နွေရင့်နှင်းစက်... ၈
Credit image from
" တော်လောက်ပြီ ယု "
" မသက် ပြန်ပေးပါ။ ယုယကို ပြန်ပေးပါ ယုယ မလောက်သေးဘူး "
ယုယ၏ခုတင်ဘေး စာကြည့်စားပွဲပေါ်မှ နံပါတ်ဖိုးထုတ်တွေကို သက်ထား ဆွဲယူလိုက်သည်။
ယုယ သနားစဖွယ် ပြန်တောင်းနေသည့်တိုင် သက်ထား ပြန်ပေးဖို့ အစီအစဉ်မရှိ။ယုယကိုကြည့်ပြီး ရင်ထဲမချိအောင် သူမခံစားရပါသည်။ ကိုယ်ချင်းလည်း စာမိသည်။
သို့သော် ယုယကို သနားမိသည်။ မူးယစ်ကျွံဖြစ်ခြင်းမှ မူးယစ်ဆေး၏ကျွန် ဖြစ်သွားမည့် အဖြစ်ကိုမလိုလားခြင်းသည် ယုယကို သူမ ချစ်လွန်း၍ဖြစ်လေသည်။
" အစ်မသုံးတယ်ဆိုတာ အစ်မစိတ်ကို အစ်မထိန်းတယ် ယု။ လိုတာထက်လည်း ပိုမသုံးသလို လွန်ကျွန်လို့လည်း မသုံးဘူး။ အစ်မရဲ့အလုပ်ကိုလည်း ထိခိုက်အောင် မသုံးဘူး။ စိတ်ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ပဲ သုံးတာ..။ အခု ယုက နည်းနည်းတော့ များလာပြီ။ လစာကလည်း ရသလောက်အကုန် ဒါပဲ သုံးနေတယ်။"
ယုယ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။
" ယုကို သနားပါ မသက်ရယ်။ ယုယရဲ့ ဘဝမှာ ဘာဆို ဘာမှ မကျန်တော့ဘူး မသက်ရဲ့။ဒီအတိုင်းဆို ယုယ ရူးသွားလိမ့်မယ်။ အဲ့ဒီလို မရူးရင်လည်း ယုယ ကိုယ့်ကိုယ်ကိုယ် တစ်ခုခု လုပ်မိလိမ့်မယ် မသက်ရဲ့.."
သက်ထား ယုယ၏ ပခုံးတွေကို ငြင်သာစွာ ကိုင်ရင်း တင်းကျပ်စွာဖိဆုပ်လိုက်သည်။
" မဟုတ်ဘူး အစ်မရဲ့ ညီမလေးဟာ အဲ့ဒီလောက် ပျော့ညံ့ဖို့မလိုဘူး။ ဒီအခြေအနေကိုရောက်အောင် မသက်လုပ်ခဲ့မိတာ။မင်းကို မသက်ပြန်ကယ်ထုတ်မယ်။ယုယရဲ့ အိမ်မက်တွေ ပြန်ရှင်သန်ရမယ်။ဘာကြောင့်လဲဆိုတော့ ညီမလေးရဲ့ အိမ်မက်တွေဟာ အစ်မရဲ့ အိမ်မက်တွေ ဖြစ်နေလို့ပဲ"
Credit image from
ယုယ မသက်ကို တအံ့တသြ ငေးကြည့်နေမိသည်။မသက်၏ သူမအပေါ်ထားသော စေတနာ မေတ္တာ ချစ်ခြင်းနှင့် သံယောဇဉ်တို့သည် မကြာလှသော အချိန်တိုအတွင်း ထိုမျှမြဲမြံသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သောကြောင့်ဖြစ်လေသည်။
သို့သော် ယုယ ခေါင်းခါလိုက်ရင်း
" ယု...ယု...မဖြစ်နိုင်တော့ဘူး ထင်တယ် မသက် "
သက်ထားခေါင်းခါလိုက်ရင်း ယုယ၏ခေါင်းပို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်မိသည်။ယုယ ဝမ်းပန်းတနည်း ငိုကြွေးလေပြီ။
" တိတ်ပါ ညီမလေး။မမရဲ့ညီမလေးက အဲ့ဒီလောက်မပျော့ညံ့ပါဘူး။ ယောက်ျားတစ်ယောက်ရဲ့ ပယောဂတစ်ခုနဲ့တင် တစ်ဘဝလုံးကို အရှုံးပေးလိုက်ဖို့အထိတော့ လက်မခံနဲ့လေ။ အခု မသက်နဲ့အတူ အလုပ်တစ်ခုကို ရအောင် လုပ်နေနိုင်ပြီပဲ။ ညီမလေးရဲ့ ဟိုးတုန်းက အိမ်မက်တွေအတိုင်း ရှေ့ကို တိုးစမ်းပါ "
ဖြစ်နိုင်ပါ့မလားဟူသော သံသယတို့ ညှဉ်းသတ်နေကြသည့် စိတ်တို့ဖြင့် ယုယ မသက်ကို ကြည့်လိုက်မိသည်။ မသက်က ယုယကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလေသည်။
