အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဘဝဆိုတာ ရလာကတည်းက အခက်မျိုးစုံပါလာပြီးသားပဲ။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာ စိတ်ဖိစီးစရာတွေတွေ့မယ်။ အခက်အခဲတွေ အဆင်မပြေတာတွေနဲ့တွေ့မယ်။ စိတ်ထိခိုက်လို့ ဝမ်းနညါးလို့ မျက်ရည်ကျရတဲ့နေ့ရက်တွေနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရမယ်။ အခက်အခဲတွေ စိတ်ညစ်စရာ စိတ်ပျက်စရာ ဝမ်းနည်းစရာတွေကြားမှာ နေတတ်အောင် ကြိုးစားနေကြရတာပဲ။
တခါတခါမှာ စိတ်ရှုတ်စရာကောင်းလောက်တဲ့ ရွေးချယ်မှုဆိုတာတွေနဲ့လည်း တွေ့ရတတ်တယ်။ ရွေးချယ်ဖို့ခက်ခဲတတ်တဲ့အချိန်တွေနဲ့လည်း ဆုံရမယ်။ အခြေအနေတွေ ဘယ်လိုပဲဖြစ်နေပါစေ။ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းလို့ စိတ်ကောင်းမွေးမြူနိုင်ဖို့ကြိုးစားနေထိုင်နိုင်အောင် ကြိုးစားကြရတာပဲ။ အဲဒီလိုမှ မနေနိုင်ရင် လူမသိ သူမသိ ချောင်ကြို ချောင်ကြားမှာ တစ်ကိုယ်တည်း စိတ်ပျက် လက်ပျက်ဖြစ်ပြီး သေဆုံးရတတ်ပါတယ်။
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမှာဖြစ်သလို ယုံကြည်မှု မလွန်ကဲဖို့လည်းလိုအပ်တယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးရမှာဖြစ်သလို အခြားသူတွေကိုလည်း လေးစားတတ်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ်တိုင်က ပျော်ရွှင်ချင်သလို အခြားသူတွေလည်း ပျော်ရွှင်ကြပါတယ်။ ကိုယ့်မှာ ရည်မှန်းချက် ရည်ရွယ်ချက်ရှိသလို အခြားသူတွေကလည်း သူတို့ ရည်ရွယ်ချက် ရည်မှန်းချက်တွေရှိကြတယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်ပေးတတ်ရမယ်။
ဘယ်အရာကိုပဲလုပ်လုပ် စေတနာထားလုပ်ရင် ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် မတရားမှုဆိုတာတွေ ပပျောက်ကုန်မှာအမှန်ပဲ။ သူခိုးဆိုရင်တောင် ပစ္စည်းပိုင်ရှင်ကို စေတနာထား ကိုယ်ချင်းစာတရား နှလုံးသွင်းခဲ့ရင် ရှိသမျှပစ္စည်းကို အကုန်ခိုးယူသွားမှာမဟုတ်ဘူး။ ခိုးလည်းခိုးသေး စေတနာလည်းမထား ကိုယ်ချင်းစာစိတ်ဆိုတာ ဘာမှန်းမသိရင်တော့ လောကကြီးက ပျက်စီးနေအုံးမှာ အမှန်ပါပဲ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -