ကျောင်းတွေကတော့ ပြန်ပိတ်ပြီ ဖြစ်၏။ အစိုးရကျောင်းမှ မဟုတ် ကိုယ်ပိုင် ကျောင်းတွေလည်း ပြန်ပိတ်ရ၏။ ကျနော်တို့လည်း ပြန်နားရပြီ ဖြစ်၏။ ကလေး မိဘတွေက မိမိတို့ ကလေးများကို စိတ်ပူသဖြင့် ပြန်ခေါ်သွားကြသဖြင့် ကျနော်တို့လည်း အနား ပြန်ရပြန်ပြီ ဖြစ်၏။ အလုပ်ကလေးက ခုမှ စမလို့ အရှိန် ရခါစ ရှိသေး ပြန်နားရပြန်ပြီ။ ဘယ်တတ်နိုင်မလဲလေ။ အစိုးမရခြင်း သဘောတရားတွေပေါ့။ ကိုယ်ဖြစ်ချင်သလို ဖြစ်အောင် ဘဝက ကြိုတင် စီစဉ်ထားတာမှ မဟုတ်ဘဲကိုး။ တမျိုးတော့လည်း ကောင်းပါ၏။ အဆင်မပြေမှုတွေကြား ရှင်သန်နေထိုင်ရမည့် နည်းလမ်းကို သိခွင့်၊ ရှာခွင့် ရသည် မဟုတ်လား။
ရောဂါတွေ မဖြစ်ခင်ကတည်းကတော့ နောက်ထပ် အလုပ်တခု တွဲလုပ်ဖို့ကို ကျနော် စဉ်းစားထား၊ တွေးထား၏။ စာသင်သည့် အလုပ်က ပထမဦးစားပေး အလုပ် ဆိုပေမယ့် ကျနော်ကား အခြား နာမည်ကြီး ဆရာ၊ ဆရာမတွေလို ဝင်ငွေက မကောင်းလှပေ။ သင်ပေးရသည့် သင်တန်း အချိန်၊ ကိုယ့်ကို ခေါ်သည့် သင်တန်းတွေ၊ အဆောင်တွေက နည်းနည်းလေး ရှိသေးသည်ကိုး။ နောက်ပိုင်း နာမည်ကြီးလာလျှင်တော့ မသိပေ။ ခက်နေသည်က ကျနော်ကလည်း နာမည်ကြီးအောင် လုပ်ဖို့ စိတ်ကူး၊ အစီအစဉ် မရှိပေ။
ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး လုပ်မည်။ ကလေးတွေ အတွက် အဆင်ပြေမည့် သင်ကြားနည်း စနစ်များကို လေ့လာမည်၊ ပြင်ဆင်မည်၊ မွမ်းမံမည်၊ ဖြည့်စွက်မည် အစရှိသဖြင့်တော့ စဉ်းစားထား၏။ ကျောင်းသင်ခန်းစာ တခုထဲ မဟုတ်ဘဲ ကလေးတွေအတွက် အခြားအခြားသော အသိ၊ ဗဟုသုတများ၊ ပျော်ရွှင်မှုများ မျှဝေပေးမည်ဟု စဉ်းစား ထား၏။ ကျနော်သွားမည့် သွားချင်သည့် လမ်းကြောင်းက စာသင်ချိန် အများကြီး ဝင်ငွေ အများကြီးဆိုပြီး မဟုတ်ခဲ့ပေ။ စသင်ကတည်းက စာသင်သည့် အလုပ်အပြင် အခြား တခုပါ တွဲဖို့ စဉ်းစားထားပြီးသား။
ကျနော်ကား တနေရာထဲမှာ ခြေချုပ်ပြီး နေရမှာမျိုးကို မလိုလားပေ။ လွတ်လွတ်လပ်လပ် နေလိုလှ၏။ ထို့ကြောင့်ပင် ကိုယ်ပိုင် ကျူရှင်တောင် (၂) နှစ်လားပဲ ဖွင့်ပြီး ရပ်လိုက်၏။ အသိများ၊ သူငယ်ချင်းများက အဆောင်လုပ်ဖို့ ပြောပေမယ့် မလုပ်ဖြစ်၊ မလုပ်ချင်ပေ။ ခရီးသွားခြင်းကို ခုံမင်သော သူ အဖို့ အဆောင်ဖွင့်ထားလျှင် ယခင်လောက် လွတ်လွတ်လပ်လပ် သွားလာနိုင်မည် မဟုတ်တော့ပေ။ စာသင်နှစ်မပြီး မချင်း အချိန်ပြည့်နီးပါး အဆောင်က ကလေးတွေကို ဂရုစိုက်ထားနိုင်မှ တော်ကာ ကြမည် မဟုတ်လား။ မတော်တဆများ မိန်းမ ယူဖြစ်သွားလျှင်တော့ အဆောင်ဖွင့်ဖြစ်မလားတော့ မသိသေးပေ။
ထားပါ လိုရင်း ပြန်သွားရအောင်။ ခု သင်တန်းတွေ ပြန်နားတော့ ပြန်အားသွားပြန်ပြီ။ အားတာကနောက် ဝင်ငွေ ထိခိုက်၏။ နဂိုမရှိသည့် လုံးပါးပါးနေသည့် ဝင်ငွေ ထပ်ထိ၏။ ထို့ကြောင့် ယခင်က စိတ်ကူးထားသည့် အလုပ်များကို လုပ်နိုင်ဖို့ လိုပြီ ဖြစ်၏။ စဉ်းစားခြင်းနှင့် အချိန် မကုန်နေတော့ပဲ တကယ် လုပ်ဖြစ်ဖို့ လိုပြီ ဖြစ်၏။