ပိန္နဲသီးက အပင်မှာ တလုံးထဲသာ ကျန်တော့၏။ ဒီနေ့ တလောက ခူးထားသည့် အသီးကို ခွဲ၏။ သူငယ်ချင်းနဲ့ အိမ်နားနီးချင်းတွေကို ဝေပေး ဖြစ်၏။ အနှီ အလုံးသည်လည်း အပင်ပေါ်မှာတင် အသီးက အက်နေခဲ့ပြီး ဖြစ်၏။ ယခုနှစ် အသီးတွေက ထိုသို့ ဖြစ်ဖြစ်နေတာ အတော်လေး ဆိုးလှ၏။ နောက်ဆုံး ကျန်တဲ့တလုံးတော့ ထိုသို့ မဖြစ်ဖို့ မျှော်လင့်မိ၏။
နောက်ဆုံးကျန်တဲ့တလုံးက အလုံး မကြီးသေးပေ။ အချိန်တော့ စောင့်ရပေလိမ့်ဦးမည်။ အဆင်ပြေမယ်ဆိုရင်တော့ ဒီတလုံးကိုလည်း ဘုန်းကြီးကျောင်းသို့ လှူချင်သေး၏။ လွန်ခဲ့သော နှစ်လ လောက်တုန်းကတော့ ဘုန်းကြီးကျောင်းသို့ သွားရောက် လှူ ဖြစ်သေး၏။ ထိုအလုံးက အတော်လေး ကြီး၏။ ထို့နောက်မှာတော့ ထပ်မလှူ ဖြစ်တော့ပေ။ အလုံးတွေက အပင်ပေါ်မှာတင် ကွဲကွဲနေတော့ ကျောင်းပို့ဖို့ရာ မည်သို့ အဆင်မပြေလှပေ။
ထိုသို့သော အလုံးမျိုးတွေကိုကကြ ခွဲပြီး အဆံထုတ်ကာ ဆွမ်းခံကြွသည့် သံဃာတွေကို လှူဖြစ်၏။ ဒီနှစ်က ပိန္နဲသီး အတော်လေး ခွဲရသည့် နှစ်ဟု ပြောရမည် ထင်၏။ အသီးတွေက အပင်မှာတင် အလုံးလိုက် လက်ဆောင်ပေးလို့ မရသဖြင့် ကိုယ်တိုင် ကိုယ်ကျ ခွဲပြီး အဆံထုတ်ကာ လက်ဆောင်ပေး ရတော့၏။ ဒိုင်ခံ ခွဲပေးရသည့် အမေ့ခမြာ တတွတ်တွတ်နဲ့ ရေရွတ်နေတော့၏။ ထိုအခါမျိုးဆို အမေက အပင်က ခုတ်ပစ်မှ ထင်တယ် ပြောလို့ အပင်က ပြန်ပြီးတော့ အမေ့ကို အလုပ်ပိုအောင် လုပ်တာဟု ကျနော် စလေ့ ရှိ၏။
မည်သို့ပင် ဆိုစေ သီးပင်စားပင်လေး ရှိတော့ ကိုယ်လည်း စားရ၊ အသိမိတ်ဆွေတွေလည်း စားရတာပေါ့။ နောက်တရာသီ ပြန်သီးချိန်တွင်တော့ အဆင်ပြေပြေ ဖြစ်မည့် အသီးလေးတွေ ရချင် မြင်ချင်မိပါ၏။