Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့ပေးထားတဲ့ ခေါင်းစဉ်ဖတ်ကြည့်ပြီး တစ်မျိုးလည်း မထင်ကြပါနဲ့ဦးခင်ဗျ။ ပေးထားတဲ့ ခေါင်းစဉ်လေးရဲ့ နံမည်က " ငါ့ကို မချစ်ကြပါနဲ့ " တဲ့။ ငါ့ကိုမချစ်ကြပါနဲ့ဆိုတော့ တောင်တွေး မြောက်တွေးနဲ့ သို့လော သို့လော အထင်မြင်ရောက်နေကြမှာစိုးလို့ စကားပုလ္လင် ခံနေရခြင်းပါပဲ။ ဒီခေါင်းစဉ်လေးကို ယူဖြစ်တာကတော့ " အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ရေးသားတဲ့ " ငါ့ကိုမချစ်ပါနဲ့ " ဆိုတဲ့ စာအုပ်ရဲ့ ခေါင်းစဉ်ကို သဘောကျလို့ " ငါ့ကို မချစ်ကြပါနဲ့ " ဆိုပြီး ခေါင်းစဉ်ယူပြီး ရေးလိုက်ခြင်းပါပဲ။
Credit image source
" အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ) ဆရာတော် ဆိုတာ လူငယ်တွေကို ဘာသာရေးနားလည်လွယ်အောင် ပေါ့ပေါ့ပါးပါးနဲ့ ထိထိမိမိ ရေးတတ်ဟောတတ်တဲ့ ဆရာတော်တစ်ပါးပါပဲ။ ဆရာတော်ဘုရားရဲ့ စာအုပ်တော်တော်များများကို ကျွန်တော်ဖတ်ဖူးပါတယ်။ " ငါ့ကို မချစ်ပါနဲ့ " ဆိုတဲ့စာအုပ်မှာတော့ ဘာသာရေး သဘောတရားသာမက မျက်မှောက်ခေတ် လောကီလူသားတို့ ဖြစ်ပျက်နေကြတဲ့ ပုံစံကို ရုပ်လုံးကြွ မြင်ယောင်နေစေအောင် ဟောထား ရေးထားပါတယ်။ ဆရာတော် ရေးထားတဲ့ စာအုပ်ကို နည်းနည်း အကျဉ်းချုံးပြောပြပါဦးမယ်။
Credit image source
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘုရားဒကာ ပန်းဒကာ တစ်ဦးရဲ့ သမီးဖြစ်သူက ရွာဦးကျောင်းက သူတို့ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ဆွမ်းသွား ပို့ပါသတဲ့။ ဘုန်းကြီးကျောင်းကို ရောက်တော့ သူတို့ကိုးကွယ်တဲ့ ဆရာတော်နဲ့ တွေ့ပြီး ဆွမ်းချိုင့်ကပ် ရှိခိုးဦးချပြီး စကားစမြည် အနည်းငယ်ပြောဖြစ်ကြတယ်ဆိုပါတော့။ ကျောင်းထဲမှာကလည်း ပန်းပင်တွေစိုက်ထားတာက ဖူးပွင့်ပြီး လှပနေတယ်ဆိုပဲ။ မိန်းကလေး သဘာဝ ပန်းလှတာ မြင်တော့ လိုချင်ရှာဟန် တူပါရဲ့။ " ပန်းကလေးတွေက လှလိုက်တာ ဘယ်သူ့ပန်းတွေလဲ ဘုရား " လို့ မေးလျှောက်လိုက်ပါတယ်။ ဘုန်းကြီးက " ဟဲ့ ဒကာမလေး ငါ့ကျောင်းထဲမှာ ပွင့်နေတဲ့ ပန်းတွေက ငါ့ပန်းတွေပေါ့ " လို့ ပြန်ဖြေသတဲ့။
Credit image source
