Home Stay (Chapter 213)

Words
167
Reading
1 min
6y
Listen to this post
~1 min

FB_IMG_1599214068459.jpg

(၈) ရက်နေ့ မဲပေးမှု အပြီး မဲစာရင်း ရလဒ်တွေကို ရေတွက် နေမှု အရတော့ NLD က အပြတ်အသက် အသာစီးရနေ၏။ ဒီအတိုင်းဆို ပြည်သူတွေ မျှော်မှန်းထားသည့် လုံး၀ အမှီအခို ကင်းသည့် အစိုးရသစ် တရပ် ဖွဲ့စည်းနိုင်တော့မည် ထင်၏။ နောက်မျိုးဆက်သစ်တွေ အတွက်တော့ ဝမ်းမြောက်စရာပင်။ နောင်လာမည့် ရွေးကောက်ပွဲတွေကတော့ စစ်မှန်ပြည့်ဝသည့် ပါတီစုံ ရွေးကောက်ပွဲကြီး ဖြစ်လာတော့မည် ဖြစ်၏။ တရားမျှတမှု အပြည့်နှင့်ပေါ့။ (၂၀၂၀) ရွေးကောက်ပွဲကတော့ NLD အတွက်ကော ပြည်သူတွေ အတွက်ကော ပျော်ရွှင်ရပါ၏။

ပျော်လည်း ပျော်ရသလို စိတ်လည်း ပူရ၏။ ပျော်ရွှင်မှု နှင့်အတူ အောင်ပွဲခံမှုတွေလည်း ရှိလာနိုင်သည်ကိုး။ ဟ နိုင်တာပဲ အောင်ပွဲခံရမှာပေါ့။ ဟုတ်ပါသည်။ အောင်ပွဲမခံနိုင် မပြောပါ အောင်ပွဲခံပါ။ ဖြစ်နိုင်လျှင် ကျနော် ကိုယ်တိုင်လည်း အောင်ပွဲ ခံလိုပါ၏။ သို့ပေမယ့် လောလောဆယ် အခြေအနေက covid 19 ရှိနေ၊ ဖြစ်နေသည့် အချိန် မဟုတ်လား။ လူစု လူဝေးကား အလွန်မှပင် အန္တရာယ် များလှ၏။ ခက်တာကလည်း ပွဲငတ်နေသူတွေ အဖို့ ပွဲရှာတာကလည်း အပြစ် မဟုတ်ပေ။ မြန်မာလူမျိုးတွေ မဟုတ်လား ပွဲလမ်းသဘင် အတော်လေး ကြိုက်သည့် လူမျိုး မဟုတ်လား။

ဒီအချိန်မှာ covid သာ မရှိလို့ကတော့ ကျနော် ကိုယ်တိုင်လည်း သူငယ်ချင်းတွေ စုပြီး အောင်ပွဲ ခံနေပြီ ဖြစ်၏။ ခုတော့ အိမ်ထဲမှာပဲ လက်ခမောင်း ခတ်နေရပြီ ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် လက်သန်းတွေ စည်းလုံးမှုနှင့် ပြည်သူတို့၏ အောင်ပွဲ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ ပျော်တာလည်း ပျော်ပေါ့။ သို့ပေမယ့် စည်းကမ်းလည်း လိုက်နာဖို့က လိုသေးသည် မဟုတ်လား။ covid က အရှိန်မှ မသေသေးတာ။ သွားသတိ၊ လာသတိတော့ ထားနေ၊ ရှိနေ ရဦးမည် မဟုတ်လား။

နောက်တချိန် အပြည့်အ၀ ပျော်ရဖို့ ခုချိန်မှာ ကျနော်တို့ စည်းကမ်းလိုက်နာဖို့ လို၏။ ဒီမိုကရေစီ ခရီးစဉ်က ခုမှ စမည် မဟုတ်လား။ ဒီမိုကရေစီနှင့် အသားကျအောင် ခုကတည်းက စည်းကမ်း လိုက်နာသည့် အလေ့အကျင့်ကို လုပ်ဆောင်ထားရမည် မဟုတ်လား။

(hive မှာ ပိုစ့်တင်ဖို့ စာကြိုရေးထားခြင်း ဖြစ်သဖြင့် (၉) ရက်နေ့မှာ ရေးထားပေမယ့် တင်ဖြစ်သည့် ရက်နှင့် ကြည့်လျှင်တော့ နောက်ကျမည် ထင်၏။ သည်းခံပြီး ဖတ်ပေးကြပါကုန်)

Don Jaun

Home Stay (Chapter 213) | Ecency