ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်တို့အများစုသည် အတိတ်သို့လည်းကောင်း၊ အနာဂတ်သို့လည်းကောင်း ပြေးလွှားနေကြသည်က များပါသည်။ ပစ္စုပ္ပန်ဆိုသော လက်ရှိအချိန်ကို မေ့လျော့ထားတတ်ကြပါသည်။ အတိတ်ဆိုသည်မှာလည်း ပြီးဆုံးသွားပြီဖြစ်ပြီး အနာဂတ်ဆိုသည်မှာလည်း မရောက်ရှိသောကာလဖြစ်ကြောင်း လူတိုင်း နားလည်ပါသည်။ သို့သော်လည်း ထို အတိတ် နှင့် အနာဂတ်အား လှမ်းမျှော်ကြည့်နေကြသူမှာ လူအများစုဖြစ်နေပြီး လက်ရှိအချိန်မှာ နေထိုင်ကြသူများသည် လူနည်းစုသာဖြစ်နေတတ်ပါသည်။ အတိတ်ကိုလည်း မမေ့နိုင်၊ အနာဂတ်ကိုလည်းမျှော်ကြည့်နေတတ်ကြပါသည်။ အတိတ်သည် မေ့ပစ်ရမည်မဟုတ်သော်လည်း မေ့ထားသင့် သောအရာဖြစ်မည်ဖြစ်ထင်ပါသည်။ အနာဂတ်ဆိုသည်လည်း မသေချာ မရေရာသော ကာလတစ်ခုပင်ဖြစ် နေပါသည်။ လူတို့၏ အသက်တမ်းသည် တဖြည်းဖြည်းဆုတ်ယုတ်နေကြသည်ဖြစ်ရာ မိမိတို့သည် မည်သည့် အချိန်၊ မည်သည့်နေရာ၊ မည်သည့်ပုံစံမျိုးဖြင့် မရဏခရီးကို လျှောက်လှမ်းကြရမည်ကို မသိကြရာ လက်ရှိ ဖြစ်သော ပစ္စုပ္ပန်ကို အကျိုးရှိရှိ အသုံးချကာ နေထိုင်သင့်သည်ဟုလည်း မြင်မိပါသည်။ လက်ရှိအချိန်ကို ကောင်းစွာ အသုံးချခြင်း မရှိပဲနှင့် အနာဂတ်ကောင်းကို မျှော်မှန်းမရနိုင်ပါ။ မသေချာသော မနက်ဖြန် သည် လူတို့၏ အသက်ရှင်ခြင်း၊ မရှင်ခြင်း နှင့် သက်ဆိုင်နေပါသည်။ ဆရာကြီး ပီမိုးနင်း ပြောခဲ့သော စကားလေးကို အမြဲအမှတ်ရမိပါသည်။ “အတိတ်တွင် အလုပ်လုပ်လို့မရ၊ အနာဂတ်တွင်လည်း အလုပ်လို့မရ၊ ပစ္စုပ္ပန်မှာသာ အလုပ်လုပ်လို့ရလေသည်” မှန်ကန်သော စကားဖြစ်သည်ဟုယူဆမိပါသောကြောင့် ယနေ့အချိန်တိုင် မမေ့နိုင်ပါ။
မှားယွင်းမှုများရှိခဲ့သော အတိတ်ကိုလည်းကောင်း၊ ရွှေထီးဆောင်းခဲ့ဖူးသော အတိတ်ကိုလည်းကောင်း ပြန်ပြောင်းတွေးတောနေခြင်းသည် လက်ရှိအချိန်တွင် မိမိအတွက် မည်သည့်အကျိုးတရားမျှ ရနိုင်မည်မဟုတ် ပါ။ ထို့အတူ မမြင်နိုင်၊ မသိနိုင်သေးသော အနာဂတ်အား လှမ်းမျှော် စိတ်ကူးယဉ်နေခြင်းသည်လည်း လက်ရှိ အချိန်တွင် မိမိတို့အတွက် မည်သည့်အကျိုးတရားမျှ ရနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့သည် လက်ရှိ အချိန်တွင် မိမိတို့ စွမ်းနိုင်သလောက် ကြိုးစားအားထုတ်သင့်သည်ဟုလည်း ထင်ပါသည်။ အတိတ်သမိုင်းသည် အတုယူ၊ ဆင်ခြင်၊ သင်ခန်းစာယူ၊ ပြုပြင်သင့်သည်ကိုပြုပြင်ကြရန်အတွက် ဖြစ်ပါသည်။ ၀မ်းနည်းခြင်း၊ ပူဆွေး သောကရောက်နေခြင်း၊ ၀မ်းသာခြင်းပြုလုပ်နေရန်မဟုတ်ပါ။ လက်ရှိအချိန်အား ကောင်းမွန်စွာ အသုံးချသော သူတို့သည် နောင်အနာဂတ်တွင် ကောင်းမွန်သော အကျိုးတို့ကို ခံစားရရှိမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဆေးခြောက်စွဲ၊ ဘိန်းစွဲ နေသူသည် အနာဂတ်ကောင်းကို မျှော်မှန်းကြည့်နိုင်မည်မဟုတ်ပါ။ သို့သော် အတိတ်က ဆေးစွဲ၊ ဘိန်းစွဲခဲ့ပြီး လက်ရှိအချိန်တွင် ဆေးဖြတ်၊ ဘိန်းဖြတ်ရန် ကြိုးစားနေသူသည် အနာဂတ်ကောင်းကို မျှော်မှန်းနိုင်မည်ဖြစ်ပါသည်။ အနာဂတ်ကို ကြိုမြင်နိုင်ခြင်းမရှိသော ကျွန်တော်တို့ သာမန်လူသားများအတွက် အနာဂတ်ကို ကြောက်နေရန်လည်းမဖြစ်နိုင်ပါ။ ပူပန်စိုးရိမ်ခြင်း ဖြစ်နေ၍လည်း လက်ရှိအတွက် အကျိုးမရှိသည့် အပြင် ရောဂါတို့၏ ၀င်ရောက်နှိပ်စက်မှုကိုပင် ခံနိုင်ရဖွယ်ရှိပါသည်။ ပစ္စုပ္ပန်ကောင်းလျှင် အနာဂတ်ကောင်းနိုင်ပြီး ပစ္စုပ္ပန်မကောင်းသော် အနာဂတ်ကောင်းကို မျှော်လင့်မရဖြစ်ပါမည်။
ကျွန်တော်တို့အနေဖြင့် စာများကိုဖတ်ရှုရာတွင် စိတ်မ၀င်စားသောအပိုင်း သို့မဟုတ် မကောင်းသောအပိုင်း သို့မဟုတ် မနှစ်သက်သောအပိုင်းတို့အား ကျော်လွှားကာ ဖတ်ရှုနိုင်ပါသည်။ သို့သော် ဘ၀ခရီးလမ်း စာအုပ်ကြီးအား ဖတ်ရှုရာတွင် ထိုသို့ စာမျက်နှာကျော်လွှားကာ ဖတ်ရှုနိုင်မည်မဟုတ်ပါ။ မနှစ်သက်သောအပိုင်း အား ဖြတ်ထုတ်ကျော်လွှား လုပ်မရနိုင်ပါ။ မကောင်းသောအပိုင်းတို့အား ချန်လှပ်ထား၍မရနိုင်ပါ။ ကောင်းမွန်သော အနာဂတ်ကို ရယူပိုင်ဆိုင်လိုပါက လက်ရှိဖြစ်သော ပစ္စုပ္ပန်အချိန်အား ကောင်းမွန်စွာ အသုံးချ ကြရမည်ဖြစ်ပါသည်။ မိမိတို့ပြုခဲ့ဘူးသော အတိတ်ကံ မတူညီကြသည့်အတွက် ဘ၀ပေးအခြေအနေတို့သည် တစ်ဦး နှင့် တစ်ဦး တူညီနိုင်ကြသည်မဟုတ်ပါ။ မမြင်နိုင်၊ မသိနိုင်သော အတိတ်ကံကို ကျွန်တော်တို့အနေဖြင့် ဘာမျှ လုပ်ပိုင်ခွင့်မရတော့ပါ။ ဘာမှလုပ်လို့လည်း မရတော့ပါ။ ပြီးဆုံးသွားခဲ့သော အတိတ်ကံအတွက် ၀မ်းနည်း ကာ လက်ရှိအချိန်ကို ပစ်ပယ်ပါက အနာဂတ်သည်လည်း လက်ရှိအချိန်နှင့် ထူးမခြားနားသာဖြစ်နေဦးမည်ဖြစ် ပါသည်။ ဘ၀ပေးအခြေအနေအရ လက်ရှိအချိန်တွင် နိမ့်ကျနေသော်လည်း ပစ္စုပ္ပန်အချိန်အား ကောင်းစွာ အသုံးချမည်ဆိုပါက အနာဂတ်တွင် ကောင်းသောအလားအလာများ သီးပွင့်လာနိုင်မည်ဖြစ်ပါသည်။ ယနေ့ ဖြစ်ပေါ်နေသော ပြဿနာတစ်ရပ်ကို အကောင်းမွန်ဆုံးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဆိုပါက မနက်ဖြန် သည် ကျွန်တော်တို့အတွက် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်။ ယနေ့ မကောင်းမှုတစ်ခုအား ရယ်ကာမောကာဖြင့် ပြုလုပ်ခဲ့ခြင်းသည် မနက်ဖြန်အတွက် ငိုကြွေးစရာ ကိစ္စရပ်တို့အား ဖြစ်ပေါ်လာစေနိုင်ပါ သည်။ လက်ရှိအချိန်ကို ကျွန်တော်တို့မည်သို့ အသုံးချခဲ့ပါသနည်းဆိုသည်က ပိုအရေးကြီးမည်ဖြစ်ပါသည်။ လက်ရှိအချိန်ကိုသာ ကျွန်တော်တို့ အသုံးချနိုင်ပါသည်။ မည်သို့အသုံးချသနည်းဆိုသည့် အကြောင်းတရားပေါ် တွင်သာ မူတည်နေပါသည်။
ဒီနေ့ကျွန်တော်တို့ ကျွန်တော်တို့ ဘာလုပ်နေသလဲဆိုတာပေါ်မှာ မူတည်ပြီး မနက်ဖြန် ဘာဖြစ်လာမယ်ဆိုတာ် ပေါ်လာရတတ်ပါသည်။ အတိတ်ဆိုသည်မှာလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သလို အနာဂတ်သည်လည်း ကျွန်တော်တို့ ဘာမှကြိုမသိနိုင်ပါ။ လက်ရှိအချိန်မှာ နေထိုင် ပြုမူချက်များကို အကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းသည်သာ အနာဂတ် ကောင်းကျိုးအတွက် ကြိုးစားခြင်းဖြစ်ပါမည်။ ကိုယ့်သမိုင်း ကိုယ်ရေးနေကြရခြင်းသာဖြစ်ပါသည်။ ပစ္စုပ္ပန် ဖြစ်သော လက်ရှိချိန်သည် ကျွန်တော်တို့အတွက် ကောင်းမွန်သော အနာဂတ်အသီးအပွင့်များ သီးပွင့် စေနိုင်သော အချိန် ဖြစ်ပါသည်။ ယနေ့ ကျွန်တော်တို့ ကောင်းကျိုးခံစားနေကြရခြင်း၊ ဆိုးကျိုးခံစားနေကြရခြင်း တို့သည် ရှေးရှေးလူများ၏ ပစ္စုပ္ပန်အချိန်ကို ကောင်းစွာ အသုံးချခဲ့ခြင်း၊ ဆိုးရွားစွာ အသုံးချခဲ့ခြင်းတို့အပေါ်တွင် မူတည်နေပါသည်။ ယနေ့ ကျွန်တော်တို့ ကောင်းကျိုးများခံစားနေရပါက နောင်မျိုးဆက်များလည်း ဆက်လက် ကောင်းကျိုး ပိုမိုခံစားနိုင်ရန် ကြိုးစားသင့်သကဲ့သို့ မကောင်းကျိုးခံစားနေကြရပါကလည်း နောင်မျိုးဆက်များ ကျွန်တော်တို့ကဲ့သို့ မခံစားကြရစေရန် ကျွန်တော်တို့ အားသွန်ခွန်စိုက် ကြိုးစားသင့်သည် မဟုတ်ပါလော။ အနာဂတ်ကိုတွေးတောကာ ကြောက်နေရန်မဟုတ်ပဲ လက်ရှိ ပစ္စုပ္ပန်အချိန်ကို ကောင်းမွန်သော အလုပ်တို့ဖြင့် ဖြတ်သန်းရန်သာ အရေးကြီးမည်ဖြစ်ပါသည်။ ပစ္စုပ္ပန်ကို ကောင်းမွန်သော အလုပ်တို့ဖြင့် ကောင်းစွာ အသုံးချပြီး ကောင်းမွန်သော အနာဂတ်ကို ကြိုဆိုကြရန်လိုပါသည်။ ပစ္စုပ္ပန်ကို ကောင်းအောင် ကြိုးစားပြီး နေနိုင်ကြပါစေ။ ယနေ့ ရယ်မောပျော်ရွှင်စွာ လုပ်ကိုင်ခဲ့သော အလုပ်တို့သည် မနက်ဖြန်အတွက်လည်း ရယ်မောပျော်ရွှင်စေနိုင်သော အလုပ်များဖြစ်နိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
18-Jul-2018 ဗုဒ္ဓဟူးနေ့(Wednesday)