မိန်းကလေးက ဘုန်းကြီးအဲဒီလို ဖြေတာကို သဘောမကျ ဘူး တဲ့ ။ ဒါနဲ့ ကျောင်းထဲ မှာ ရှိတဲ့ ပစ္စည်းပစ္စယ တွေ တစ်ခုချင်း ဘယ်သူ့ဟာလဲ မေးတယ်။ ဘုန်းကြီးကလည်း ဒကာမလေး မေးသမျှ ငါ့ဟာချည်း ပဲ လို့ ဖြေတယ်။ " အရှင်ဘုရား အခု နေတဲ့ကျောင်းကရော ဘယ်သူ့ကျောင်းလဲ ဘုရား " လို ထပ်မေးတယ်။ ဘုန်းကြီးက ဒကာ ဒကာမတွေ ငါ့ကို ရေစက်ချ လှူဒါန်း ထားတာဖြစ်တဲ့ အတွက် ငါ့ကျောင်းပေါ့ " လို့ ဖြေတယ်။ ဒကာမလေးက ထပ်မေးသေးတယ်။ " အရှင်ဘုရား အခုလို သင်္ကန်းဝတ်ပြီး သာသနာ့ဘောင်အတွင်း နေထိုင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ ဘုရား " လို့ မေးလျှောက်လိုက်ပါတယ်။ ဘုန်းကြီးကလည်း မဆိုင်းမတွ " အခုလို သင်္ကန်းဝတ်ဘဝနဲ့ သာသနာ့ဘောင်အတွင်း နေထိုင်ရခြင်းဟာ မဂ်ဖိုလ် နိဗ္ဗာန် ကိုရခြင်လို့ဖြစ်ကြောင်း ဖြေကြားတော်မူပါတယ်။ ဒကာမလေးက ဒီအခါမှာ " အရှင်ဘုရား နိဗ္ဗာန်ရချင် ရောက်ချင်ရင်ငါ့ကိုမချစ်ပါနဲ့ " လို့လျှောက်တင်ပြီး အိမ်ပြန်သွားပါတယ်။
Credit image source
ဘုန်းကြီးကလည်း ကျောင်းမှာ တစ်ပါးတည်းကျန်ခဲ့ပြီး " ငါလည်း သူ့ကို မရိုးမသားလည်း မပြောမိ မဆက်ဆံမိပါပဲနဲ့ ငါ့ကိုမချစ်ပါနဲ့ " လို့ အပြောခံရတော့ စိတ်ထဲမတင်မကျ နဲ့ တအုံ့နွေးနွေးဖြစ်ပြီး မိန်းကလေးရဲ့အဖေ ဘုရားဒကာကို ခေါ်ခိုင်းပြီး အခုလိုပြောခံခဲ့ရတာကို ပြောပြပါတယ်။ ဘုရားဒကာကြီးကလည်း သမီးဖြစ်သူကို မေးမြန်းပြီး ပြောဆိုဆုံးမပါ့မည့်အကြောင်း လျှောက်တင်ပြီး အိမ်ပြန်ပြီး သမီးကို မေးရတာပေါ့။ သမီးလုပ်သူကလည်း ဘုန်းကြီး နိဗ္ဗာန်ရောက်ခြင်တယ်ဆိုလို့ တရားပြခဲ့တာသာ ဖြစ်ကြောင်း ငါ့ဥစ္စာ ငါ့ပစ္စည်း ငါ့ကျောင်း စတဲ့အရာများကို ငါ့ဟာဟု စွဲလန်းထင်မှတ်နေပါက တရားရနိုင်မည် မဟုတ်သဖြင့် ငါဟူသော အစွဲ အတ္တကို မချစ်ဖို့ သတိပေးခဲ့တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဘုရားဒကာကြီးကနေမှ တစ်ဆင့် ဒီအကြောင်းပြန်သိရပြီး ကျောင်းထိုင် ဘုန်းကြီးလည်း ငါစွဲ ပြုတ်ပြီး လောကုတ္တရာ ကိစ္စကိုပဲ အားထုတ်နိုင်ခဲ့တယ် ဆိုပါတယ်။ ဒါက အရှင်ဆန္ဒာဓိက(ရွှေပာရမီတောရ) ရေးသားတဲ့စာအုပ်ကို အကျဉ်းပြန်ပြောပြတာပါ။
ရေပွက် ပွက်တဲ့အချိန်လေးလောက်ပဲ ကြာမြင့်တဲ့ ကျွန်တော်တို့ လူ့လောက ကြီးထဲက တစ်ချို့ ချို့သော လူများဟာလည်း " ငါ "ဆိုတာကို တော်တော်ချစ်ကြတဲ့ သူတွေများပါတယ်။ ငါ့သား ငါ့သမီး ငါ့မိသားစု ငါ့စီးပွားရေး အတွက် ဆိုတာတွေပဲ များပါတယ်။ ကျွန်တော်အပါအဝင်ပေါ့ခင်ဗျာ။
