အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ကျွန်တော်တို့ #HIVE-MYANMAR ထဲမှာ အိမ်ထောင်မကျသေးတဲ့ အပျိုလေးတွေ အပျိုဂျီးတွေ ရှိနေအုံးမယ်ထင်တယ်... အဓိက ကတော့ မိန်းကလေးတွေအတွက် သတိရစရာ သတိထားစရာ စကားလေးတစ်ခွန်းကို လက်ဆောင်ပါးချင်ပါတယ်ဗျ... တိုက်ဆိုင်ဆိုင် မတိုက်ဆိုင်ဆိုင် ယောကျ်ားသားများလည်း သတိထားနိုင်ရင် ကောင်းမယ်ဗျို့... အကျိုးမယုတ်နိုင်ပါဘူးလေ... လူ့လောကကြီးမှာ ကျင်လည်နေရသမျှတော့ အဲဒီစကားလေးက အသုံးဝင်နေတဲ့ အဖိုးတန် စကားလုံးလေးတွေ ဖြစ်မယ်ထင်တယ်ဗျ... ဒါကြောင့်လည်း မျှဝေချင်မိတာပါ... ကဲ စကားတွေရှည်နေပြီ...
တန်ဖိုးရှိပြီး မိန်းကလေးများအတွက် လိုက်နာကျင့်သုံးသင့်တဲ့ စကားတွေကိုပြောသွားခဲ့သူကတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြတဲ့ မသိရင်လည်း ကြားဖူးနားဝတော့ရှိကြတဲ့ သူတစ်ယောက်ပဲ... "ဝိသာခါကျောင်းအမကြီး" အပျိုဘဝတုံးက ပြောခဲ့တဲ့စကားလေးလို့ ဖတ်မှတ်ဖူးပါတယ်ဗျ... သတိထား မှတ်သားစရာ စကားလေးက ဘာများလဲဆိုတော့ "ကျမတို့ မိန်းမသားတွေဟာ ရောင်းကုန်ပစ္စည်း ဖြစ်ပါတယ်"တဲ့... အစွပ်စွဲခံရတယ်ဆိုတာက နာမည်ပျက်ဖို့ပဲ... ဒီတော့ကာ အစွပ်စွဲ မခံရဖို့ အရေးကြီးတယ်ဗျို့... ဘာမှမဟုတ်ပဲ ဟိုလူနဲ့စွပ်စွဲ ဒီလူနဲ့စွပ်စွဲဆိုတာမျိုးပေါ့လေ... ရောင်းကုန်ဆိုတာမျိုးက အချိန်ကြာလေ မလတ်ဆတ်လေဖြစ်ပြီး ဈေးကျလေပဲ 😄 မယုံရင် နောက်နေ့ဈေးသွားတဲ့အခါ ကြက်ငှက်တုတ်ကွေးတွေဖြစ်နေတယ်လို့ သတင်းဖြန့်ကြည့်လိုက်(အရိုက်ခံ အဖမ်းခံရရင်တော့ ကျုပ်နဲ့ဆိုင်ဘူး 😝)... သတင်းဖြန့်တာအောင်မြင်ရင် နောက်နေ့ ကြက်သားတန်းလူရှင်းပြီသာမှတ် 😁
သေချာစဉ်းစားကြည့်လိုက်တော့ ဝိသာခါကျောင်းအမကြီးက မိန်းမသားဖြစ်လို့ မိန်းမသားတွေဟာလို့ သုံးနှုံးသွားတယ်လို့ ထင်ပါတယ်... တကယ်တော့ ယောက်ျားသားတွေကလည်း ရောင်းကုန်ပစ္စည်းပါပဲလေ... ဝိသာခါကျောင်းအမကြီးက ဘာကိုရည်ရွယ်ပြီး ပြောတာလဲတော့ မသိပါ... ကျွန်တော်သဘောပေါက်မိတာ စဉ်းစားမိတာကတော့ ရောင်းကုန်ပစ္စည်းဆိုတာက နာမည်မပျက်ဖို့ နာမည်ဆိုးမထွက်ဖို့ အတော်အရေးကြီးပါတယ်... နာမည်ပျက်ပြီ နာမည်ဆိုးထွက်ပြီ ဆိုတော့မှ ဘယ်လိုမှ လိုက်ပြင်လို့ မရတော့ဘူး... ဒါက စဉ်းစားမိတာ ပြောတာပါ...
