Stay home ကာလမှာ အလုပ် ဖြစ်ဆုံး အလုပ်က ဂိမ်းဆော့ခြင်းဟု ပြောရမည် ထင်၏။ တကယ်လည်း ဂိမ်းတော်တော် ဆော့ဖြစ်၏။ နေ့လည်နေ့ခင်းလည်း ဆော့၊ ညလည်း ဆော့၏။ ညဆို တော်တော်လေး ညနက်သည်အထိ ဆော့ ဖြစ်၏။ ညနက်သည် အထိ ဆိုတာက မှားမည် ထင်၏။ မနက် (၂) နာရီကျော်၊ (၃) နာရီ ထိုးခါနီးအထိ ဆော့တာ ဆိုတော့ အာရုဏ် တက်ခါနီးအထိ ဆော့သည်ဟု ပြောရမည် ထင်၏။ အိမ်မှာ နေသည့် ကာလ တလျှောက် ဂိမ်းလည်း ဆော့သလို၊ phone လည်း ကလိ ဖြစ်၏။
ဂိမ်းကတော့ ပင်တိုင် ML ပေါ့။ Phone ကတော့ firmware တွေ တခုပြီး တခု ပြောင်းတင်ခြင်း ဖြစ်၏။ လုပ်စရာကလည်း ဒါပဲ ရှိတာကိုး။ ခုချိန်ထိ အတန်းတွေကလည်း ပြန်မစသေးပေ။ one by one တွေလည်း မအပ်ကြသေးပေ။ မနှစ်ကတည်းက ကျနော် one by one မသင်ရခြင်း ဖြစ်၏။ ရှေ့ နှစ်တွေတုန်းကတော့ သင်ခဲ့ရသေး၏။ ပုံမှန်တန်းတွေထက်စာလျှင် one by one တွေက ပိုက်ဆံ ပိုရ၏။ ပိုလည်း သက်သာ၏။ ကလေးလည်း အဆင်ပြေ၊ ဆရာလည်း အဆင်ပြေ၏။
သို့ပေမယ့် ပိုက်ဆံ တတ်နိုင်သူတွေလောက်သာ one by one သင်နိုင်ကြ၏။ ပေးရသည့် လခကလည်း နည်းမှ မနည်းဘဲကိုး။ တနှစ်သားကဆို one by one ကလေး (၃) ယောက်လောက် ရှိ၏။ ခိုင်ရောပဲ။ ထိုနှစ်က အတော်လေး သာသာ ယာယာ ရှိလှ၏။ ပိုက်ဆံတွေလည်း စုမိ၏။ နောက်ပိုင်းနှစ်များမှာတော့ ဘာ one by one မှ မ one ရတော့ပေ။ one by one နည်းသွားပေမယ့် တန်းခွဲ (အများ) ချိန်တွေတော့ ပိုများလာ၏။ ပိုက်ဆံရ နည်းပေမယ့် သင်ပေးရသည့် ကလေး ပိုများလာ၏။
ပိုက်ဆံများများ ရသည်ကို သဘောကျပေမယ့် ကလေးများများ သင်ရခြင်းကို ပိုပြီး သဘောကျ၏။ ပင်ပန်းပေမယ့် ပျော်၏။ တပည့်များများ ရှိသည်ဆိုပြီး ဂုဏ်ယူလို့ ရ၏။ ယခင် နွေရာသီတွေတုန်းက နားရသည် ဆိုရုံသာ နားရ၏။ ယခုမှာတော့ နားရသည် ဆိုသည်ထက်တောင် လွန်လို့ နေ၏။ သင်ရိုးသစ်ပါဆိုမှ covid ကြောင့် ကျောင်းတွေ မဖွင့်နိုင်၊ သင်တန်းတွေ မစနိုင်နှင့်။ ထို့ကြောင့်ပဲ အိတ်ကပ်ဖောင်းလေးလည်း ပိန်သွားခဲ့ရ၏။ အခြား အခြားသော အလုပ် တခုခုကို ထပ်လုပ်၊ တွဲလုပ်ဖို့ covid ကနေ သင်ခန်းစာ ရခဲ့၏။ လူက အကြာကြီး နားနေရတော့ အဆင်မပြေပေ။
ငွေကြေးအားဖြင့်လည်း အဆင်မပြေသလို၊ စိတ်ခံစားမှု အရလည်း အဆင်မပြေပေ။ လူက လုပ်စရာ အလုပ်လည်း မရှိသည့်အပြင် ပိုက်ဆံပါ မရှိတော့ ခံစားမှုက မကောင်းလှပေ။ covid ရောဂါကြီး အရှင်းပျောက်ကွယ်ပြီး လုပ်ငန်းတွေ မြန်မြန် လည်ပတ်နိုင်ပါစေဆိုပြီး ဆုတောင်းနေမိ၏။