တနေ့ တနေ့ ဘာလုပ်လို့ ဘာနေ နေမှန်းကို မသိပေ။ ဘာလုပ်ရမလဲ တွေးနေရင်းက ဘာမှလည်း မလုပ်ဖြစ်နေပေ။ ကျနော်ကား comfort zone အကြီးကြီးထဲ ပျော်ဝင်နေခဲ့ပြီး ဖြစ်မည် ထင်၏။ လက်ရှိ နိုင်ငံရေး အခြေအနေကြီးထဲမှာ အသားကျသွားတာလား ဆိုတော့ မဟုတ်ပေ။ လက်ရှိ အခြေအနေမှာ အသားကျသွားစရာ အကြောင်း တစက်ကလေးမှ မရှိပေ။ ဒီအတိုင်း ကျနော့် တကိုယ်ရေစာ comfort zone ကို ဆိုလိုခြင်း ဖြစ်၏။
ခုတလော မီးကလည်း လာချင်သလိုတွေ လာနေတော့ ဂိမ်းလည်း သိပ်မဆော့ ဖြစ်တော့ပေ။ power bank နောက်တခုတော့ လိုရမယ်ရ ထပ်ဝယ်ထားရဦးမည်ထင်။ ခု ရှိသည့် တခုထဲကို phone လည်း အားသွင်း တခါတလေ ကလေးတွေ online class ရှိချိန်မျိုးကြ router ကို power ကျွေးခြင်း အတွက်လည်း သုံးနေရသေးတယ်။ တခုထဲနဲ့လည်း ရသည် ဆိုပေမယ့် နောက်တခု ရှိလျှင်တော့ ပိုကောင်းမည်။ မီးက ရှေ့လျောက် ပိုဆိုးလာနိုင်၏။
ထွက်ပေါက် ပိတ်ပိတ်လာသော ကြင်စိုးတို့ အဖို့ ပြည်သူတွေကို ထပ်နှိပ်စက်ဖို့သာ အတွေးထဲ ရှိနေပေလိမ့်မည်။ pdf တွေကပဲ ငါတို့ကို တွန်းလှန် နေတာပါလေဟု ရသေ့စိတ်ဖြေ လုပ်နေကြပေမယ့် တကယ်တမ်းက ပြည်သူ အားလုံး နှီးပါးက ကြင်စိုးတို့ တသိုက်ကို အော့နှလုံးနာ ရွံရှာ မုန်းတီးလို့ နေကြ၏။ လက်နက်သာ အလုံအလောက် ရပါစေ လက်ရှိ ရရှားကို ပြန်လည်ခုခံတိုက်ခိုက်နေသည့် ယူကရိန်း ပြည်သူတွေလို မြန်မာ ပြည်သူတွေလည်း တော်လှန်ရေးကြီးထဲ ပိုပြီး အတွင်းကျကျ ပါဝင်လာနိုင်၏။
မြို့သိမ်းတိုက်ပွဲတွေ အတွက် ပြည်သူတွေလည်း ပြင်ဆင်ထားနိုင်၏။ ယခုလို အခြေအနေကြီး မကြာရှည်နေဖို့ လို၏။ ခုက fail state သို့ ဦးတည်နေခဲ့ပြီ ဖြစ်၏။ ထို state ကို ကျော်လွန်နိုင်ဖို့ကား ကြင်စိုးတို့ကို ဖြုတ်ချ နိုင်မှသာ ရနိုင်ပေလိမ့်မည်။ ကြင်စိုးတို့ သက်ဆိုးရှည်လေလေ တိုင်းပြည်လည်း နွံထဲ ပိုနစ်လေလေပင် ဖြစ်၏။
ကြင်စိုးတို့က ကြွက်မနိုင် ကျီမီးနဲ့ရှို့ ဆိုသည့်အတိုင်း pdf တွေကို မနိုင်သဖြင့် ပြည်သူတွေ နေထိုင်သည့် အိမ်၊ ရွာ၊ မြို့တွေကို မီးရှို့ပြီး ဖျက်ဆီး ကြလေတော့၏။ သူတို့ကား ပြည်သူတွေကို ရန်ဖက်အဖြစ် သက်မှတ်လို့ ထားခဲ့ကြပြီး ဖြစ်၏။ ပြည်သူတွေ ဘက်ကလည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ ရန်ငါးရန် ပြတ်ပြီး ဖြစ်၏။ ကမ်းကုန်အောင် ယုတ်မာ ရိုင်းစိုင်းသူတို့အား ခွင့်လွှတ်ဖို့ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပေ။ မသိလို့ လုပ်ခြင်း မဟုတ်ဘဲ သိသိရဲ့နဲ့ ပျော်ပျော်ကြီး အဖျက်အမှောင့်တွေကို လုပ်နေကြခြင်း ဖြစ်ချေ၏။
အနှေးနဲ့ အမြန်တော့ သံသရာက တပတ်လည်လာပေလိမ့်မည်။ အချိန်တန်ရင်တော့ စိုက်သည့်အတိုင်း ရိတ်သိမ်းကြရပေလိမ့်မည်။ လူယုတ်မာများ ခံနိုင်ရည် ရှိမရှိကို စောင့်ကြည့် ရပေလိမ့်မည်။