တာဝန်ကျေပြီး ကိုယ်ချင်းစာ တတ်ပါစေ

Words
206
Reading
1 min
Listen
Play
3y

တရက်က တူလေး၊ တူမလေးတို့၏ online class မှ ဆရာမက အကြောင်းအရာလေးတခု ကလေးတွေကို မေး၏။

ညနေခင်း တခုမှာ မေမေက ထမင်း၊ ဟင်းချက်ဖို့ ပြင်ဆင်နေတယ်၊ ညီမလေးက ဗိုက်ဆာလို့ ငိုနေတယ်။ အဲ့ဒီအချိန်မှာ သူငယ်ချင်းတွေ ကိုယ့်ကို ကစားဖို့ လာခေါ်ရင် ဘာလုပ် မလဲပေါ့။

ကလေးတွေက သူတို့ တွေး၊ သူတို့ ခံစား မိသည့် အတိုင်း ဖြေကြ၏။ အဖြေတွေတော့ မတူကြပေ။ သူငယ်ချင်းတွေကို မေမေ ဟင်းချက်တာ ကူခိုင်းပြီး သူက ညီမလေးကို ထိန်းမယ်၊ သူငယ်ချင်းတွေကို ညီမလေး ထိန်းခိုင်းပြီး သူကကြ မေမေ့ကို ကူမယ်၊ သူငယ်ချင်းတွေကို သူ နှင့်အတူ မေမေ့လည်း ကူလုပ်၊ ညီမလည်းလည်း ထိန်းကူခိုင်းမယ် ပြီးမှ ကစားကြမယ် အစရှိသဖြင့်ပေါ့။

ကလေး တ‌‌ယောက်ကကြ မေမေ့ကို ကူလုပ်ပေးမှာမို့ သူငယ်ချင်းတွေကို ဒီနေ့တော့ မကစားတော့ဘူးလို့ ပြောမယ်ဟု ဆို၏။ ထိုအခါ ဆရာမက အဲ့လိုဆိုရင် ကလေးကကော အဆင်ပြေလို့လား၊ ကလေးက သူငယ်ချင်းတွေနဲ့ မကစားချင်ဘူးလား၊ မေမေ့ကိုပဲ ကူပေးပြီး ကိုယ်က မကစားရရင်ကော အဆင်ပြေရဲ့လားပေါ့။ ကလေး တချက်ငြိမ်သွား၏။ မပြေဘူး လေ၊ ဘယ်လိုလုပ် ပြေမလဲ။ ကလေးသူငယ် သဘာဝအရ ဆော့ကစားချင်မှာ အသေအချာပင်။ ကလေးလည်း သေချာ ပြန်စဉ်းစားပြီးနောက် သူငယ်ချင်းတွေ အကူအညီဖြင့် အိမ်အလုပ်၊ ညီမလေး ကိစ္စများကို လုပ်ကူပြီးနောက် ကစားမယ်ဆိုပြီး ဖြစ်သွား၏။

တခါတလေမှာ ကလေးတွေရဲ့ အတွေးက ဖြူလွန်း၏။ ရိုးရှင်း၏။ သူတို့ အတွေးလေးနဲ့ သူတို့ မိမိချစ်ခင်ရသူကို ကူညီ အဆင်ပြေကြစေလို၏။ ကလေးတွေနှင့် ဆရာမ အပြန်အလှန် ပြောကြသော စကားများကို ကြားပြီးနောက် ကျနော့်မှာလည်း တွေးစရာတွေ များသွားခဲ့၏။

ကလေးတွေက ကလေးဆန်ပေမယ့် လူကြီးတွေက လူကြီးမဆန်ကြတာမျိုးပေါ့။ ဥပမာ တချို့မိဘတွေပေါ့။ အိမ်ထောင်ရယ်လို့ ပြုဖို့က လွယ်သလား၊ ခက်သလား ကျနော်မသိပေ။ ဒါပေမယ့် အိမ်ထောင် တခု တည်မြဲဖို့တော့ ခက်မှန်း၊ သေချာ တည်ဆောက်ဖို့ လိုမှန်း ကျနော်သိ၏။ ဘဝမှာ အောင်မြင်ဖို့ မလွယ်ပေ။ ထို့ထက် အောင်မြင်မှုကို ထိန်းထားနိုင်ဖို့က ပိုပြီး ခက်မယ် ထင်၏။

ဆရာမ မေးသည့် အကြောင်းအရာက လက်ရှိ မြန်မာ့ လူမှု အသိုင်းအဝိုင်းမှာ ဖြစ်နေကြအရာပင်။ အစီအစဉ် မထားဘဲ ကလေးယူ၊ ရှေ့ကလေး နောက်ကလေး အသက်က သိပ်မကွာ၊ အဆင်ပြေသည့် မိသားစုဆို သိပ်ကိစ္စ မရှိ။ ထိုသို့ မဟုတ်ရင် စားရေးသောက်ရေး အတွက် ရုန်းကန်ရတာ တမျိုး ကလေးတွေကို စိတ်သေလက်ချ မရှိရတာက တမျိုးနဲ့ အတော်လေး ကသီပေလိမ့်မည်။

မွေးလာမည့် ကလေးက မိဘ ရွေးခွင့် မရှိပေမယ့် မိဘကတော့ ဘယ်အချိန် ဘယ်အခါမှ ကလေးယူမယ်ကို ရွေးလို့ရ၏။ မိဘတိုင်း ကလေးတိုင်းကို ကလေးသဘာဝ၊ ကလေး အခွင့်အရေး အပြည့်အဝ ဖန်တီး လုပ်ဆောင်ပေးပြီး သာယာ ပျော်ရွှင်သော မိသားစု ဘဝလေး တည်ဆောက် နိုင်ကြပါစေ။