Tiger crystal က တောင်ကြီးမှာ သိပ်မသောက် ဖြစ်ပေ။ အမှန်တော့ သောက်ကို မသောက် ဖြစ်တာ။ လွန်ခဲ့သော (၂) နှစ်လောက် ငွေဆောင်သွားတုန်းကတော့ အဆိုပါ crystal က ပင်တိုင် ရွေးချယ်ခံ ဖြစ်၏။ အပူပိုင်းလည်း ဖြစ်၊ ကမ်းခြေလည်း ဖြစ်တော့ ABC နှင့် အဆင်မပြေပေ။ ABC က ပူူသည့် အချိန်ဆိုလျှင် သောက်လို့ မကောင်းပေ။ ထို့ပြင် ငွေဆောင်မှာ တုန်းက tiger crystal တွေကို ရန်ကုန်ကနေ ပုံးလိုက် သယ်လာခြင်း ဖြစ်၏။ ထို့ကြောင့် နေ့တိုင်း သောက်၏။ နေ့ကော ညကောပေ့ါ။ ကိုယ်တွေက ABC fan ဆိုတော့ tiger crystal လောက်နှင့် ဘာမှ မဖြစ်ပေ။ နေလို့ ထိုင်လို့ ကောင်းရုံလောက်သာ။
ငွေဆောင်ကနေ ပြန်လာခဲ့ပြီးနောက် တောင်ကြီးမှာ တခါသားပဲ သောက်ဖြစ်သေး၏။ ခုတကြိမ်နှင့် ဆိုလျှင်တော့ (၂) ကြိမ်မြောက် ဖြစ်၏။ ငွေဆောင်က ပြန်လာခဲ့ပြီးပေမယ့် အဆိုပါ tiger crystal ကို သောက်လိုက်တိုင်း ငွေဆောင် ရောက်သွားသလိုပဲ ခံစားနေရ၏။ အင်းပေါ့ ခုလို ခရီးတွေ မသွားနိုင်ခင်မှာ စိတ်ကူးလေးနှင့် ငွေဆောင် ရောက်ခွင့် ရလည်း နည်းလား။ တောင်တက်လမ်း တလျှောက် ကျနော်တို့ ကားလေး ဖြည်းဖြည်း မောင်းလာခဲ့၏။ လမ်းလေးကတော့ ရှင်းနေ၏။
သို့ပေမယ့် ရွှေဘုန်းပွင့် ဘုရားနား အရောက်မှာတော့ ကားတွေ၊ လူတွေကို အုပ်လိုက်ကြီး ဘွားကနဲ တွေ့လိုက်ရ၏။ covid ကာလ ဆိုင်တွေက ပိတ်၊ ဟိုလည်း သွားမရ၊ ဒီလည်း သွားမရနှင့်ဆိုတော့ လူလာနည်းသည့် လူစုစု ရှိဖို့ နည်းသည့် နေရာသို့ လာရောက်လည်ပတ်ကြခြင်း ဖြစ်ပေလိမ့်မည်။ အတွေးတူသူတွေ များသွားတော့ စည်ကားသွားခြင်း ဖြစ်မည် ထင်၏။ ဘုရား နားတင် မဟုတ်၊ တော်ပေါ် ဟိုတယ်နားမှာလည်း လူတွေ ကားတွေ စည်ကားလို့။ သတင်းကျွတ် လပြည့်ကျော် တရက်နေ့ ဖြစ်နေလို့လည်း ပါမည် ထင်၏။ လပြည့်ကျော် တရက် ရုံးပိတ်ရက်လည်း ဖြစ်နေသေးသဖြင့် အပန်းဖြေသည့် အနေနှင့် လာရောက် လည်ပတ်ကြခြင်းလည်း ဖြစ်မည် ထင်၏။
ကားနှင့် လည်ရောင်းသည့် ဈေးသည်လေးတွေတောင် ရှိသေး။ ကျနော်တို့ သူငယ်ချင်း တစုလည်း ထိုဆိုင်နှင့် မလှမ်းမကမ်း လမ်းဘေးနားမှာ ကားထိုးရပ်လိုက်၏။ တောင်ပေါ်ကနေ ကြည့်လျှင် တမြို့လုံးနီးပါးကို မြင်ရ၏။ အပေါ်စီးကနေ မြင်ရသည့် အရသာပေါ့။ ပါသည့် ပုလင်းလေးတွေ ဖောက်၊ မုန့်တွေ ဖောက်ပြီး ထိုင်ကြ သောက်ကြ စားကြ စကားပြောကြ ငေးမော ကြည့်ရှုကြပေါ့။ အနှီဆိုင်လေးက ရောင်းသည့် ဂဏန်းကြော်၊ ဂဏန်းကြော် သုပ် အတော်လေး ကောင်း၏။ ဘာတဲ့ ငါးသလောက် မုန့်ဟင်းခါးလည်း ရ၏။ မဆိုးလှပေ။
Covid ကာလဆိုတော့ လူတွေလည်း မွန်းကြပ်နေကြပြီ မဟုတ်လား။ စိတ်ပြေလက်ပျောက်လေး သွားကြလာကြ နေရာတွေ ရှာကြနှင့်ပေါ့။ လူတွေ လာသည့်နေရာမှာ ဆိုင်လေးတွေ လည်း ဖွင့်လာတော့ နှစ်ဦး နှစ်ဖက် အဆင်ပြေကြသည်ပေါ့။ ကျန်းမာရေးနှင့် အညီ လိုက်နာကြသည်ကိုလည်း တွေ့ကြ၏။ မွန်းကြပ်နေမှုများ အတော်အသင့် ပြေပျောက်သွားသည့်နောက် ကျနော်တို့ သူငယ်ချင်းတစုလည်း ပြန်လာကြတော့၏။ ညနေစောင်းနေပြီ ဖြစ်သဖြင့် တော်ပေါ်မှာလမ်းလျှောက်သူများနှင့် စည်ကားနေပြီ ဖြစ်၏။ ထိုသူများကို ကြည့်ပြီး အားကျမိသလို ကိုယ့်ကိုလည်း သနားမိ၏။ မြန်မြန်ပြီးပျောက်ပါတော့ covid ရယ်။