City Did it

Words
226
Reading
2 min
Listen
Play
5M

Super Sunday ပွဲစဉ်တွေက ဘောလုံးချစ်သူ ပရိတ်သတ်များကို ဖျော်ဖြည်မှု အပြည့် ပေးခဲ့၏။ ထင်မှတ်ထားပေမဲ့ မထင်မှတ်ထားသည့် ရလဒ်တွေလည်း ထွက်ပေါ်ခဲ့လေ၏။ ဥပမာ Chelsea vs Man City ပွဲစဉ် ဖြစ်လေ၏။ အိမ်ရှင် Chelsea တို့ Man City ကို ၀-၃ ဖြင့် ဂိုးပြတ်ကို ရှုံးနိမ့်သွားခဲ့ရလေ၏။ မနေ့က Arsenal vs Bournemouth ပွဲစဉ်မှာ Bournemouth က ၁-၂ ဖြင့် အနိုင်ရသွားသဖြင့် Arsenal အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပေမဲ့ City အတွက်တော့ အားတက်စရာ ဖြစ်သွားခဲ့၏။

ထို့ကြောင့် City တို့ အားကုန်ထုတ် ကစားသွားလို့ ဂိုးပြတ် အနိုင်ရသွားတာလား၊ ဒါမှ မဟုတ် Chelsea ကပဲ တမင်များ ဟပေးလိုက်လေသလား။ ချေပဂိုးလေးတောင် ပြန်မသွင်းနိုင်သဖြင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့၏။ ကျန်အချိန်ဆို ကိစ္စ မရှိပေမဲ့ ခုက Arsenal ရှုံးပွဲတွေ့ထားချိန် မလား။ မပြေးသော်လည်း ကန်ရာ ရှိပေါ့။ လန်ဒန် မြို့ခံခြင်း စည်းလုံးရမယ့်ဟာကို သစ္စာဖောက်ကြပြီ ထင်ပါရဲ့။ ယခုနိုင်ပွဲကြောင့် City တို့ Arsenal နှင့် တပွဲလျော့ ၆ မှတ်ကွာ အနေအထားသို့ ရောက်လာခဲ့ပြီ ဖြစ်၏။

နောက်ထပ် ထင်မှတ်မထားသည့် ရလဒ်ထွက်ပေါ်သည့်ပွဲက Sunderland vs Tottenham ဖြစ်လေ၏။ West Ham က Leeds ကို ၄-၀ ဖြင့် နိုင်လိုက်သောကြောင့် တန်းဆင်းဇုန်ထဲ ခဏရောက်နေသည့် Tottenham တို့ ညက ပွဲစဉ်မှာ Sunderland ကို ၁-၀ ဖြင့် ရှုံးနိမ့်သွားသောကြောင့် တန်းဆင်းဇုန်မှာ ခပ်ကြာကြာ နေရဖို့ ရှိသွား၏။ ရာသီကုန်အထိ မနေရဖို့တော့ မျှော်လင့်မိပါ၏။ EPL မှာ ၁၄ ပွဲ ဆက်တိုက် နိုင်ပွဲ မရှိနေတာကတော့ Tottenham အတွက် အတော်လေး ဆိုးလှ၏။ မနှစ်က ယူရိုပါလိဂ် ချန်ပီယံ အနေနဲ့ ဒီနှစ်မှာ တန်းဆင်းသွားရတယ်ဆိုရင် ကြားလို့ မကောင်းပေ။

လက်ကျန် ပွဲစဉ် ၆ ပွဲက Leeds, Nottm Forest, West Ham, Tottenham တို့အတွက် အရေးကြီးလှပေ၏။ တန်းဆင်းရမည့် အသင်းက ဘယ်အသင်း ဖြစ်သွားမလဲ ဆိုတာ လက်ကျန်ပွဲစဉ်တွေက အဆုံးအဖြတ် ပေးသွားမည် ဖြစ်၏။

United ကို ဖိအားပေးနေသည့် Aston Villa အနေဖြင့် ညက ပွဲစဉ်မှာ Nottm Forest နှင့် ၁-၁ သရေကျသွားခဲ့လေ၏။ United အနေဖြင့် နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ Leeds အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။ ပြီးခဲ့သော ပွဲစဉ်မှာ Bournemouth နှင့် တဖက် ၂ ဂိုးစီ သရေကျထား၏။ United တို့ အမှတ် ပြန်ယူဖို့ လိုပြီ ဖြစ်၏။ လက်ကျန် ပွဲစဉ်တွေထဲမှာ Chelsea, Liverpool တို့နှင့် တွေ့ရဦးမည် ဆိုတော့ အမှတ် ဆုံးရှုံးမှု မဖြစ်အောင် ဂရုစိုက်ဖို့ လိုမည် ဖြစ်၏။ သို့မှသာ လာမယ့်ရာသီ UCL ဝင်ခွင့် ရပေလိမ့်မည်။

(photos from Premier League Page)

City Did it | Ecency