အစွယ်ရှိတဲ့သူက အစွယ်နဲ့ ထောင်လွှားတယ် ဦးချို ရှိတဲ့ သူက ဦးချိုနဲ့ ထောင်လွှားတယ်ဆိုတဲ့အတိုင်းပဲ ပိုက်ဆံငွေကြေး ကြွယ်ဝချမ်းသာကြသူများကတော့ ပိုက်ဆံကြောင့် ဂုဏ်တွေ မောက်ပြီး ငါတကော ကောနေကြတယ်။ သူသေရင် အဲဒါတွေ သူ့နောက်မပါဘူးဆိုတာ မေ့နေတတ်ကြတယ်။ ရာထူးဂုဏ်သိမ် ရှိတဲ့သူများကြတော့ ရရှိထားတဲ့ လက်ရှိရာထူးကြီးကို နောက်ဘဝမပြောနဲ့ ဒီဘဝမှာတင် တစ်သက်လုံး အပိုင်ရတယ်ထင်ပြီး အောက်ကလူတွေကို ဟောက်စားခြောက်စားနဲ့ လုပ်ပိုင်ခွင့်တွေ့ကို အလွှဲသုံးစား လုပ်ပြီး လုပ်တတ်ကြတယ်။ အကြောင်းမတိုက်ဆိုင်လို့ လက်ရှိရာထူးလေးက ပြုတ်ကျသွားတဲ့အခါကျ ရာထူးရှိစဉ်က မတရားလုပ်ခဲ့တဲ့ဟာတွေကြောင့် ပေါင်းသင်း ဆက်ဆံမဲ့သူ မရှိတော့ပဲ " နတ်အိုးကွဲ " ဘဝရောက်ကြရတယ်။ " နတ်အိုးကွဲ " ဆိုတာ သိတယ်မို့လား ဘာမှသုံးမရဘူးလေ။
Credit image source
ငွေကြေးဥစ္စာ ရာထူးဂုဏ်သိမ် ကြီးကြီးမားမား ရှိမှ ရမှရယ် မဟုတ်ပါဘူး။ အခုလူတွေဖြစ်ပစ်နေကြတာက ဆယ်အိမ်မှူးလောက် ဖြစ်ရင်ကိုပဲ ငါတကော ကောနေကြတဲ့သူက များနေပါပြီ။ အဖွဲ့အစည်းတစ်ခုခုရဲ့ သာမန်နေရာလောက်ကနေ နေရာပေးခံရပြီဆိုရင်ကို မြှောက်ကားထပြီး သူ့လုပ်ပိုင်ခွင့်သူ အဟုတ်ကြီးမှတ်ပြီး ဘဝင်ရူးတဲ့ ရောဂါ ရနေကြပြီလေ။ လူ့အဖွဲ့အစည်းကိုက ဒီလိုဖြစ်စေဖို့ အကြောင်းဖန်ခဲ့ပြီလေလား မသိပါ။
တကယ်တမ်းကျတော့ " အနိစ္စ ဒုက္ခ အနတ္တ " ဆိုတဲ့ ဘုရားဟောထားခဲ့အတိုင်း ဘယ်အရာမှ အမြဲမရှိနိုင်ပါဘူး။ ငွေကြေးဥစ္စာ တို့သည်လည်း ရန်သူမျိုးငါးပါးကြောင့် ဆုံးရှုံး ရနိုင်သလို မိမိတို့ ရရှိထားတဲ့ ရာထူဂုဏ်သိမ်တို့သည်လမ်း အကြောင်းမတိုက်ဆိုင်တဲ့အခါ ဖြုတ်ချခြင်း ခံရတတ်ပါတယ်။ ငကန်းသွားရင် ငစွေ လာ ဆိုသလို မိမိပြုတ်သွားရင် နောက်တစ်ယောက်တက်လာမှာကတော့ အသေအချာပါပဲ။ မိမိချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမယားနဲ့ သမီးသားတွေဆိုတာလည်း တစ်ချိန်ကျရင် မပြန်လမ်းကို သွားရမဲ့သူချည်းပါပဲ။ ငါ့သား ငါ့သမီး ငါ့ဇနီးဆိုတဲ့ အစွဲလေးတွေကို အခုလိုချိန်က ကြိုတင်ပြီး အသိသတိလေးနဲ့ ဖြုတ်ထားနိုင်ကြမယ်ဆိုရင်ဖြင့် မလွဲမသွေ ကြုံလာရတဲ့အခါမှာ သောကအနည်းငယ် ကင်းဝေးစေနိုင်ပါလိမ့်မယ်။ ကိုယ်တောင် တစ်နေ့သေရမဲ့သူပဲလေ။
Credit image source
အဲဒီတော့ သောကကင်းဝေးစွာ နေချင်ကြတယ်ဆိုရင်တော့ " ငါ " ဆိုတာလေးတွေ လျော့ကြစေချင်တယ်ဗျာ။ " ငါကဘယ်လောက်ချမ်းသာတာကွ " " ငါပြောသလိုလုပ် ငါလုပ်သလိုလိုက်မလုပ်နဲ့ ငါက ဘာကောင်ညာကောင် " ဆိုပြီး ဖြစ်နေကြရင်လည်း သတိထားပေါ့ဗျာ။ အဲဒီငါ ဆိုတာကြီး ငါ့လုပ်ပိုင်ခွင့် ဆိုတာကြီး မရှိတော့တဲ့အချိန်ရောက်ရင် စိတ်ကျ ရောဂါ ရနေမှာစိုးလို့ပါ။ ဆိုတော့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ စိတ်ချမ်းသာစွာ ဖြတ်သန်းလိုကြတယ် ဆိုရင်တော့ " ငါ့ကို မချစ်ကြပါနဲ့ " လို့။
Author>>>@aungzawhtwe
MSC : 014