ဆက်လက် ကစားတဲ့ Week 2 ရဲ့ ပွဲစဉ် ၄ ပွဲမှာ ၂ ပွဲက သရေ၊ ၂ ပွဲက အရှုံးအနိုင်ရလဒ် အဖြေပေါ်ခဲ့၏။ Liverpool ကတော့ ၂ ပွဲဆက် သရေ ရလဒ် ရရှိသွားခဲ့၏။ New Castle နဲ့ အဝေးကွင်းမှာ ၂-၂၊ ခု Nottm Forest နဲ့ အိမ်ကွင်းမှာလည်း ၂-၂ သရေသာကျခဲ့ပြန်၏။ မနှစ်က Bournemouth ကို ရှုံးပွဲ မရှိစံချိန် အရှည်ကြာဆုံး ရယူထားပေးသည့် နည်းပြ Andoni Iraola ကို နည်းပြသစ် အဖြစ် ခန့်အပ်ထားသည့် Liverpool အနေဖြင့် ၂ ပွဲ ကစားပြီးချိန်မှာ ၂ မှတ် ရရှိထားခဲ့ပြီ ဖြစ်၏။
Bournemouth vs Everton ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့လေ၏။ တန်းတက် ၂ သင်း ဖြစ်သည့် Coventry vs Hull City တို့ အတွေ့မှာတော့ ဧည့်သည် Hull City က ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Hull City အတွက် ၁ လုံးထဲသော ဂိုးကို ၈၂ မိနစ်မှာ Millar က သွင်းယူပေးသွားခဲ့၏။
Tottenham vs New Castle ပွဲစဉ်မှာတော့ ဧည့်သည် New Castle အသင်းက ၀-၂ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ဒုတိယပိုင်း ၆၂ နှင့် ၇၂ မိနစ်တွေမှာ New Castle အသင်းက အနိုင်ဂိုး ၂ ဂိုး သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ Tottenham အနေဖြင့် ၂ ပွဲ ကစားပြီးချိန်မှာ ရဂိုး မရှိ ပေးဂိုး ၅ ဂိုးနဲ့ လက်ရှိမှာ ဇယားအောက်ဆုံး၌ ရပ်တည်နေ၏။
ဒီနေ့မှာ နောက်ထပ် ပွဲစဉ် ၄ ပွဲ ထပ်မံ၍ ကစားမည် ဖြစ်၏။ Chelsea vs Brighton နှင့် Man United vs Ipswich အသင်း ပွဲစဉ်တွေကတော့ စောင့်ကြည့်ရမယ့် ပွဲစဉ်တွေ ဖြစ်လာခဲ့၏။ နည်းပြ Xabi Alonso က ကျနော်သဘောကျသည့် နည်းပြ ဖြစ်နေတာလည်း ပါ၏။ Chelsea ပွဲ သိပ်မကြည့်ဖြစ်တော့တဲ့ ကျနော့် သူငယ်ချင်း Chelsea ပရိတ်သတ်တောင် နည်းပြကြောင့် Chelsea ပွဲ ပြန်ကြည့်မယ်ဟု ပြောနေ၏။
မနှစ်က အဆင့် ၃ နဲ့ UCL ဝင်ခွင့်ရယူပေးခဲ့သည့် Michael Carrick အဖို့ ရာသီအဖွင့်မှာ မျက်မှာပန်း မလှ ဖြစ်နေခဲ့၏။ တန်းတက် Hull City ကို အဝေးကွင်းမှာ ၂-၀ ဖြင့် ရှုံးနိမ့်ထားခဲ့၏။ ဒီတပတ်မှာလည်း တန်းတက် အသင်း တသင်း ဖြစ်သည့် Ipswich အသင်းနဲ့ ယှဉ်ပြိုင်ရမည် ဖြစ်၏။ ဒီတပွဲတော့ နိုင်တန် ကောင်းပါ၏။
(photos from EPL page)