Super Sunday ပွဲစဉ်များက ကြည့်လို့ကောင်းလှ၏။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ် ရှိလှ၏။ Bournemouth vs Crystal Palace ပွဲစဉ်မှာတော့ Bournemouth အသင်းက ၃-၀ ဖြင့် အနိုင်ရပြီး အဆင့် ၆ နေရာသို့ တက်လှမ်းလာခဲ့လေ၏။ EPL ၁၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကိုလည်း ရယူသွားနိုင်ခဲ့လေ၏။ လာမယ့် ရာသီ Europa League ဝင်ခွင့်ကိုလည်း မျှော်မှန်းထားလို့ ရပြီ ဖြစ်၏။ Europa League ဝင်ခွင့် အတွက်က အဆင့် ၆ ကနေ ၁၀ ထိ အသင်းတွေမှာ မျှော်လင့်ချက် ကိုယ်စီ ရှိနေကြသေး၏။
Super Sunday ၏ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမယ့် Man United vs Liverpool ပွဲစဉ်မှာတော့ Man United က ၃-၂ ဖြင့် အနိုင်ရသွားခဲ့လေ၏။ မြိုင်မြိုင်ဆိုင်ဆိုင် အကြိတ်အနယ် ရှိလှ၏။ United ကစားပုံ ကောင်းခဲ့သလို ကောင်းလည်း မကောင်းပေ။ အစောပိုင်းမှာ ကတည်းက ဦးဆောင်ဂိုး ၂ ဂိုး အရင် ရထားခဲ့၏။ ကစားသမားတွေ၏ အမှားကနေတဆင့် Liverpool ကို ချေပဂိုးတွေ ပြန်လည်လို့ ခွင့်ပြုပေးခဲ့ရလေ၏။
၆ မိနစ် နှင့် ၁၄ မိနစ်မှာ United တို့ ၂ ဂိုးဆက် သွင်းယူထားခဲ့၏။ Liverpool တို့ ဘောလုံး ပိုင်ဆိုင်မှု ပိုအသာရခဲ့တာ မှန်ပေမဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုမှာတော့ United က ပိုသာခဲ့၏။ တန်ပြန် တိုက်စစ်ကို အားပြု ကစားပြီး လိုအပ်တဲ့ ဂိုးတွေကို ရယူနိုင်ခဲ့၏။ ပထမပိုင်း တပိုင်းလုံးကို United ကသာ အသာစီးရယူထားနိုင်ခဲ့၏။ ဒုတိယပိုင်းမှာတော့ ဒဏ်ရာ ရသွားသည့် တိုက်စစ်မှူး Sesko ၏ နေရာမှာ Amad ကို လူစားလဲ၏။ Amad ၏ လူပေးမှားမှုကနေတဆင့် ၄၇ မိနစ်မှာ Liverpool တို့ ပထမ ချေပဂိုး ရ၏။
ဒုတိယ ချေပဂိုးကလည်း United ၏ ဂိုးသမား အမှားကနေပဲ ပေးလိုက်ရခြင်း ဖြစ်၏။ မိမိ အသာရနေသည့် အခြေအနေကနေ ချက်ချင်း ပြောင်းပြန် ဖြစ်သွားခဲ့ရလေတော့၏။ ၅၆ မိနစ်မှာ Liverpool တို့ ချေပဂိုး ပြန်ရပြီး ၂-၂ ဖြစ်သွားခဲ့၏။ နည်းနည်းတော့ စိတ်ပူရသည့် အခြေအနေ ဖြစ်လာခဲ့၏။ ခပ်စောစော ၂-၀ ဖြစ်နေတော့ ဒီပွဲတော့ ဂိုးပြတ် တီးပြီဟဟု ထင်မှတ်ထားမှ ဇာတ်လမ်း စလာခဲ့လေပြီ။ United က အဲ့လိုပါဆို။
၇၇ မိနစ်မှာတော့ အသက်ရှု ချောင်စေမယ့် အနိုင်ဂိုးကို Mainoo က သွင်းယူပေးသွားခဲ့၏။ ယခုပွဲ အနိုင်ရရှိမှုကြောင့် အဆင့် ၄ က Liverpool ကို ၆ မှတ်ဖြတ်ကာ အဆင့် ၃ နေရာမှာ ဆက်လက်ပြီး ရပ်တည်နေခဲ့၏။ Liverpool အသင်း၏ ရှုံးနိမ့်မှုကို အခွင့်အရေးမယူနိုင်ခဲ့တာကတော့ Aston Villa ဖြစ်လေ၏။ အိမ်ကွင်းမှာ Tottenham ကို ၁-၂ ဖြင့် ရှုံးနိမ့်ပြီး အဆင့် ၅ နေရာမှာသာ ရှိနေခဲ့၏။ အိမ်ကွင်းပေမဲ့ တန်းဆင်းဇုန် ဖိအား ရှိနေသည့် Tottenham ၏ ရုန်းကန်အားကို Aston Villa ကို ခံနိုင်ခဲ့ခြင်း မရှိပေ။ ယခု အနိုင်ရလဒ်ကြောင့် Tottenham အနေဖြင့် ၃၇ မှတ်၊ အဆင့် ၁၇ နေရာမှာ ရပ်တည်နေ၏။
ဒီနေ့မှာ Chelsea vs Nottm Forest နှင့် နက်ဖြန် မနက်မှာတော့ Everton vs Man City ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ Chelsea အနေဖြင့် Europa League ဝင်ခွင့် အတွက် အနိုင်ကစားဖို့ လိုမည် ဖြစ်ပြီး Nottm Forest အနေဖြင့်ကလည်း တန်းဆင်းဇုန်နဲ့ ဝေးဖို့ ဒီပွဲမှာ အမှတ်ရဖို့ လိုမည် ဖြစ်၏။ Everton vs Man City ပွဲစဉ်ကလည်း ကြည့်ကောင်းပေလိမ့်မည်။ ချန်ပီယံ မျှော်လင့်ချက်အတွက် City တို့ Everton ကို အနိုင်ယူဖို့ လိုမည် ဖြစ်၏။
(photos from Premier League Page)