ခုတလော မီး မှန်မှန် ပျက်နေ၏။ ယခင်ပျက်ရင် ခဏသာ။ ခုက အတော်ကြာ၏။ နေ့ခင်း ပျက်ရင် ညနေ စောင်းမှ လာ၏။ ညနေ ပျက်ရင် ညနက်မှ လာ၏။ တခါတလေ ညနက်သန်းခေါင်ကျော်လည်း ပျက်လေ့ ရှိ၏။ ဘဘကြီး လက်ထက်မှာ ပိုကောင်းလာဖို့ မရှိတာကို သိထားပါရဲ့။ နို့ပေမဲ့ ခုလောက်ထိတော့ ခက်ခဲလိမ့်မယ်လို့ မထင်ထားပေ။
ရှေ့ဘုန်းကြီး တချက်၊ နောက်ဘုန်းကြီးက နှစ်ချက်ခေါက် ဆိုသလို ဝတ်စုံချိန်းသွားတဲ့ ဘဘကြီးနောက် ဆက်ခံသည့် ကာချုပ်က ပို၍ပင် လက်စောင်းထက်နေ၏။ ပြည်သူကို နှိပ်စက်သည့် နေရာမှာပေါ့။ တော်လှန်ရေး ရှည်ကြာ လာသည် နှင့်အမျှ နေရာတော်တော်များများမှာ ခက်ခဲ ပင်ပန်းမှုတွေ ဖြစ်ပေါ်လို့ လာနေခဲ့၏။ ဘယ်တော့ ပြီးမှာလဲ ဘယ်တော့ပြီးမှာလဲ ဆိုသည့် မေးခွန်းတွေ ထွက်ပေါ်လာကြသလို ပြီးဆုံးမယ့် တနေ့ဆိုပြီး အသံမထွက် အလုပ်နဲ့ သက်သေပြနေသူတွေလည်း ရှိပါ၏။
မီး မမှန်ရသည့် ကြားထဲ ခြင်လည်း အတော်ကိုက်၏။ မိုးရာသီဆိုတော့ ခြင်ပေါများသည့် ရာသီ မဟုတ်လား။ သတိထားမိသလောက် ယခင်အချိန်တွေထက်စာရင် ခြင်တွေ ပို၍ ပေါများလို့ လာနေ၏။ ယခင်လို ခြင်ဆေး ဖြန်းပေးတာ။ ရပ်ကွက်အလိုက် ခြင်တွေကို နှိမ်နင်းတာမျိုး မရှိ၊ မတွေ့ရသလောက်ပင်။ အာဏာ တည်မြဲရေးကိုသာ ဦးတည်သူတွေအတွက် ပြည်သူဆိုတာ ဘာတန်ဖိုးမှ မရှိသည့် အရာဝတ္ထု တခုနှယ်။
ငွေကြေး တက်နိုင်သူတို့ ဆိုလာ စနစ် တပ်ဆင်ကြ၏။ လျှပ်စစ်မီးအတွက် အခြား အဆင်ပြေရာ နည်းလမ်းတွေ ရှာကြံ စဉ်းစားကြရ၏။ အခက်အခဲတွေကြား ရှင်သန်နိုင်မယ့် နည်းလမ်းကို ရှာကြံရ၏။ ကိုယ့်ထက် ဆိုးရွားခက်ခဲနေသူတွေ အများကြီး မလား။ သူတို့ အတွက်လည်း တွေးပူ၊ ဖေးကူပေးဖို့ လို၏။ ကျနော်တို့မှာ ကျနော်တို့ပဲ ရှိသည် မဟုတ်လား။
မီးပျက် ခြင်ပေါ ပါတယ်ဆို မိုးကလည်း ဒီရက်ပိုင်း အတော်လေး ရွာ၏။ နေပွင့်သည်ကို သိပ်မတွေ့ရပေ။ မိုးရာသီ ရောက်ပြီ မဟုတ်လား။ ဒီ သုံးခုက မိတ်ဖက်တွေ။ ဘယ်တော့များမှ ဒီမိတ်ဖက်တွေကို ခွဲထုတ် ဖျောက်ဖျက်ပစ်နိုင်မလဲကတော့ မပြောတတ်သေးပေ။ လောလောဆယ်တော့ မိုးရွာ မီးပျက်နေသည့် ကြားထဲ ခြင်မောင်းရင်း ဒီစာကို ရေးလိုက်ရပါ၏။