ဒီနေ့ Shan State Futsal League ဖွင့်ပွဲ ရှိ၏။ ပြိုင်ပွဲ ပွဲစဉ် ၃ ပွဲလည်း ကစားမည်။ ကျနော်တို့ အသင်းကတော့ မနက်ဖြန်မှ ဖြစ်၏။ ပြိုင်ပွဲ ကျင်းပဖို့ ပြင်လာတာ ၄ လ ပိုင်း ကတည်းကပင်။ ခု ၈ လပိုင်းမှသာ စဖြစ်လေတော့၏။ Futsal League ကို အသင်း ၁၀ ဖြင့် ယှဉ်ပြိုင် ကစားမည် ဖြစ်၏။ ပကျော့+ ဒုကျော့ ၂ ကျော့ ကစားရမည် ဖြစ်၏။ ၁၀ လပိုင်းထဲမှာ ပကျော့ ပြီးမည် ဖြစ်၏။ တပတ်နားပြီး ဒုတိယကျော့ ပြန်စမည် ဖြစ်၏။ ၁၂ လပိုင်းမှာ ဒုတိယကျော့ ပြီးမည် ဖြစ်၏။
အစက ဖွင့်ပွဲ လုပ်ဖြစ်ဖို့ မသေချာသေးပေ။ ထုံးစံအတိုင်း လူကြီး အားသည့် ရက် လိုက်တိုက်ပေးနေရခြင်း ဖြစ်၏။ ကနဦးက ၈ လပိုင်း ၁၀ ရက်နေ့ စတင်ဖို့ လုပ်ထား၏။ သို့ပေမဲ့ လူကြီး မအားလို့ ဆိုပြီး ၁၅ ရက် နေ့သို့ ရွှေ့၏။ ၁၅ ရက်နေ့မှာတော့ လူကြီး အားအား၊ မအားအား ဖွင့်ပွဲ မလုပ်သေးဘဲ ပြိုင်ပွဲများ ကစားထားဖို့ စီစဉ်ထား၏။ ခုကြ ဖွင့်ပွဲပါ တပါတည်း လုပ်မည်တဲ့။ ကောင်းပါတယ်။ နည်းနည်းတော့ ကသီကုန်တာပေါ့။
အသင်း အလံလိုတယ် ဆိုလို့ ထုတ်ရ၏။ ၃ ခုတဲ့လေ။ အလံတခု ဈေးကလည်း ကြောက်ဖို့ ကောင်း၏။ ၅ ပေ ၃ ပေ ကို ခြောက်သောင်းခွဲတဲ့။ ဘယ်တတ်နိုင်မလဲ လုပ်ဆိုတော့လည်း လုပ်ပေါ့။ League ပြိုင်ပွဲမို့ အခြား Cup, Tournament ပြိုင်ပွဲတွေထက် အချိန်၊ ငွေ၊ လူ အင်အား ပိုမို စိုက်ထုတ်ရ၏။ စပြီးမှတော့ အဆုံးထိ လျှောက်လှမ်း ရုံသာ။
ဒီ ပြိုင်ပွဲ အတွက် Training ကို အချိန် တခု ယူပြီး လုပ်လာခဲ့ကြ၏။ ပြီးပြည့်စုံသည့် အနေအထားမျိုး မဟုတ်သေးပေမဲ့ ယခင်ထက် စာရင်တော့ တိုးတက်လာပါ၏။ ဖြည်းဖြည်းချင်းစီပေါ့။ ကိုယ့် ထက် တောင့်တင်းတဲ့ အသင်းတွေ ပါသလို ကိုယ်နဲ့ တန်းတူ၊ ကိုယ့်ထက် လျော့သည့် အသင်းတွေလည်း ပါပေလိမ့်မည်။ ပွဲစဉ်တိုင်း အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားဖို့ စိတ်ကူး ပြင်ဆင်ထား၏။
ဒီနေ့ ဖွင့်ပွဲပြီးရင် နက်ဖြန် ကျနော်တို့ အသင်းပွဲ ဖြစ်၏။ ပြိုင်ဘက်က အသင်းကောင်း ဖြစ်၏။ ရန်ကုန် Amateur League ထိ သွားရောက် ယှဉ်ပြိုင်ထားသည့် အသင်းမှ ကစားသမား အတော်များများ ပါဝင်နေ၏။ အတွေ့အကြုံ ခြေစွမ်းကတော့ ကိုယ်တွေထက် သာ၏။ နို့ပေမဲ့ ဘောလုံးက အလုံးကြီး မလား။ ဘာ မဆို ဖြစ်သွားနိုင်၏။ သူတို့အသင်းက ကျနော်တို့ကို လျှော့တွက်ထားမှာ အမှန်ပင်။ ထိုအချက်ကို အသုံးချပြီး လိုချင်သည့် ရလဒ်ကို ဖော်ဆောင်ရမည် ဖြစ်၏။