ဝဠ်ကြွေး
+++++++++++++++++++++
`ခွေးပုရေ ပြောင်းဖူးခင်းထဲကို ရေလွှဲလိုက်ဦး၊ မိစန်း ထမင်းအိုးတည်လို့ပြောထားတာ အခုထိမတည်သေးဘူးလား ဟင် ဘယ်အချိန်မှ စားကြရမှာတုန်း၊ စားမယ့်ထမင်းအိုးတောင် မတည်ချင်ကြဘူး ဘယ်လို အပျင်းထူတွေတုန်းဟင်၊ ဟဲ့ ဟဲ့ အာ ဒီကလေးကတော့ သွားသွား ဟိုဘက်သွားဆော့ ဒီမာ အပ်တွေစူးတော့မယ် မအေ အလုပ်ရှုပ်နေတာကို တကပ်ကပ် နဲ့ သွား ´´ ဒေါ်သီတာ သားသမီးတွေကို အော်လိုက် ငေါက်လိုက် ခိုင်းလိုက် လုပ်ရင်း ကိုယ်တိုင်လည်း ဆံပင်ကျွတ် ရှင်းနေလေသည်။ ဒေါ်သီတာ က အသက် သုံးဆယ် ကျော်ပဲရှိသေးသည်။ တက္ကသိုလ်က သမိုင်းဖြင့် ဘွဲ့ရထားသော်လည်း မြန်မာနိုင်ငံမှာ သမိုင်းလို ဘွဲ့လေးတစ်ဘွဲ့နဲ့ ဘာမှ လုပ်စားမဖြစ်။ နောက်ဆုံး မိဘလက်ငုပ် လက်ရင်းဖြစ်တဲ့ ရွာပြန် ယာလုပ်ရင်းနဲ့ ကိုထွန်းရင် နဲ့ ရည်ငံ ပြီး ယူဖြစ်သွားတာ။ ကိုထွန်းရင်က ဒေါ်သီတာနဲ့ မရခင်က အသောက်အစားနည်းနည်း ပဲ ရှိပေမယ့် ဒေါ်သီတာနဲ့ ရပြီး ကလေး သုံးယောက်ရပြီး ကတည်းက အသောက်သမား လုံးလုံးဖြစ်သွားတယ်။ တစ်နေ့ တစ်နေ့ အရက်နဲ့ မျက်နှာသစ် အရက်ပုလင်းဆွဲ အရက်ဆိုင်ထဲက မထွက် အိမ်ပြန်လာရင် ဆူပူ ဆဲရေး တဲ့အပြင် ဒေါ်သီတာကို အမြဲတမ်း လက်ပါတယ်။ ဒေါ်သီတာက ကိုထွန်းရင်ကို ချစ်လည်း ချစ်တယ် ကြောက်လည်း ကြောက်တယ်။ ကိုထွန်းရင် ဘယ်လောက် လက်ပါပါ မငြိုငြင်ဘူး။ ကလေးတွေမျက်နှာနဲ့ ကွဲကြောင်း ကွာကြောင်းလည်း မပြောဘူး။ ပတ်ဝန်းကျင်ကတောင် ဒေါ်သီတာကို သြချယူရတယ်။ ကိုထွန်းရင်က အိမ်ပြန်ရောက်တိုင်း အကြောင်းမရှိအကြောင်းရှာပြီး ဒေါ်သီတာကိုတွေ့ရာနဲ့ ရိုက်တယ် ။ ထမင်းခူးမထားရင် ခူးမထားလို့ ခူးထားရင် အေးစက်စက်ကြီးမို့ အဲ့လို အကြောင်းရှာပြီးတော့ကို နီးရာတွေ့ရာ နဲ့ ရိုက်တယ်။ ဒေါ်သီတာကို ကြည့်ပြီး အမျိုးတွေက မခံနိုင်။ နောက်တော့ အမျိုးတွေက ဒေါ်သီတာကို ရွာဘုန်းကြီးဆီက ယတြာ တောင်းဖို့ အကြံပေးတိုက်တွန်းကြတယ်။ ဒေါ်သီတာလည်း အမျိုးတွေကို မလွန်ဆန်ချင်တာနဲ့ ရွာဘုန်းကြီး ဆီသွား အကျိုးအကြောင်းပြော