Chelsea vs Man United ပွဲစဉ် အပြီး ကျန်ပွဲစဉ်တွေကလည်း အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ သရေ ရလဒ် ထွက်ပေါ်ခြင်း မရှိခဲ့ပေ။ Aston Villa vs Sunderland ပွဲစဉ်ကတော့ ဒီတပတ်ရဲ့ ဂိုးအများဆုံး ပွဲစဉ် ဖြစ်ပေလိမ့်မည်။ အပြန်အလှန် သွင်းဂိုးတွေနှင့် နောက်ဆုံးမိနစ်အထိ ရင်ခုန် စိတ်လှုပ်ရှားဖွယ် အတိ ဖြစ်ခဲ့၏။ United ကို တောက်လျောက် ဖိအား ပေးနိုင်ဖို့ အနိုင် ၃ မှတ် ရယူထားခြင်သည့် Aston Villa အနေဖြင့် အိမ်ကွင်းမှာ ဦးဆောင်ဂိုးတွေ အရင် သွင်းယူခဲ့၏။ ၃-၁ ဖြင့် ပွဲပြီးတော့မယ်ဟု ထင်မှတ်ထားချိန် ၈၆ နှင့် ၈၇ မိနစ်မှာ ဧည့်သည် Sunderland အသင်းက ချေပဂိုးတွေ ဆက်တိုက်သွင်းယူပြီး ၃-၃ သရေ ဖြစ်သွား၏။
ဒီအတိုင်း ပွဲပြီးပြီလို့ ထင်မှတ်ထားမိ၏။ ၉၀+၃ မိနစ်မှာ Aston Villa အနေဖြင့် အနိုင်ဂိုး သွင်းယူပြီး ၄-၃ ဖြင့် ပွဲပြီးသွား၏။ United ကို အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဆက်လက်၍ ဖိအားပေးထားကာ UCL ဝင်ခွင့်ကို ရယူထားခဲ့၏။ မာဆေးဆိုက် ဒါဘီဟု ဆိုရမယ့် Everton vs Liverpool ပွဲစဉ်ကလည်း ပွဲကောင်း တပွဲ ဖြစ်ခဲ့၏။ ဧည့်သည် Liverpool က ၂၉ မိနစ်မှာ ဦးဆောင်ဂိုး သွင်း၏။ Everton က ၅၄ မိနစ်မှာ ချေပဂိုး သွင်းယူ၏။ ၉၀+၁၀ မိနစ်မှာ ဧည့်သည် Liverpool တို့ အနိုင်ဂိုး သွင်းယူပြီး ၃ မှတ် ရယူကာ အမှတ်ပေး ဇယား အဆင့် ၅ မှာ ဆက်လက်၍ ရပ်တည်နေခဲ့၏။
တန်းဆင်းဇုန် ဖိအား ရှိနေသည့် Nottm Forest က အိမ်ကွင်းမှာ Burnley ကို ၄-၁ ဖြင့် အနိုင်ရယူပြီး ဇုန်နှင့် ဝေးရာကို သွားနိုင်ဖို့ အားယူနေခဲ့၏။ ၃၆ မှတ်ဖြင့် အဆင့် ၁၆ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၁၈ က Tottenham နဲ့ ၅ မှတ် ကွာ အနေအထားမို့ အနည်းငယ် စိတ်ချထားလို့ရသည် ဆိုပေမဲ့ လုံးလုံးကြီး စိတ်သေလက်ချ နေလိုက်လို့တော့ မရသေးပေ။ လက်ကျန် ၅ ပွဲမှာ ရယူသင့်သည့် အမှတ်တွေ အရယူထားနိုင်ဖို့ လိုမည် ဖြစ်၏။ သို့မှာသာ EPL မှာ တင်ကျန် နိုင်မည် မလား။
နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ အဆင့် ၁၇ နေရာက West Ham အသင်း၏ ပွဲစဉ် ရှိ၏။ Crystal Palace နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ ဒီပွဲရလဒ်က အဆင့် ၁၈ က Tottenham အတွက် အရေးကြီးလှ၏။ West Ham ကသာ အနိုင်ရသွားရင် Tottenham အတွက် ဖိအားတွေ ပိုများ လာနိုင်၏။ လက်ကျန် ၅ ပွဲက West Ham နဲ့ Tottenham တို့ အတွက် ဘုရင့်နောင် ဖောင်ဖျက် ပွဲစဉ်တွေချည်း ဖြစ်နေခဲ့၏။
ဆင်ပျံကြီးကတော့ ဘယ်လို ဘယ်ပုံ ဖြစ်နေသည် မပြောတတ်တော့ပေ။ အမှန်တော့ ဆင်ပျံကြီးထက် City ကကို ကောင်းနေတာဟု ဆိုရမလား မသိပေ။ UCL Quarter-Finals အဆင့်မှာ Real Madrid ကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရ၏။ သို့ပေမဲ့ အဆိုပါ ပွဲစဉ်ပြီး Big Match ၄ ပွဲလုံး အနိုင်ရထား၏။ EFL Cup Final မှာ Arsenal ကို ၀-၂၊ FA Cup Quarter-Finals မှာ Liverpool ကို ၄-၀ ဖြင့် အနိုင်ရထား၏။ ထိုပွဲစဉ်တွေ အပြီး Chelsea နှင့် EPL ပွဲစဉ်မှာလည်း ၀-၃ ဖြင့် အနိုင်ရထား၏။ မနေ့က Arsenal နှင့် ပွဲစဉ်မှာလည်း ၂-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။
Arsenal ၏ EPL ချန်ပီယံ အိပ်မက်ကို City တို့ ဖိအားပေးနေခဲ့၏။ EFL Cup, FA Cup တို့ကနေ ထွက်ခွာခဲ့ရပြီး EPL မှာ ၂ ပွဲဆက် ရှုံးနိမ့်သွားသည့် Arsenal အနေဖြင့် အဆင့် ၁ နေရာက အနည်းငယ် မျက်ခုံးလှုပ်စရာ ဖြစ်လာခဲ့၏။ တပွဲလျော့နေသည့် City က ကြားရက် Burnley နဲ့ ပွဲစဉ်ကိုသာ အနိုင်ရသွားခဲ့ရင် အဆင့် ၁ နေရာကို ဖယ်ပေးရဖို့ ရှိနေ၏။ လက်ကျန် ၅ ပွဲက Arsenal နှင့် City တို့အတွက် တကယ့်ကို ရေကုန် ရေခမ်း ကစားရမယ့် ပွဲစဉ်တွေ ဖြစ်လို့ လာခဲ့၏။
(photos from Premier League Page)