Shan State Futsal League

Words
191
Reading
1 min
Listen
Play
2M

Shan State Futsal League ကို ၈ လပိုင်းထဲမှာ ကျင်းပမည် ဟု ပြီးခဲ့သော အစည်းအဝေးမှာ ပြောခဲ့၏။ ဒီတကြိမ်တော့ သေချာပြီ ထင်ပါရဲ့ ၄ လပိုင်း ကတည်းက စလာသည့် ဇာတ်လမ်း ခုထိ အကောင်အထည် မပေါ်သေးပေ။ ရွှေ့လာ ရွှေ့လာ လိုက်တာ အချိန်အားဖြင့် ၄ လထိတောင် ကြာခဲ့ပြီ။ စာရင်းပေးထားသည့် အချို့အသင်းတွေလည်း နှုတ်ထွက်ကုန်ပြီ။ ကျင်းပရန် ရည်ရွယ်ထားသည့် ၁၂ သင်းအစား ၁၀ သင်းသာ ကျန်တော့၏။ ၁၀ သင်းထဲနဲ့ပဲ လိဂ်ပွဲကို စတင်မည် ဆို၏။

လိဂ်က ၂ ကျော့ ကစားရမည် ဖြစ်၏။ အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့်ပေါ့။ အသင်းတွေမှာ ကိုယ်ပိုင်ကွင်း မရှိပေမဲ့လည်း ၂ ကျော့ ပုံစံ ကစားမည် ဖြစ်၏။ အဖွဲ့ချုပ် ကျင်းပသည့် ပုံစံအတိုင်းပေါ့။ ၁၀ သင်း ဆိုတော့ ပထမကျော့ ၉ ပွဲ၊ ဒုတိယကျော့ ၉ ပွဲ စုစုပေါင်း ၁၈ ပွဲ ကစားရမည် ဖြစ်၏။

အချိန် ရွှေ့လာနေရသည့် နောက်ထပ် အကြောင်းအရင်းက Futsal ပြိုင်ပွဲ အတွက် သုံးမည့်ကွင်းက ဘက်စုံသုံး ကွင်း ဖြစ်နေသောကြောင့် ဖြစ်၏။ အခြား အားကစားပြိုင်ပွဲများကိုလည်း အဆိုပါ ကွင်းမှာ ကျင်းပေလေ့ ရှိ၏။ လက်ရှိမှာ ပြည်နယ်အဆင့် Basketball ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေ၏။ ပြီးခဲ့သော ရှေ့လမှာတုန်းက Volleyball ပြိုင်ပွဲ အိမ်ရှင်။ ထို့ကြောင့် ကွင်းမအား၊ မရနေတာနဲ့ Futsal League က နောက်ဆုတ်ရင်း ဆုတ်ရင်း ဒီလောက်ထိ ကြာလာခဲ့ခြင်း ဖြစ်၏။

တနေ့က အစည်းအဝေးမှာတော့ ပြိုင်ပွဲဝင်အသင်းများအတွက် form တွေ ထုတ်ပေး၏။ ဖြည့်ရပေလိမ့်ဦးမည်။ စနစ်တကျ လုပ်ကြရပေဦးမည်။ ဒါမှလည်း တိုးတက်ကောင်းမွန်မည် မဟုတ်လား။ ပထမဆုံး ကျင်းပသည့် လိဂ်ပြိုင်ပွဲဆိုတော့ အဖွဲ့ချုပ် အနေဖြင့်လည်း ဖိအား အနည်းနဲ့ အများ ရှိနေ၏။

အသင်းတိုင်းမှာ အသက် ၂၀ အောက် ကစားသမား ၄၊ ၅ ယောက်တော့ ရှိနေဖို့ လို၏။ In game ထဲမှာ ၂ ‌ယောက် မဖြစ်မနေ ရှိနေရမှာ ဆိုတော့ အနည်းဆုံး ၄ ယောက်တော့ ရှိနေဖို့ လိုမည်။ တချို့ အသင်းတွေမှာ အဆိုပါ ၂၀ အောက် ကစားသမား လိုအပ်ချက်တွေ ရှိနေ၏။ ကျနော်တို့အသင်းမှာတော့ ၂၀ အောက် ၈ ယောက်လောက် ရှိနေတော့ အဆင်ပြေ၏။ Training မှန်မှန် လုပ်နေပေမဲ့ ခုထိတော့ လိုအပ်ချက်တွေ ရှိနေဆဲပင်။ ပြိုင်ပွဲ မတိုင်မီ အဆင်ပြေပြေ ဖြစ်လာနိုင်ဖို့ အားလုံး စုစည်း လုပ်ဆောင်နေပါ၏။

Shan State Futsal League | Ecency