အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
နှစ်ဟောင်းလွန်လို့ နှစ်သစ်ဆန်းစ ပထမဆုံးနေ့ရက်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်... အဟောင်းလွန်လို့ အသစ်ပြောင်းခဲ့ပါပြီ... နှစ်သစ်တစ်နှစ်ကို ကူးပြောင်းသွားတဲ့ အခုလို နှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်း ပြည့်စုံစေကြောင်းကိုလည်း ထုံးစံအတိုင်း ဆုတောင်းပေးလိုက်ရပါတယ်... Happy New Yearလို့တော့ အော်နေရမည့်အချိန်မဟုတ်လေတော့ ပျော်ရွှင်ပါစေလို့ မပြောလိုတော့ပါဘူး... ဘာကြောင့်လဲဆိုတော့ ဆုတောင်းပေးတိုင်း ဖြစ်လာမှာမှ မဟုတ်တာကိုး...
နှစ်တစ်နှစ်က ကုန်ဆုံးလို့ နှစ်တစ်နှစ်ရဲ့ အစ ပထမဆုံးရက်ကိုတော့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေကြောင်းကိုတော့ ပြည့်ပြည့် မပြည့်ပြည့် ထုံးစံအတိုင်း ဆုတောင်းပေးကြစမြဲ... မင်္ဂလာဆိုတာ ကိုယ်တိုင်လုပ်ယူရတာဖြစ်တဲ့အတွက် ဆုတောင်းက အထောက်အပံ့တော့ ပေးနိုင်ကောင်းပါရဲ့... မည်သို့ပင်ဆိုစေကာမူ နှစ်ဟောင်းက ကျွန်တော်တို့ရဲ့ မကောင်းတဲ့အကျင့်စရိုက်ဆိုးတွေကိုတော့ နှစ်ဟောင်းနဲ့အတူ စွန့်ပစ်ခဲ့သင့်ပါပြီ... နှစ်သစ်မှာ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေကို သယ်ယူမလာရင် မင်္ဂလာရှိလာမယ်လို့ မျှော်လင့်မိပါတယ်...
နှစ်သစ်ကူးအခါသမယအချိန်အခါနေ့ရက်တို့ ကွဲပြားခြားနားတတ်ပေမယ့် အများစုကတော့ ဒီနေ့ ဇန်နဝါရီလ(၁)ရက်ကို နှစ်သစ်ကူး နှစ်ဆန်းတစ်ရက် အဖြစ် သတ်မှတ်ကျင့်သုံးခဲ့ကြပြီး ကောင်းမွန်ရာများကိုသာ ပြုလုပ်တတ်ကြပါတယ်... ကောင်းကျိုးမင်္ဂလာရရှိဖို့ကလည်း ကောင်းတဲ့အလုပ်ကိုလုပ်မှ ဖြစ်မှာမဟုတ်လား... ဒီတော့ နှစ်သစ်ဉီးရဲ့ ပထမဆုံးနေ့ရက်မှာ မကောင်းတာတွေကို မလုပ်ခြင်းနဲ့ ကြိုဆိုကြခြင်းလည်း ဖြစ်မယ်ထင်ပါတယ်... နှစ်သစ်ကူးအစမှာတော့ ကောင်းကျိုးမင်္ဂလာရရှိချင်ကြလို့ ကောင်းတာတွေကို လုပ်ခဲ့ပြီး နောက်နေ့ကစလို့ မကောင်းတဲ့အလုပ်တွေကို လုပ်နေရင်တော့ ကောင်းကျိုးမင်္ဂလာ ဖြစ်လာမယ်မထင်ပါပေါ့...
မြန်မာနိုင်ငံမှာလည်း နှစ်သစ်ကူးအချိန်အခါဆိုတာ ရှိတယ်မဟုတ်လား... ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ သူများတွေထက်ကို ထူးပါသဗျ... သင်္ကြန်အချိန်အခါပြီးလို့ ကျရောက်တဲ့ နှစ်သစ်ကူးသာမဟုတ်ပဲ ကရင်နှစ်ကူးပွဲ၊ ချင်းနှစ်ကူးပွဲ၊ ကယားနှစ်ကူးပွဲ စသဖြင့်လည်း ရှိတယ်မဟုတ်လားဗျာ... တိုင်းရင်းသားလူမျိုးများရဲ့ ဓလေ့ထုံးတမ်းတွေအတိုင်း နှစ်ကူးပွဲဆိုတာရှိကြသေးတော့ကာ အခြားလူမျိုး အခြားတိုင်းပြည်များထက်ပိုထူးတာပေါ့ဗျ... ဘယ်လိုပဲပြောပြော ဘယ်လိုပဲကွဲပြားကွဲပြား မကောင်းတဲ့ အညစ်အကြေးတွေကိုတော့ ခဝါချလို့ အကောင်းကိုမျှော်ကိုးတဲ့နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်...
နေ့ရက် အချိန် နာရီ စက္ကန့်တို့ မည်သို့ပင် ကွဲပြားခြားနားနေပေမယ့်လည်း လူမျိုးတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်တဲ့အခါ ပြုလုပ်ကြတဲ့ နှစ်သစ်ကူး ကျင်းပကြရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ဆန္ဒကတော့ အတူတူပဲဖြစ်ပါတယ်... တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း မည်သို့ပင်ကွဲပြားခြားနားနေကြသော်လည်း လူမျိုးတိုင်းရဲ့ ဆန္ဒနဲ့ရည်ရွယ်ချက်ကတော့ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံချင်သော ဆန္ဒ၊ ပိုမိုကောင်းမွန်တိုးတက်စေလိုသော ရည်ရွယ်ချက်တို့ဖြင့် နှစ်သစ်ကူးပွဲများကို ကျင်းပနေခြင်းဖြစ်သောကြောင့် နှစ်သစ်မှာ အကြံသစ် ဉာဏ်သစ်တို့နဲ့ တိုးတက်ချမ်းသာအောင်မြင် ကြီးပွား စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ နိုင်ငံအကျိုး ကိုယ့်အကျိုးကို သယ်ပိုးနိုင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်...
အားလုံးကို လေးစားလျှက် -