မနေ့က FA Cup ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် Man City နှင့် Chelsea အသင်းတို့ ယှဉ်ပြိုင် ကစားကြ၏။ ပွဲချိန် ၈၄ မိနစ်မှာ သွင်းယူသည့် Bernardo Silva ၏ တလုံးထဲသော ဂိုးဖြင့် City တို့ Chelsea ကို အနိုင်ယူပြီး ဖိုင်နယ် အဆင့်သို့ တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။
ဒီနေ့ မြန်မာစံတော်ချိန် ည ၉ နာရီမှာတော့ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ် တပွဲဖြစ်သည့် Coventry vs Manchester United တို့၏ ပွဲစဉ် ရှိ၏။ ယခုပွဲစဉ်တွင် United အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေခဲ့၏။ အထူးသဖြင့် နောက်တန်းနေရာ ဖြစ်၏။ နောက်တန်း အလယ်နေရာ ကစားသမားတွေထဲ Maguire တယောက်သာ ဒေါင်ဒေါင်မြည် ကျန်၏။ Maguire ကို ကွင်းလယ်ကစားသမား Casemiro နှင့် တွဲကာ ခံစားနေရာမှာ ကစားခိုင်းဖို့ ရှိနေ၏။
ကိုယ်တွေ United မှာလည်း ကံဆိုးချက်။ လဲကျနေပါတယ်ဆိုမှ အထုအထောင်းက ထပ်ခံနေရ၏။ ဒီအတိုင်းဆို Coventry တိုက်စစ်ကို ဟန့်တား နိုင်ပါ့မလား။ စောင့်ကြည့် အားပေးရုံသာ။
ဒီနေ့မှာ United အမျိုးသားအသင်းသာမက အမျိုးသမီးအသင်း၏ ပွဲစဉ်လည်း ရှိ၏။ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ၌ Tottenham အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင် ကစားသွားဖို့ ရှိ၏။ WSL Round 19 ဖြစ်၏။ 22 ပွဲ ကစားရမည့် WSL မှာ United အမျိုးသား အနေဖြင့် 18 ပွဲကစားထားပြီး 31 မှတ်သာ ရထား၏။ လက်ရှိ အဆင့် 1 က Chelsea အမျိုးသမီးအသင်းက 46 မှတ်ဆိုတော့ ဘယ်လိုမှ လိုက်မမှီ နိုင်တော့ပေ။
သို့ပေမယ့် FA Cup ဖိုင်နယ် ပွဲစဉ် အဖြစ် Tottenham အမျိုးသမီးအသင်းနှင့် May လ 12 ရက်မှာ ကစားသွားဖို့ ရှိနေ၏။ အမျိုးသားအသင်းကော၊ အမျိုးသမီးအသင်းကော FA Cup တခုသာ မျှော်လင့်စရာ ကျန်၏။ ကံကောင်းပါစေလို့ပဲ ဆုတောင်းရမလား။ ကောင်းကောင်း ကစားနိုင်ဖို့ကိုပဲ ဆုတောင်း မျှော်လင့် ရလေ မလား။ မည်သို့ပင် ဆိုစေ ဒီနေ့ညတော့ United ပွဲစဉ် 2 ပွဲလုံးကို ကြည့်ရှု အားပေးရမည် ဖြစ်၏။
(photos from Manchester United Facebook pages)