ထိုရေမြောင်းက မိုးတွင်းအခါဆိုလျှင် ရေတော်တော်လေး စီး၏။ ကျန် ရာသီ အချိန်များဆိုလျှင်တော့ ရေသိပ်မရှိလှပေ။ ပြောရလျှင်တော့ ရက်ကွက်၏ ရေထုတ်မြောင်း တခု ဖြစ်၏။ ထိုမြောင်းဘေး (ယခု ပြင်သည့်လမ်း) လမ်းကို ယခင်တုန်းကတော့ ဘေးအုတ်ခုံလေးများနှင့် စီထား၏။ ယခု လမ်းပြန်ပြင်လိုက်သည့် အခါမှတော့ ပလပ်ဖောင်းနှင့် သံလက်ရမ်းတန်းလေးများနှင့် ကာရန်ထားပေးလိုက်၏။ ပလပ်ဖောင်းနှင့်ဆိုတော့ လမ်းလျှောက်သူများအတွက် ဘေးကင်းတာပေါ့။ သို့ပေမယ့် လမ်းပေါ်တင်မည့် ရေအတွက်တော့ ရေထုတ်မြောင်း မရှိပေ။
ယခင်တုန်းကတော့ အနှီလမ်းသည် မိုးရွာလိုက်ပါက ရေတင်တတ်ပြီး ထိုရေများက လမ်းဘေး အုတ်ခုံလေးများကနေ တဆင့် ရေမြောင်းထဲသို့ ရောက်သွားလေ့ ရှိ၏။ ယခု ပလပ်ဖောင်းနှင့် လမ်းကလေးကို အဆင့်မြင့်တင်လိုက်သည့်အခါမှာတော့ ရေထုတ်၊ ရေထွက်ပေါက်လေးများ မပါသည်ကို သတိထားမိ၏။ မိုးရွာလျှင် ရေမတင်တော့အောင်ဘဲ လမ်းကို အဆင့်မြင့်ပြီး ခင်းလိုက်သလားပေါ့။ အဘယ်ကြောင့် ပလပ်ဖောင်း၏ အောက်ခြေ နေရာ အချို့မှာ လမ်းပေါ်မှာ ရေများ ထွက်သွားစေဖို့ အပေါက်ငယ် မဖောက်ထားသလဲပေါ့။
မိုးက လူလူသူသူလည်း ရွာရော အထက်က ကျနော် တွေးပူမိသည့် ကိစ္စက ပေါ်လာတော့၏။ လမ်းပေါ်မှာ ရေများတင်ကျန်နေ၏။ မိုးတွင်းမိုးရွာတာပဲ လမ်းပေါ်မှာလည်း ရေတင်မှာပေါ့ဟု ပြောစရာ ရှိ၏။ ယခင်တုန်းက ထိုလမ်းလေးက ထိုသို့ အချိန်အကြာကြီး ရေတင်လေ့ မရှိပေ။ မြောင်းဘက်ခြမ်းမဟုတ်သည့် ဒီဘက် ရေကန်ဘက်ခြမ်းမှာပဲ ရေတင်ကျန်လေ့ ရှိ၏။ ယခု လမ်းပြင်ပြီးချိန်မှာတော့ အခြေအနေက ပိုဆိုးသွားတော့၏။ ပလပ်ဖောင်းများက အပိတ်များ ဖြစ်နေသဖြင့် မိုးတိတ်သွားပြီးသည့်တိုင် ရေများက လမ်းပေါ်မှာ တင်ကျန်နေတော့၏။ ဆိုးလိုက်သည့် ဖြစ်ခြင်း။
သို့ပေမယ့် ထိုဖြစ်ရပ်လေးက သိပ်မကြာလိုက်ပေ။ မြို့၏ တာဝန်ရှိသူများက ပြန်လည် ပြင်ဆင်ပေး၏။ ပလပ်ဖောင်း၏ အချို့နေရာများမှာ ရေများ ဆင်းရန်၊ ထွက်ရန် ရေမြောင်းငယ်လေးများ ဖောက်ပေးလိုက်၏။ အဆင်ပြေသွား၏။ ဤနေရာမှာ နည်းနည်း အတွန့်တက်စရာ ရှိ၏။ လမ်းစလုပ်၊ ပလပ်ဖောင်း စလုပ် ကတည်းက ဘာလို့ ရေမြောင်း သေးသေးလေးတွေ ထည့်မလုပ်ခဲ့တာလဲပေါ့။ ခုမှ လုပ်တော့ ပလပ်ဖောင်း အကောင်းတွေကို တူးဆွ ဖောက်ပြီးမှ မြောင်းလုပ်ရသည်ကိုး။
ထိုကဲ့သို့ နောက်မှ ပြန်လိုက်လုပ်ရသည့် ကိစ္စရပ်များအတွက် ပိုက်ဆံ ထပ်မကုန်တော့ဘူးလား။ တာဝန်ရှိသူ တဦးဦးမှ နိုင်ငံ၏ ငွေကြေးထဲမှ ထပ်မံ ထုတ်ယူသုံးစွဲခြင်း မရှိဘဲ အိတ်စိုက်ပြီး ပြုပြင် ပေးလိုက်သလားပေါ့။ စကတည်းက တပါတည်း လုပ်ခဲ့ရမည့် အလုပ်ကို အဘယ်ကြောင့် နောက်မှ ပြန်လည်ပြီး လုပ်ယူသနည်း။ ထို နောက်မှ လုပ်ယူသည့် အလုပ်က ပိုက်ဆံ မကုန်ဘဲ အလကား လုပ်လို့ ရပါ၏လော။ ကျနော့်လို မကျွမ်းကျင်သည့် သူတယောက်တောင် ထိုကဲ့သို့ ရေထွက်ပေါက် လေးများ လုပ်သင့် လုပ်ရမည်ကို သိလျှင် သက်ဆိုင်ရာ တာဝန် ရှိသူများက ထိုကိစ္စကို မသိဘူးတဲ့လား။ ယခု ကိစ္စသည် မိမိ၏ ကိုယ်ပိုင်လမ်းကို ပြင်ဆင်ခြင်း မဟုတ်ပေ။ အများသူငါ အသုံးပြုနေသည့် နိုင်ငံပိုင်လမ်းကို နိုင်ငံတော် ငွေနှင့် ပြုပြင်ခြင်း ဖြစ်၏။ အမှား အယွင်းနည်းအောင်၊ လိုအပ်ချက် မရှိအောင်၊ ထပ်မံ ကုန်ကျရခြင်း မရှိအောင် သေသေချာချာလေး လုပ်ဆာင်သင့်သည် မဟုတ်လော။ ကျနော်တို့သည် မကုန်သင့်သည့် နေရာမှာ မကုန်အောင် လုပ်ဆောင်နိုင်မှ အခြား လိုအပ်သည့် နေရာများ အတွက် သုံးရန် အသုံးစရိတ်များ ပိုလျှံလာနိုင်သည် မဟုတ်လား။ အခုတော့ …
Don Jaun
MSC 31