နေမကောင်း။ မနေ့ ရှေ့တနေ့ ကတည်းက လူက နေလို့ ထိုင်လို့ မကောင်းနေပေ။ ကိုယ့် ခန္ဓာကိုယ်အကြောင်း ကိုယ်သိ၏။ Fit မဖြစ်နေမှန်း ခံစားမိ၏။ လုံးဝကြီး ဖျားသွားတာမျိုးတော့ မဟုတ်သေးပြန်။ ထို့ကြောင့် ပါရာစီတမော့ အစား ဦးစု ငန်းဆေး သောက်ထားလိုက်၏။ တနင်္ဂနွေနေ့က ဖြစ်၏။ နေ့ခင်း ဦးစု သောက်ထားပြီး ညနေ Futsal Training သွားလုပ်၏။ ပြီး ထုံးစံအတိုင်း ရေချိုးပေါ့။ ရေချိုးနေရင်းက သိပ်တော့ မဟုတ်သေးဟု ခံစားမိနေ၏။ ထို့ကြောင့် ခပ်သွက်သွက် ချိုးလိုက်၏။
အိမ်ပြန်ရောက်တော့ ဆေးမသောက် ဖြစ်ဘဲ အိပ်ပျော် သွားခဲ့၏။ ညက ကောင်းကောင်း အိပ်ပျော် ပေမဲ့ အိပ်ရေး မဝသလို ခံစားနေရ၏။ မနက် ဆွမ်းလောင်းဖို့ ထချိန် လူက ချမ်းစိမ့်စိမ့် ဖြစ်နေ၏။ အင်း ဖျားပြီထင်။ ပေါင်မုန့်နဲ့ ကော်ဖီ သောက် ပြီးတော့ ဆေးသောက်၏။ ပြန်အိပ်လိုက်တာ နေ့ခင်းမှ နိုးတော့၏။ လူက အနည်းငယ်တော့ ကြည်လင်နေ၏။ သို့ပေမဲ့ ကိုက်ခဲတာမျိုးတော့ နည်းနည်း ရှိနေ၏။ နေ့လည်စာ စားပြီး ဆေးထပ်သောက်လိုက်၏။
အိပ်ရာထဲ လှဲနေပေမဲ့ ထပ်တော့ အိပ်မပျော်တော့ပေ။ ညနေ ၅ နာရီလောက် နေတော့ ဘုရားပန်း လဲ၏။ ဈေးနေ့ ဆိုတော့ အမငယ်က ဘုရားပန်းတွေ ဝယ်လာခဲ့၏။ လက်ရှိတင်ထားသည့် ပန်းတွေကလည်း အနည်းငယ် ကြာနေပြီ ဆိုတော့ လဲမှကောင်းမည်။ သိပ်ပြီး လှုပ်ချင်၊ လုပ်ချင်စိတ် မရှိနေပေမဲ့ ပန်းတွေ တရက် ထပ်ကြာနေမှာစိုးသောကြောင့် လဲဖို့ ပြင်ရ၏။
ဘုရားပန်းလဲပြီး ညစာ စားဖို့ ပြင်၏။ ဆေးထပ်သောက်ရပေလိမ့်ဦးမည်။ လူက ချမ်းစိမ့်စိမ့် ဖြစ်လာနေ၏။ မနက်ကထက် ဆိုး၏။ အိမ်က တခြားသူတွေကို ကြည့်တော့ သာမန်ပဲ။ ကျနော်တယောက်ထဲ ချမ်းတုန် နေခြင်း ဖြစ်၏။ ဆေးသောက်ပြီး အိပ်ရာထဲ ခပ်စောစော ဝင်၏။ ချက်ချင်းတော့ အိပ်မပျော်ပေ။ ဆေးအရှိန် မသက်ရောက်ခင်ထိ လူက ချမ်းတုန်နေသေး၏။ တချက်တချက် တဆစ်ဆစ် ကိုက်ခဲသေး၏။ Training ကြောင့် ပင်ပန်းထားသည့် ခန္ဓာကိုယ်က အခုမှ နာစရာနေရာတွေ ပေါ်လာသည် ထင်ပါရဲ့။
ဆေး အာနိသင် ပြတော့မှ ငြိမ်သွား၏။ ထို ငြိမ်သွားသည့် ခဏမှာ အိပ်ပျော်သွား၏။ သို့ပေမဲ့ ညသန်းခေါင်မှာ ပြန်နိုးလာတော့တာပါပဲ။ အဖျားတတ်၏။ တဟင်းဟင်း ငြီးနေရ၏။ သတိ မထားမိဘဲ သူ့သူ ငြီးနေခြင်း ဖြစ်၏။ နေမကောင်း ဖြစ်ရင် အဲ့လိုပဲ ထင်ပါရဲ့။ အဖျားတတ်ချိန် ငြီးလိုက်၊ အဖျားကျချိန် ငြိမ်သွားလိုက်နဲ့။ မိုးလင်းခါနီးမှာ ပြန် အိပ်ပျော်သွားခဲ့၏။ မနက် ဆွမ်းထ လောင်းရပေလိမ့်ဦးမည်။ ပိုစ့်တင်ဖို့ စာလည်း ရေးရပေလိမ့်ဦးမည်။ ပြီးရင် ဆေးသောက်ရပေလိမ့်မည်။ အဖျား တာရှည် မနေအောင် လုပ်ထားမှ တော်ကာကြပေလိမ့်မည်။