အပျိုကလေးတွေ အပျိုကြီးတွေ ရောင်းကုန်ပစ္စည်းလိုပဲဆိုတော့ကာ နာမည်ပျက်မထွက်ဖို့ နာမည်ဆိုးမဖြစ်ဖို့ အရေးကြီးတယ်ပေါ့ဗျာ... အဲ-လူပျိုလေးတွေ လူပျိုကြီးတွေလည်း အတူတူပဲနော်... သတိထားကြဗျို့... နဂိုကတည်းကမှ အရောင်းထိုင်း ရောင်းမစွံဖြစ်နေတဲ့ လူပျိုကြီးတွေ ပိုသတိထားကြပေါ့လေ... ကုန်ပစ္စည်းတစ်ခုဟာ အမှန်တကယ် နာမည်ပျက်တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဝယ်မယ့်သူနောက်တွန့်သွားတတ်ကြသလိုပဲ နောက်တွန့်ကုန်ကြရင်ဖြင့် ခက်ကရောပဲနော်... ငှက်ပျောတုံးဖက်အိပ်နေရမှဖြင့် ခုလိုဆောင်းတွင်းဆို အေးစက်စက်ကြီး ဖြစ်နေမယ် 😂
လူအများကပြောတတ်ကြသေးတယ်... ချီးမွမ်း(၇)ရက် ကဲ့ရဲ့(၇)ရက်တဲ့... ချီးမွမ်း တစ်မနက် ကဲ့ရဲ့ တစ်သက်လုံးဖြစ်နေတာမသိပဲ ချသာချလို့မြှောက်ပင့်ပေးတတ်တဲ့သူတွေကလည်း ရှိသေးသနော်... အဲလိုလူတွေတော့ သတိပြုကြပေါ့... ကိုယ့်ကုန်ပစ္စည်းလေး နာမည်ပျက်သွားရင် တစ်သက်တာ ရောင်းမစွံ ငှက်ပျောတုံးချစ်သူဖြစ်နေလိမ့်မယ်... ဒါလောက် အေးစက်စက်ကြီးကိုများ ဘယ်လိုလုပ် ကိုယ့်ဘေးနား ထားအိပ်နိုင်ကြပါလိမ့်ဗျာ... မိမိကိုယ်နား ငှက်ပျောတုံးထား အေးစက်စက်နဲ့ညား အဲသလို ဘဝများ လွတ်ကင်းကြပါစေ 😂 သေရင်တောင် ငှက်ပျောတုံးထည့်ပေးကြသေးတယ်တဲ့... ဘာ့ကြောင့်မှန်းတော့ သေချာမသိဘူး....
နာမည်ပျက်တယ်ဆိုတာကလေ ဘာနဲ့တူသလဲဆိုတော့က ဘာမှမဖြစ်လောက်ပါဘူးဆိုတာကနေ အကြီးအကျယ်ဖြစ်သွားတာမျိုး... အဲ- အမှိုက်ကစ ပြဿဒ်မီးလောင် ဆိုတာမျိုးဖြစ်ကရောပဲနော်... အမလေး ဟိုကောင် ဟိုကောင်မတွေ ပလူးပလဲနေကြတာ သွားမပြောလေနဲ့... အဲဒီလိုလူမျိုးတွေနဲ့များ သွားမယှဉ်လိုက်နေနဲ့... စကားလေးတစ်ခွန်း အဆစ်ထပ်ထည့်ပေးအုံးမယ်... လက်နှီးစုတ် ညစ်ပတ်နေတာကို ဘယ်သူကမှ မကဲ့ရဲ့ပေမယ့် ပုဝါ အစွန်းအထင်း ဖြစ်ရင်တော့ ကဲ့ရဲ့မဆုံး ဖြစ်တတ်တယ်... အားလုံးပဲ နာမည်ဆိုး နာမည်ပျက်ဘေးကနေ ကင်းအောင်နေထိုင်နိုင်ကြပါစေဗျာ... နောက်ကြုံမှ ဆက်ရေးအုံးမယ်ဗျာ 😄
အားလုံးကို လေးစားလျှက် -