကို ခလုတ်လဲပေးဖို့ လှမ်းအော်တော့၏။ တခါတလေလည်း ခလုတ် တကယ်မကောင်းလို့ ဖြစ်၏။ တခါတလေတော့ မိမိလက်ကကို ပျက်နေခြင်း ဖြစ်၏။
ထိုအခါမျိုး၌ ခလုတ်မကောင်းဘူး လဲမယ်ကွာဆိုပြီး ကစားနေရင်း တန်းလန်း pause ကို နှိပ်ထားလိုက်၏။ ထို့နောက် ခလုတ်လဲ၏။ ထိုကာလအတွင်း တဖက်သူ၏ စိတ်ဈန်ဝင်စားမှု၊ Game Tempo ကိုလျှော့ချ လို့ ရသည် မဟုတ်လား။ အပြင်က တကယ့်ဘောလုံးပွဲတွေလိုပေါ့။ ကျနော်တို့ သူငယ်ချင်းတွေက လက်ရည်တူ၏။ သို့ပေမယ့်လည်း တယောက်ယောက်က လက်မြူးတဲ့ ရက်မျိုးဆိုလျှင် ဂိုးပြတ်နှင့် နိုင်သလို၊ ဂိုးပြတ်နှင့်လည်း ရှုံးကြ၏။ ထိုစဉ်က မိမိလက်ထဲ ဂိမ်းခလုတ် ရှိနေချိန်သည် ငယ်ဘ၀၏ အပျော်ဆုံးအချိန်များထဲတွင် တစိတ်တဒေသ အဖြစ် ပါဝင်၏။
photo from Google
ထို့ပြင် ဆိုင်ရှင်က ဘယ်လောက် ဆော့မှာလည်း ဟု မေးလျှင် စမှတ်ဟု ဖြေနိုင်သူသည် ဆရာကြီး ဖြစ်၏။ ဂိမ်းဆော့ဖော် ဆော့ဖက်များကြား အထင်ကြီး အားကြရသူ ဖြစ်၏။ ဂိမ်းဆော့သူ အများစုက နာရီဝက်၊ တနာရီလောက်သာ အများဆုံး ဆော့နိုင်ကြသည်ကိုး။ ထိုစဉ်က ဂိမ်းဆော့သူများကြားတွင် စမှတ်ဟု ပြောပြီး ဆော့နိုင်သူများသည် ငွေကြေးတတ်နိုင်သူများ၊ မုန့်ဖိုးများစွာ ရသူများ ဖြစ်ကြ၏။
(၁၀) တန်း ကျောင်းသား ဘ၀တွင် စမှတ်ဟု ပြောပြီး မဆော့နိုင်ခဲ့သော်လည်း၊ (၁၀) တန်း ကျောင်းသားဘ၀ပြီးနောက်ပိုင်းတွင်တော့ ထိုစဉ်က လူငယ်တိုင်း၏ အိပ်မက် ဖြစ်သည့် စမှတ်ဆိုပြီး ပြောကာ ဆော့လာနိုင်ခဲ့၏။ ဆယ်တန်းကျောင်းသား အရွယ်တုန်းက ဂိမ်းဆော့ကောင်းလို့ အရိုက်ခံရဖူး၏။ (ထိုအကြောင်းကို ယခင်ကလည်း ရေးသားဖူး၏။ မဖတ်လိုက်ရသည့် သူများအတွက် အတန်ငယ် ပြန်လည်ပြီး ပြောပြလို၏။) ကျူရှင်ချိန် စောပြီးလျှင် ဂိမ်းဆော့နေကြသည်မှာ နေ့စဉ်လိုလို ဖြစ်နေတော့၏။ တနာရီလောက်ပဲ ဆော့လျှင် အိမ်သို့ အချိန်မီ ပြန်ရောက်နိုင်၏။ သို့သော် နောက်ပိုင်း ဂိမ်းဆော့ရာသည်ကို ပိုမိုနှစ်သက်လာသောကြောင့် ကျနော်တို့သည် ယခင်ဆော့ကစားနေကြ တနာရီထက် တနာရီခွဲ၊ နှစ်နာရီ စသည်ဖြင့် အချိန်တိုးလို့လာတော့၏။