ယုယကို မသက်ကပဲ သူမလုပ်နေသောNGOအဖွဲ့တွင် သူမ၏ တွဲဖက်တစ်ယောက်အဖြစ် လက်တွဲခေါ်ခဲ့သောကြောင့် လုပ်ခလစာအနေဖြင့်ယုယအတွက် အရင်အလုပ်ထက်တောင်ပိုကောင်းနေသေးသည်ဟု ဆိုရပေမည်။သို့သော် အရင်အလုပ်လောက်မစုဆောင်းမိသည်ကလည်း အမှန်ပင်။ သူမစိတ်တို့၏ ထွက်ပေါက်အဖြစ် သုံးစွဲနေမိသော မူးယစ်တွင် ယုယတစ်ယောက် ကျွံမှန်းမသိ ကျွံလာခဲ့ပြီ ဖြစ်သည်။
သူမအတွက် မူးယစ်ဆေးသာ အဓိကဖြစ်လာတော့သည့်အခါ ယုယတွင် အနာဂတ်လည်းမရှိတော။့ ပတ်ဝန်းကျင်လည်း မရှိတော့။ ထင်မင်းသည်လည်း ရံဖန်ရံခါတွင်သာ ပေါ်လာတတ်တော့သည်။ ထင်မင်းကို သတိရသည့်အခါ ရှိုင်းကိုလည်း သူမ သတိရတတ်မိသည်။သူမအပေါ်တွင် နှုတ်၏စောင်မခြင်းနဲ့အများကြီး အကူအညီပေးခဲ့သော မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သည့် ရှိုင်းတစ်ယောက် သူမကို အခုလိုမျိုးသာ တွေ့လိုက်ရမည်ဆိုလျှင် မည်မျှအံ့သြသွားမည်မသိ။
ယုယ မျက်လုံးတွေကို တင်းနေအောင် မှိတ်ချပစ်လိုက်မိသည်။အချို့သော ခံစားချက်တို့သည် ဖွင့်ထုတ်ရန်ခက်ခဲလွန်းလှလေသည်။
" သက်..နင်ပြောတာ သူလေးလား "
" ဟုတ်တယ် သီသီ။ သိပ်သနားစရာကောင်းတယ်.."
မူးယစ်ဆေးဖြတ်စခန်းမှ ဆေးဖြတ်သူ အချို့နှင့် စကားလက်ဆုံကျနေပြီး ရယ်မောနေသော ယုယကို ကြည့်ပြီး သက်ထား သူငယ်ချင်း ဖြစ်သူ သီသီဆွေ့အမေးကို ဖြေနေမိခြင်းဖြစ်လေသည်။
Credit image from
" အပြစ်ကင်းတဲ့ရုပ်လေးနဲ့ကွာ"
သီသီ့မှတ်ချက်စကားကို ကြားတော့ သက်ထား မချိပြုံး ပြုံးမိသည်။
" သူ့စိတ်တွေကလည်း အပြစ်ကင်းသလို သူ့ဘဝကလည်း အပြစ်ကင်းပြီးသားပါ သီ။သူက အရောင်အစွန်းအထင်း မခံတဲ့ အဖြူရောင်လေးလို ဖြစ်နေခဲ့တာလေ။သူအခုလို ဖြစ်တာ ငါ့ကြောင့် တစ်စိတ်တစ်ပိုင်း ပါနေတာမို့ ငါ တာဝန်မကင်းသလို ခံစားရလို့ပါ သီသီရယ်။"
သက်ထား ဆေးဖြတ်သူလူငယ်များကြား ပေါ့ပါးစွာရယ်မောနေသော ဖြူဖျော့ဖျော့ ပိန်ကျနေသည့် ယုယကိုကြည့်ပြီး တကယ်ပင် စိတ်ကောင်းစွာ ပြောမိလေသည်။
" စိတ်ချပါ သူငယ်ချင်း.ငါ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ တစ်ခု သတိပေးချင်တာက မင်းလည်း မျှောမနေနဲ့ မင်းအရည်အချင်းတွေက အလကား မဟုတ်ဘူးဆိုတာ ငါသိတယ်။အဲ့ဒါကို သတိပေးချင်တယ် သက်ထား"
" အင်းပါ သီသီရဲ့..ငါသိပါတယ်"
ယုယတစ်ယောက်ကတော့ ထိုအပြောတွေကို မသိ။ သူမ အခုလို မရယ်မောမိတာ အတော်ကြီး ကြာသွားပြီမှန်းတော့ သိနေလေသည်။ ဒီနေ့ သူမ သိပ်ပျော်နေမိလေသည်။ဒီလူတွေ၏ ဘဝမျိုးစုံကြားထဲမှ အလွှဲများစွာတို့သည် သူမတို့လို ဘဝတူများစွာအတွက် ဖြေစရာပင် မဟုတ်ပါလား။
မသက်က သူမကို သတိပေးခဲ့သည့်တိုင် သူမ စိတ်တို့က သတိပေးခဲ့သည့်တိုင် သူမ၏ ခန္ဓာကိုယ်မှ တောင့်တချက်ကို ယုယ မလွန်ဆန်နိုင်။မသက်ပေးတာထက် ကိုယ့်နည် ကိုယ့်ဟန်နဲ့ ဝှက်ယူထားသော ပစ္စည်းလေးကို လက်က စမ်းရင်း အနီးဆုံး တွိုင်းလက်တစ်ခုသို့ ဝင်လိုက်မိသည်။
" တောင်းပန်ပါတယ် မသက်ရယ်။ယုကို ခွင့်လွှတ်ပါ.."
သူမ၏ တိတ်တခိုး တောင်းပန်ရင်း မည်သူနဲ့မျှ မသက်ဆိုင်သော နယ်ပယ်တစ်ခုဆီ သူမ လွှင့်မျှောလိုက်မိသည်။
(အပိုင်း ၉ သို့)
Writter>>>>>@yekungsatthone
Msc 213