ကံတရားက ဆန်း၏။ ဆန်းတယ် ဆိုတာထက် ရယ်စရာ ကောင်းတာပါ။ United အမျိုးသား အသင်းလိုပဲ အမျိုးသမီးအသင်းကလည်း WSL အဖွင့်ပွဲမှာ ရှုံးပွဲနဲ့ တွေ့ကြုံသွားခဲ့၏။ ဒီနေ့ မနက် ၁၂ နာရီခွဲမှာ ကစားသွားသည့် London City Lionesses နှင့် ပွဲမှာ ၂-၁ ဖြင့် ရှုံးနိမ့်သွားရခြင်း ဖြစ်၏။ ပထမပိုင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့် နေခဲ့ပြီး ဒုတိယပိုင်း ၈၂ မိနစ် မှာ အိမ်ရှင် အသင်းက ဒုတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူ၏။ ၉၀+၁၀ မိနစ်မှာမှ United တို့ ချေပဂိုး ၁ ဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။
ခံသာတာက အမျိုးသားအသင်းလို ၂-၀ နဲ့ မဟုတ်ဘဲ ၂-၁ နဲ့ ရှုံးလို့။ ကစားသမားတွေ ရောင်းထုတ်ထားပြီး ကစားသမား ဖြည့်တင်းမှု မရှိနေတာကတော့ အမျိုးသားကော အမျိုးသမီးအသင်းကော တူ၏။ အမျိုးသမီးအသင်းက ပိုဆိုးမည်ထင်။ လူသစ် မဖြည့်တင်းထားနိုင်ရင်လည်း အကယ်ဒမီထွက် လူငယ်ကစားသမားတွေ သုံးပေါ့။
မနေ့က United Women အသင်း၏ ခြေစွမ်းက ပုံမှန်အောက်ကို ရောက်နေခဲ့၏။ FA Cup ချန်ပီယံ ဖြစ်ခဲ့သည့် နှစ်က ခြေစွမ်းမျိုး ထပ်မမြင်ရတာ အတော်ကြာခဲ့ပြီ။ Russo အသင်း ပြောင်းသွားပြီးနောက် ကိုယ်တွေ Toone လည်း ကစားဖော် ကစားဖက် မဲ့နေသလိုပင်။ ယခင်က United မှာ သူတို့ နှစ်ယောက် အတော်လေး အတွဲညီခဲ့သည် မဟုတ်လား။ England လက်ရွေးစဉ်အသင်းမှာလည်း ထိုနည်း၎င်းပင်။
Russo က Arsenal women အသင်းကို ပြောင်းသွားပြီး UCL တွေပါ ရလိုက်သေး၏။ ထိုနှစ် Arsenal အသင်းကို အချို့တွေက စနောက်ကြသေး၏။ အမျိုးသမီးအသင်းတောင် UCL ချန်ပီယံ ဖြစ်ပြီ အမျိုးသားအသင်းက ဘယ်တော့လဲ ဆိုပြီးတော့ပေါ့။ တကယ်တော့ ၂၀၂၄/၂၅ မှာ ပထမဆုံး ချန်ပီယံ စဖြစ်ခြင်း မဟုတ်ပေ။ ၂၀၀၆/၀၇ မှာ ပထမဆုံး အကြိမ် အဖြစ် UCL ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အမျိုးသမီးအသင်းက UCL ချန်ပီယံ ၂ ကြိမ် ဖြစ်ထားပြီး ဖြစ်၏။
WSL အပြင် မနက် မနက် ၁ နာရီခွဲမှာ EPL ပွဲစဉ် ၁ ပွဲ ဖြစ်သည့် Ipswich vs Liverpool တို့ ကစားသွားခဲ့၏။ သရေ ၂ ပွဲဆက် ကျခဲ့သည့် Liverpool အနေဖြင့် နိုင်ပွဲ စတင် ရရှိသွားခဲ့၏။ တန်းတက် Ipswich အနေဖြင့် အသင်းကြီး ၂ သင်းနဲ့ နှစ်ပတ်ဆက် ရင်ဆိုင်တွေ့ရခြင်း ဖြစ်ပြီး ၂ ပွဲလုံး ရှုံးနိမ့်သွားခဲ့ရလေ၏။
(photos WSL page)