အိမ်ပြန်နောက်ကျလို့ အမေက မေးလျှင် ကျူရှင်မှာ ဆရာမက စာတွေ အများကြီး တွက်ခိုင်းနေလို့ ဆိုပြီး ခပ်တည်တည်နှင့် လိမ်တော့၏။ အမေကလည်း ယုံ၏။ တရက် ကံဆိုးချင်တော့ ထိုဂိမ်းဆိုင်မှာ ဂိမ်းဆော့နေသော ကျနော့်ကို အမေ တွေ့သွား၏။ အိမ်နားက ကုန်စုံဆိုင်တွင် အမေလိုချင်သည့် ပစ္စည်း မရှိသောကြောင့် ယခုဂိမ်းဆိုင်နှင့် တွဲဖွင့်ထားသည့် ကုန်စုံဆိုင်သို့ ဈေးလာဝယ်ရင်းနှင့် ကျနော့်ကို တွေ့သွားခြင်း ဖြစ်၏။ အမေသည် ဘာမျှ မပြောပဲ အသာလေး အိမ်ပြန်သွား၏။ ကျနော်ပင် မသိလိုက်ပေ။ အိမ်ပြန်ရောက်တာ့ ယခင်ရက်များအတိုင်း ဘာလို့ နောက်ကျသလဲဟု အမေက မေး၏။ ကျနော်ကလည်း ယခင်အတိုင်း ဖြေ၏။ ထိုအခါမှ အမေက ဆရာမက ဂိမ်းဆိုင်မှ အိမ်စာတွေ တွက်ခိုင်းလိုက်တာပေါ့ ဟုတ်လား ဟု ဆိုတော့ ကျနော့်တွင် ပြောစရာ စကားမရှိတော့ပေ။ အမေ ကျနော့်ကို ရိုက်၏။ နောင်ထိုသို့ မလုပ်ရန် ပြော၏။
photo from Google
အမေ ထံမှ အရိုက်ခံရပြီးနောက် တပတ်လောက်တာ့ ဂိမ်းမဆော့ပဲ နေ၏။ သူငယ်ချင်းများ ၀င်ဆော့လျှင်လည်း မဆော့ပဲ ကျူရှင်မှာသာ စာထိုင်တွက်နေရင်း ကျန်ခဲ့၏။ သို့ပေမယ့် ကြာကြာ တောင့်မခံနိုင်ပေ။ သူငယ်ချင်းများက ခေါ်လွန်းသဖြင့် ဂိမ်းဆိုင်သို့ တဖန် ပြန်ရောက်ပြန်၏။ အိမ်ပြန်ရောက်သင့်သည့် အချိန်ကို သေချာ တွက်ဆပြီး ပြန်၏။ သို့သော် တရက်သားမှာ ဂိမ်းထဲ ဈန်ဝင်နေပြီး အိမ်ပြန်ရောက်ချိန် ကျော်သွားသည်အထိ ဂိမ်းဆော့နေမိ၏။ ကျနော့်အကြောင်း သိသည့် ကျနော့်အမေ ဖြစ်သဖြင့် အမေသည် ကျနော့်ကို ဂိမ်းဆိုင်မှာ လာရှာ၏။ တွေ့၏။ လူကြားထဲ သရုပ်ပျက်အောင် အမေသည် မည်သည့်အခါမျှ မလုပ်ပေ။ သားခဏနေ ပြန်လာနော်ဟု မှာပြီး ပြန်သွား၏။ အမေက လေသံ အေးအေး လေးနှင့်သာ မှာသွားခြင်း ဖြစ်၏။ သို့သော် ထိုလေသံကို ကျနော် သိ၏။ ထိုအသံသည် တိုက်ပွဲခေါ်သံ ဖြစ်၏။
အိမ်ပြန်ရောက်တော့ ကျနော် အရိုက်ခံရ၏။ ရှေ့တခေါက်ကထက် ပိုဆိုး၏။ ယုံကြည်မှုကို အလွဲသုံးစား လုပ်သည်ဟု ဆိုကာ ယခင်အခေါက်ကထက် အမေ ပိုပြီး ရိုက်၏။ ကိုယ့်အပြစ်နှင့် ကိုယ် ဖြစ်သဖြင့် ကျနော် မငိုပေ။ တုတ်နှင့် ရိုက်သည်က မနာပေ။ အမေ၏ ယုံကြည်မှုကို အလွဲသုံးစား မလုပ်နှင့် စကားသည် နာ၏၊ ရင်ထဲထိ နာ၏။ စိတ်လည်း မကောင်းပေ။ ထို့ကြောင့် နောက်နောင် ဂိမ်းမဆော့ တော့ရန် ကျနော် ဆုံးဖြတ်လိုက်၏။ ကျနော် အမေ့ကို သနား၏။ သို့သော် နောက်ပိုင်း စာသင်ချိန်ကြောင့် အမှန်တကယ် ကျူရှင်နောက်ကျသည့် အခါမျိုးမှာ ကျနော် မည်သို့ပင် ပြောပြော အမေ မယုံတော့ပေ။ ယုံကြည်မှု တခုသည် တည်ဆောက်ရ ခက်ပေမယ့် ပျက်သွားဖို့က အလွန်မှပဲ လွယ်ကူလွန်းလှ၏။
ဆက်ပါဦးမည်
Don Jaun
MSC 31