ပြတော့ ဘုန်းကြီးက ဒီနေ့က စပြီး လင်သားက ကိုယ့်ကို ရိုက်တော့မယ် ဆိုရင် သူ့အနားမှာ အုန်းလက် တံပျက်စည်း ချထားပေးလိုက်ပါ´´ လို့ မိန့် လိုက်ရော။ အဲ့တာနဲ့ ညနေ ကိုထွန်းရင် ပြန်လာ ပြီးဆဲဆို ရင်း ထမင်းစား နေတုန်း အုန်းလက်တံပျက်စည်းကို ကိုထွန်ရင်နား ဒေါ်သီတာ မသိမသာ ချထား လိုက်တယ်။ ကိုထွန်းရင်က ထုံးစံအတိုင်း ဟင်းကပေါ့တယ် ထမင်းက တူးတယ် ဘာညာ အကြောင်းရှာပြီး ဒေါ်သီတာကို အနားကတွေ့တဲ့ အုန်းလက်တံပျက်စည်းနဲ့ ရိုက်တယ်။ နေ့တိုင်း အုန်းလက်တံပျက်စည်းနဲ့ ရိုက်တယ်။ ဒီလိုနဲ့ သုံးလလောက်နေတော့ ကိုထွန်းရင်က ဒေါ်သီတာကို မရိုက်တော့ဘူး။ ဒေါ်သီတာလည်း သူ့ကို မရိုက်တော့ ဘာလို့ပါလိမ့်ပေါ့။ ကိုထွန်းရင်ကို ထမင်းအေးကြီးတွေ ကျွေးတယ်။ မရိုက်ဘူး။ ဟင်းကို မလိုက်ဖက်အောင် ချက်တယ် ။ မရိုက်တော့ဘူး။ ဒေါ်သီတာ ဒါ ရွာဘုန်းကြီးပေးတဲ့ ယတြာ ကြောင့်ပဲဆိုပြီး ဘုန်းကြီးကို သွားကန်တော့တယ်။ သူ့ကို ကိုထွန်းရင်က မရိုက်တော့ ကြောင်းလျှောက်တော့ ဘုန်းကြီးကဘုရားရှင်လက်ထပ်က လည်း ဒီလိုအဖြစ်မျိုးရှိခဲ့ဘူးတယ် ဒကာမကြီး။ မိန်းမက အရင် ဘဝက နွားပိုင်ရှင် ဖြစ်ခဲ့ ပြီး ယောကျာ်းက နွားဖြစ်ခဲ့တယ်။ နောက်ဘဝ မှာ လင်မယားဖြစ်ကြတော့ ယောကျာ်းက ပြန်ရိုက်တယ်။ဘုရားရှင်က ဘုန်းကြီးပေးတဲ့ ယတြာမျိုး ပေးခဲ့တယ် ဒကာမကြီး။ အရင်တစ်ဘဝ လုံး ကိုယ်ရိုက်ထားသမျှ ဒီဘဝ ကိုယ်ပြန်ခံရတာပဲ။ အုန်းလက်တံပျက်စည်းက အုန်းဆံ အများကြီး ပါတော့ တစ်ခါရိုက်ရင် အချက်ငါးဆယ် လောက် ကြေတာပေါ့။ ဝဠ်ကြွေးမြန်မြန်ကြေတာပေါ့ ဒကာမကြီး´´ လို့မိန့်လေသည်။ဒေါ်သီတာလည်း ဘုန်းကြီး ကို ဦးသုံးကြိမ်ချ ပြီး အိမ်ပြန်လာရင်း အိမ်အပြန်လမ်းမှာ ကြောက်စရာကောင်းတဲ့ သံသရာဝဠ်ကြွေး အကြောင်း တွေးရင်း တုန်လှုပ်နေမိတော့တယ်။
ခိုင်မြဲဇော်
စာကြွင်း။ ။ မနက်က ဖတ်လိုက်မိတဲ့ post တစ်ခုကို မှီငြမ်းပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမျှ မထိခိုက်စေလိုပါ။အမှားပါခဲ့လျှင် မိမိ အသံုးမကျသောကြောင့်သာ ဖြစ်ပါတယ် ။