Home Stay (Chapter 150)

Words
227
Reading
2 min
6y
Listen to this post
~2 min

FB_IMG_1599214068459.jpg

ကျောင်းတွေကတော့ အကန့်အသတ် မရှိ ပြန်ပိတ်ထားပြီ ဖြစ်၏။ ကျောင်းတွေသာ ပိတ်ထားပေမယ့် စာမေးပွဲကတော့ ဖြေမည် ဆို၏။ ခက်တော့ ခက်သားရယ်၊ နားလည်ရခက် ဆိုသလိုပေါ့။ ခုပဲ (၉) လပိုင်းထဲ ရောက်နေပြီ ဖြစ်၏။ ပုံမှန်လို စာမေးပွဲ ဖြေမည် ဆိုက (၃) လပိုင်းထဲမှာ ဖြေမည် ဖြစ်၏။ ကျောင်းတွေက တလလောက်ပဲ ဖွင့်ပြီး ပြန်ပိတ်ထားရ၏။ တလဆိုပေမယ့် တပတ်တက် တပတ်ပိတ် (တပတ်နား) ဆိုတော့ သင်ခန်းစာက အနည်းငယ်လောက်သာ ပြီးပေလိမ့်မည်။ (၁၀) ပုံ ပုံ (၁) ပုံလောက် သာ ရှိပေမည်။ ထို နည်းနည်းလေးနှင့် မည်သို့ စာမေးပွဲ ဖြေမည်နည်း။

မသင်ထားရဘဲ ဘယ်စာနှင့် ဘယ်လိုများ ဖြေကြမည်နည်း။ အချို့က ကျူရှင်တွေ ဆက်တက်နေကြသေး၏။ အချို့ကတော့ ကျူရှင် နားလိုက်ကြ၏။ အချို့ကတော့ Online teaching လုပ်ကြ၏။ ကျနော် သင်ပေးနေရသည့် ကျောင်းအတန်း တတန်းတောင် ပိတ်လိုက်ရ၏။ ကျောင်းပိတ်တော့ ကလေးတွေ၏ မိဘတွေက မိမိတို့ ကလေးတွေကို စိတ်ပူသဖြင့် ပြန်ခေါ်သွားကြသောကြောင့် ဖြစ်၏။ ထို ကျောင်းအတန်းကို လက်ခံဖွင့်ထားသည့် ဆရာလည်း အဆောင်ကို ခဏ ပြန်ပိတ်လိုက်ရပြန်၏။ ဘယ်အချိန်မှ ကျောင်းတွေ ပြန်ဖွင့်နိုင်မည်ကိုတော့ မသိသေးပေ။

unct_mm_UNICEF_lead photo_school.jpg

စာမေးပွဲက မဖြစ်မနေ ဖြစ်မည် ဆိုလျှင် မသင်ထားသည့် ကလေးတွေက မည်သို့ လုပ်ကြမည်နည်း။ ကျောင်း တခုထဲကိုသာ ဦးတည်ပြီး သင်ကြားနေရသည့် ကလေးမျိုးဆိုလျှင် မည်သို့ လုပ်မည်နည်း။ အချို့က ပြင်ပ ကျူရှင်တွေကနေ စာတွေကို သင်ထားလို့ ရ၏။ ထို့ပြင် covid ပိုး တွေ့ရှိတာများသည့် နေရာ၊ အရပ်တွေမှာဆိုလျှင်တော့ online teaching နှင့် လေ့လာထားလို့ ရ၏။ ထိုသို့ မလုပ်နိုင်သည့် အထက်က ဆိုခဲ့သည့် ကလေးမျိုးတွေဆို မည်သို့ လုပ်ကြမည်နည်း။

မိဘတိုင်းက ကိုယ့်သားသမီးကို အကောင်းဆုံးတွေ ပေးချင်၊ လုပ်ပေးချင်ကြ၏။ သို့ပေမယ့် ခုလို စီးပွားရေး ခက်ခဲနေသည့် ကာလမျိုးမှာ မိဘတွေ အနေနှင့်လည်း အနည်းနှင့်အများ အခက်ကြုံရ၏။ စာမေးပွဲက ဖြေမှာ သေချာပြီလား၊ ကလေးကိုက မဖြစ်မနေကို ကျူရှင် ထားထားပေးရမလား အစ ရှိသဖြင့် တော်တော်လေး ဝေခွဲ မရတော့ ဖြစ်နေမည် ဖြစ်၏။ ထို့ပြင် မိမိကလေး အခြေအနေကိုကလည်း ကြည့်ရပေလိမ့်ဦးမည်။ ဒီအတိုင်း မသင်ဘဲ ထားလိုက်လျှင် ကလေး စာတွေ နောက်ကျသွားမလား၊ မရဘဲ ဖြစ်နေမလား၊ စာဝေးသွားမလား အစရှိသဖြင့် တွေးပူရပြန်၏။

တာဝန်ရှိသူတွေ ဘက်ကနေ ဒီတနှစ်တော့ မဖြေတော့ (ကျောင်းများ အားလုံး တနှစ်နားသည်) ဟု ထုတ်ပြန်လိုက်လျှင်တော့ တမျိုးပေါ့။ တက်နိုင်တဲ့ မိဘတွေက သူတို့ ကလေးတွေ စာနှင့် မဝေးအောင် သင်တန်းတွေ ထားပေးထားလိမ့်မည်။ (စာပိုကျေတာပေါ့) မတက်နိုင်သည့် မိဘတွေ အနေနှင့်လည်း ပူစရာ မလိုတော့ပေ။ တနှစ်နားထားတော့ နောက်နှစ်မှ စပေါ့။ ခက်နေတာက တနှစ်အောက် (ပြင်ပဖြေ) ကလေးတွေ ဖြစ်၏။ လာမည့်နှစ်က စနစ်သစ် ဖြစ်မည် ဖြစ်၏။ ထို့ကြောင့် ဒီနှစ်က သူတို့အတွက် နောက်ဆုံး အခွင့်အရေးဟုပင် ပြောလို့ ရ၏။ စနစ်ဟောင်းမှာပင် အောင်သွားလျှင် ကောင်း၏။ နို့မဟုတ်လျှင် စနစ်သစ်မှာ အဆင်မပြေ ဖြစ်နေနိုင်၏။ စာမေးပွဲက ဖြေကို ဖြေမည်ဆိုလျှင်တော့ …

Don Jaun

Home Stay (Chapter 150) | Ecency