သီတင်းကျွတ်တော့မည်

နက်ဖြန် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ချေ၏။ ဝါလ ကင်းလွတ်တော့မည် ဖြစ်၏။ မိုးလေလည်း ကင်းမည် ထက်ပါ၏။ ဟိုး ယခင်ကတော့ ဝါလ ကင်းလွတ်၊ မိုးလေ ကင်းလွတ် သီတင်းကျွတ်ဆိုပြီး ပြောခဲ့ကြ၏။ ဝါလကတော့ ကင်းပါရဲ့၊ မိုးလေ ကင်းလွတ်ဖို့က မသေချာပေ။ မထင်ရင် မထင်သလို ရွာနိုင်သေး၏။ ရေကြီး ထားသည့် နေရာတွေက ခုမှ ရေလေး ပြန်ကြပြီး ပြန်လည် ထူထောင်ရေးတွေ စနေတုန်း ရှိသေး၏။ ထပ်ရွာရင်တောင် မိုးမကြီးဖို့ ရေမများဖို့သာ မျှော်လင့်ရမည်။

ရွာတုန်းက အားနဲ့ ရွာပြီး ပူချိန်ကြ တအားပူပစ်မယ် ဆိုရင်လည်း အဆင်မပြေပေ။ တော်သလင်းနေ ပုဇွန်သေ ဆိုပြီး ဆိုထားသည် မဟုတ်လား။ နေပူ ညချမ်း ဆိုသည့် ဆောင်းရာသီသို့ ချဉ်းနင်း ဝင်ရောက်လို့ လာတော့မည် ဖြစ်၏။ တခြားဒေသတွေတော့ မသိပေမယ့် တောင်ပေါ်ဒေသမှာတော့ ညပိုင်းတွေ နည်းနည်း အေးစ ပြုလာနေပြီ ဖြစ်၏။ စောင်တွေ ထုတ်ထား၊ အနွေးထည်တွေ ထုတ်ထားရတော့မည်။ စစ်ဘေးရှောင် ပြည်သူတွေ အဖို့ မိုးပြီးတော့ ဆောင်းဒဏ်ကို ဖြတ်သန်း ကြရပေလိမ့်ဦးမည်။

လပြည့် လကွယ်လို အခါကြီး ရက်ကြီးဆို ကျနော်တို့ဆီမှာ ဘုန်းကြီးကျောင်းတက်ကြလေ့ ရှိ၏။ လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး ဥပုသ် သီလ ကုသိုလ် ယူကြ၏။ ဒီနှစ် သီတင်းကျွတ်လပြည့်တော့ ကျနော်တို့ ဘုန်းကြီးကျောင်း မတက် ဖြစ်လောက်ပေ။ အမေ နေလို့ မကောင်းသောကြောင့် ဖြစ်၏။ ဆေးရုံကဆင်း သက်သာ နေပြီ ဆိုပေမယ့် အားလိုနေသေးသောကြောင့် အနားယူဖို့ လို၏။ ပြီး ထိုရက်တွေက ကျောင်းမှာ လူများတော့ အမေ စိတ်ရှုပ်မှာလည်း စိုးရ၏။

နက်ဖြန် ကျောင်း မတက် ဖြစ်လောက်ပေမယ့် ဒီနေ့တော့ ဘုန်းကြီးကျောင်း ရောက်ဖြစ်ကြ၏။ ဝါဆို သင်္ကန်း ကပ် ခြင်း ဖြစ်၏။ ကနဦးက အိမ်မှာ ဘုန်းကြီးပင့်ပြီး ကပ်ဖို့ ရည်ရွယ်ထားကြခြင်း ဖြစ်၏။ အမေ နေမကောင်းလို့ ဆေးရုံ တက်လိုက်ရတာနဲ့ ထိုအစီအစဉ်က အထ မမြောက်လိုက်ပေ။

သီတင်းကျွတ်လပြည့် ပြီးမှ သင်္ကန်းကပ်ရင် ဝါဆို သင်္ကန်းမဟုတ်တော့ဘဲ ကထိန်သင်္ကန်း ဖြစ်သွားပြီ ဆိုလားပဲ။ သို့နှင့် အမေက အိမ်မှာ မကပ်ဖြစ်ရင်တောင် ကျောင်းသွားကပ်မယ်ဟု ဆိုပြီး ဒီနေ့ ဘုန်းကြီးကျောင်းသွား ဖြစ်ခဲ့ခြင်း ဖြစ်၏။ ဆွမ်းကပ်ပြီး ဝါဆို သင်္ကန်းပါ တပါတည်းကပ်ပေါ့။ ကျနော်တို့သွားချိန် ကျောင်းထိုင် ဆရာတော်လည်း ရှိနေတော့ အမေ့၏ ဆရာတော်ကို ဖူးချင်သည့် အာသီသလည်း ပြည့်လို့ သွားခဲ့၏။

လှူဖွယ်ရာ ဆပ်ကပ် လှူဒါန်းပြီး ကျနော်တို့လည်း ပြန်လာခဲ့တော့၏။ ယနေ့ အလှူအဖို့ပါကကို မိတ်ဆွေတို့အား အမျှပေးဝေပါ၏။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center