ကိုယ်ချင်းစာစိတ်

Words
149
Reading
1 min
8y
Listen to this post
~1 min

received_2048180822087118.jpeg
ပိတောက်ပန်း၏ အလှသည် မြင်ရသူတို့အား နွေအမောကိုပြေစေသည်။ ကောင်းကင်ပြာပြာအောက်မှ စိမ်းပြာရောင်ပင်လယ်နှင့် ငွေရောင်ဖြူဖွေး ဖိတ်လက်သော အပြန့်ကျယ်သည့် သဲသောင်ပြင်တို့သည် စိတ်အပန်းကို ပြေစေသည်။ စမ်းရေစီးသံ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် ဥသြ၏ သံချိုခွန်းဆင့်သံတို့သည် နွေအလွမ်းကို ပြေစေသည်။ လောက၏ သဘာဝတရားတို့သည် လူ့စိတ်နှလုံးသားကို ရွှင်လန်းအားတက်စေသည်။ ပျော်ရွှင်ကြည်နူးစေသည်။ ပန်းသမျှ နွမ်းသမျှ လွမ်းသမျှတို့ကို ပြေစေနိုင်သည်။ လူသားတို့၏ အတွင်းစိတ် အလှသည် မိမိပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေသည်။ လူ့နှလုံးသားတွင် ကိန်းအောင်းနေသော စိတ်အလှအမျိုးမျိုး ရှိသည့်အနက် ကိုယ်ချင်းစာစိတ်သည် အမွန်မြတ်ဆုံး ရတနာ၊ လောက၏ အဆင်တန်ဆာပင် ဖြစ်ပါသည်။
FB_IMG_1528721294203.jpg
လူတို့၏ နှလုံးသားထဲတွင် သတ္တဝါတို့ အားလုံးအပေါ်၌ မိမိကိုယ်နှင့် ထပ်တူ စာနာစိတ်ထားနိုင်ခဲ့လျှင် လောက၌ စစ်၏အနိဠာရုံများ ကင်းဝေပေမည်။ ကိုယ်ချင်းစာစိတ်ရှိလျှင် သူတပါးအား နာစေ၊ သေစေသည့်အထိ လုပ်ကြမှာမဟုတ်ပါဘူး။ သူတပါးအား ထိခိုက်နာကျင်အောင် တစ်စုံတစ်ခု ကျူးလွန်မိသည်ဟု စဉ်းစားတိုင်း သူ့နေရာမှာ ငါဆိုလျှင် ခံနိုင်ရည်ရှိမရှိ တွေးတတ်သောစိတ်၊ ရှေ့မတိုးဘဲ အလျှော့ပေးသော စိတ်တို့သည် ကိုယ်ချင်းစာစိတ် ဖြစ်ပေသည်။
FB_IMG_1528721308692.jpg
ကိုယ်ချင်းစာစိတ် ထားနိုင်ရန် မေတ္တာ၊ ဂရုဏာစိတ်များကို ပိုမိုပွားများနိုင်ရမည်။ မေတ္တာနှင့် ယှဉ်သောစိတ်တွင် ကိုယ်ချင်းစာစိတ် ပွားများရန် လွယ်ကူပါသည်။ မေတ္တာစိတ်ကို မွေးခြင်းဖြင့် ကိုယ်ချင်းစာစိတ် အလိုလိုယှဉ်တွဲလိုက်လာပါသည်။ ကိုယ်ချင်းစာစိတ် များပြားလာလေ မိမိအတွက် မစဉ်းစားတော့ဘဲ သူတစ်ပါးအတွက်သာ စဉ်းစားကျင့် ရှိလာသည်။ သူတစ်ပါး အကျိုး ရှိမည်ဆိုလျှင် ပေးဆပ်စွန့်လွှတ် အနစ်နာခံရန် အသင့်ရှိလာတတ်ပါသည်။ လူတစ်ဦးချင်း တစ်ယောက်ချင်း ဆက်ဆံရာ၌ ကိုယ်ချင်းစာစိတ် ရှိရန်လိုအပ်ပါသည်။ ယောကျာ်းလေးများအား ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင် နှမချင်းစာနာပါဟု ပြောလေ့ရှိကြသည်။ သူတစ်ပါ၏နှမပျို၊ သမီးပျိုတို့ကို မိမိ၏နှမပျို၊ သမီးပျိုကဲ့သို့ သဘောထား၍ ထိခိုက်နာကျင်အောင် မပြုသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။

ကိုယ်ချင်းစာစိတ်သည် သူတော်ကောင်း၊ သူမြတ်လောင်းတို့၏ စိတ်ဓာတ်ဖြစ်သည်။ လောကကို ငြိမ်းချမ်းစေသည်။ လောကကို အလှဆင်နိုင်သည်။ သူတစ်ပါးအပေါ် ကိုယ်နှင့်အမျှ သဘောထာလိုက်ခြင်းဖြင့် အကျည်းတန်သည် လောဘ၊ ဒေါသ၊ မောဟစိတ်တို့သည် ချုပ်ငြိမ်းသွားစေပါသည်။ မည်သည့်ကိစ္စကိုမဆို သူတစ်ပါးအား မထိခိုက်စေမှီ တစ်မိနစ်ခန့် ကိုယ်နှင့်အမျှ စဉ်းစားလိုက်ပါ။ သင်နှင့်ပတ်ဝန်းကျင်သည် အအေးမြဆုံး၊ အချမ်းမြေ့ဆုံး ကမ္ဘာလေးတစ်ခုအသွင့်သို့ ကူပြောင်းသွားပါလိမ့်မည်။

thuzartun@thuzartun
Photo Credit; Facebook image