ကျွန်တော်၏အတွေးအမြင်လေးများ

Words
304
Reading
2 min
Listen
Play
8y

မင်္ဂလာပါ Steemit မိတ်ဆွေ ၊ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဦးစွာပထမဂါရ၀ပြုလိုပါတယ်ခင်ဗျာ-
ကျွန်တော်တို့ကမ္ဘာပေါ်တွင် နေထိုင်ကျင်လည်ကျက်စားကြကုန်သော လူသားများသည် လူ့သဘောသဘာဝအတိုင်း စိတ်အမျိုးမျိုးအဖုံဖုံဖြင့် နေ့စဉ်ရှင်သန်နေထိုင်လျှက်ရှိနေကြပေသည်။ထိုသို့ကျင်လည် ကျက်စားကြကုန်သောလူသားမျိုးနွယ်စုများတွင် တစ်ချို့သော လူများက အများသူငါအတွက် လေးစားအားကျစရာ အတုယူဖွယ်ရာကောင်းသော လူတော်လူကောင်းများဖြစ်နေပေသည်။ထိုအကြောင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သော တစ်ချို့သော လူများက အများသူငါအတွက် အထင်အမြင်သေးစရာ ရှောင်ကြဉ်စရာများဖြင့် အတုယူဖွယ်မကောင်းသော လူညံ့လူဆိုးများလည်းရှိနေပေသည်။လူသားတိုင်းအားလုံးနီးပါးသည် လူတော်လူကောင်းများကို နှစ်သက်ခင်မင်လိုပေမယ့် လူညံ့လူဆိုးများကိုတော့ ရှောင်ဖယ်၍နေချင်ကြပေမည်မှာ မလွှဲဧကန်ပင်ဖြစ်ပါသည်။သို့ပေမယ့်လည်း ကျွန်တော်တို့နေထိုင်ကျင်လည် ကျက်စားနေကြသော ဤကမ္ဘာမြေကြီးပေါ်ဝယ် လူညံ့လူဆိုးများနှင့် တစ်နည်းမဟုတ်တစ်နည်းဖြင့်တော့ ကျွန်တော်တို့တွေ့ဆုံ ပတ်သက်နေရပါသည်။
IMG_20180503_163706.JPG
Image Credit Source
ကျွန်တော်တို့ဘယ်နေရာဘယ်ဒေသကိုသွားသွား လူညံ့လူဆိုးများကို မတွေ့ချင်ဟုဆိုကာ ရှောင်ဖယ်သော်လည်း ထိုလူများသည် အကြောင်းအမျိုးမျိုးကြောင့်ပေါ်ပေါက်မြဲ ပေါ်ပေါက်လျှက်ရှိလာပါမည်။ထိုသူများကလည်း အများသူငါများကို စိတ်ဆင်းရဲအောင် ၊ ဒေါသထွက်အောင် မျိုးစုံသောနည်းလမ်းများဖြင့် လုပ်ဆောင်ကြပေလိမ့်မည်။ထိုသူများသည် သူတစ်ပါးကို ထိခိုက်စေလိုသောရည်ရွယ်ချက်များဖြင့်ပြုလုပ်လိုက်ခြင်းဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။သူတို့၏ ဗီဇများကြောင့် ပြုလုပ်လိုက်သော အပြုအမူများသည် သူတစ်ပါးအတွက်တော့ မခံချင်လောက်အောင်ဖြစ်သွားလိမ့်မည်ဆိုသည်များကို ထည့်တွက်စဉ်းစားခြင်းမရှိသည်ကတော့ လုံးဝသေချာပေလိမ့်မည်။တစ်ချို့သောလူများကတော့ ရည်ရွယ်ချက်ရှိရှိပင် လုပ်ဆောင်တတ်လေ့ရှိနေပြန်သည်။
retro-bad-boy-with-sunglasses_21-71334125.jpgImage Credit Source
ထိုကဲ့သို့နည်းမျိုးစုံဖြင့် စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူလုပ်ဆောင်လေ့ရှိသော လူညံ့လူဆိုးများကို ကျွန်တော်တို့ဒေါသထွက် စိတ်ဆိုးနေလို့ကော ဘာတွေများအဆင်ပြေလာနိုင်မည်နည်း။သူတို့ပြုလုပ်လိုက်သော အပြုအမူများကြောင့် သူတို့တစ်နေ့တော့ ထိုအပြစ်ဒဏ်များကို တစ်သွေမတိမ်းလက်ခံရမည်မှာ လုံးဝမုချပါ။ထိုကြောင့် မကောင်းသောသူများမှ ပြောဆိုသော စကားများကိုကြား၍ စိတ်ဆင်းရဲနေမလား။ကိုယ့်အတွက်ထိခိုက်နစ်နာစရာ ထွေထွေထူးထူးမရှိဘဲနဲ့ ထိုသူများနှင့် ကျွန်တော်တို့ အပြန်အလှန်ပြောဆိုစရာလိုသလား။သူတို့ကိုစိတ်ဆိုးပြီး ကျွန်တော်တို့ပြန်လည်ချေပမည်ဆိုလျှင် ကျွန်တော်တို့ပြန်လည်ပူပန်သောကတော့ ရောက်ရပါမည်။ကျွန်တော်တို့ ပြန်လည်ချေပလိုက်ခြင်းသည် ဒေါသပါနေခဲ့လျှင် အမှားများပါသွားနိုင်ပါသည်။ထိုသို့ဒေါသကြောင့်ဖြေရှင်းလိုက်သော ပြသနာများကို သွေးအေးသောအချိန်များတွင် ပြန်လည်စဉ်းစားကြည့်သောအခါ ကိုယ့်အတွက်ဘာမှအကျိုးမရှိဘဲ နီးစပ်ရာပတ်ဝန်းကျင်များအမြင်တွင် ပြန်လည်တုံ့ပြန်ချေပသူသည်သာ အရိုင်းများဖြစ်သွားပါလိမ့်မည်။ထို့ကြောင့်ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ဖို့ကို မစဉ်းစားဘဲ ဘယ်လိုအကြောင်းမျိုးနဲ့ခွင့်လွှတ်ပေးမလဲ အရင်စဉ်းစားရပေမည်။အမှန်တကယ်တော့ ထိုမကောင်းသူများကို ကျွန်တော်တို့ပြန်လည်တုံ့ပြန်စရာမလိုပါ သူ့အပြစ်ဒဏ်က သူ့ကိုပြန်လည်ခံစားခွင့်တော့တစ်နေ့ပေးလာပါမည်။
ထိုကြောင့်ကျွန်တော်တို့ မကောင်းသောသူများနှင့် တွေ့ဆုံကြုံကြိုက်သောအခါ အတတ်နိုင်ဆုံးသည်းခံနားလည်ပေးလိုက်ရင် အစစအရာရာအဆင်ပြေပါလိမ့်မည်။ကျွန်တော်ကိုယ်တိုင်ကြုံကြိုက်ခဲ့သော မကောင်းသောသူများအကြောင်းထဲမှ တစ်ခုကိုကျွန်တော်တွေးမြင်မိသော အတွေးလေးတစ်ခုကို Steemit မိတ်ဆွေများကို အနည်းငယ်တင်ပြပါရစေ။
IMG_20180503_163613.JPG
Image Credit Source
အဖြစ်အပျက်လေးက ဒီနေ့ကျွန်တော်အလုပ်သွားသောအချိန်တွင်ဖြစ်သွားရခြင်းပါ။ကျွန်တော်လည်း ဒီနေ့ Pro တင်ရမှာဆိုတော့ ဘယ်အကြောင်းအရာများကို ဝေမျှပေးရမလဲ။ဘယ်ခေါင်းစဉ်နဲ့ကော ကျွန်တော်အဆင်ပြေဆီလျော်စွာတင်ပြရမလဲဆိုပြီး စဉ်းစားကာ ကျွန်တော်လည်း ဆိုင်ကယ်စီးကာထွက်လာခဲ့တယ်။ကျွန်တော်လည်း အလုပ်သွားကတည်းက ကျွန်တော့အတွေးထဲမှာ ပြည့်နှက်နေသည်က Steemit တွင် ဆောင်းပါးတစ်ပုဒ်ရေးရမည်ဆိုသော အတွေးများပင်ဖြစ်နေခဲ့သည်။ထိုသို့တွေးလာရင့်း တစ်နေရာအရောက်တွင် ကျွန်တော်မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်တော်စိတ်အနှောင့်အယှက်ကလေးစတင်ဖြစ်ပေါ်ခဲ့ရပေမည်။
ကျွန်တော်ရှေ့ကသွားနေသော ဆိုင်ကယ်တစ်စီးနှင့် စက်ဘီးတစ်စီး။ထိုဆိုင်ကယ်နောက်က လိုက်လာသောလူတစ်ယောက်က လက်ကိုဆန့်တန်းပြီး စက်ဘီးကိုဆွဲလာခြင်းပင်။စက်ဘီးကိုဆွဲလာတာဆိုပေမယ့် ထိုစက်ဘီးသည် စီးနင်းသူမဲ့ စက်ဘီးမဟုတ်ခဲ့ပါ။ထိုစက်ဘီးတွင်လည်း စီးနင်းသူလူတစ်ယောက်ရှိနေပါသည်။ဒါဆိုထိုစက်ဘီးပျက်နေလို့လား ၊ ပျက်နေလို့လည်းမဟုတ်ပါ။စက်ဘီးက ပကတိအကောင်းအတိုင်းပါ ၊ ပျက်နေဟန်တစ်စက်ကလေးပင်မတွေ့ရပါ။စက်ဘီးစီးလာသော ပုဂ္ဂိုလ်ကလည်း လက်တစ်ဘက်ဆန့်တန်းကာ ဆိုင်ကယ်နောက်မှလူနဲ့ လက်ချင်းချိတ်ဆွဲကာ သွားနေကြခြင်းပါ။ထိုသို့သွားခြင်းဖြင့် စက်ဘီးသမားက စက်ဘီးနင်းစရာမလိုဘဲ အေးအေးဆေးဆေး သာသာယာယာဖြင့်လိုက်သွားရုံပါဘဲ။ထိုအခြေအနေအထိ ကျွန်တော်အပြစ်မမြင်ချင်သေးပါ။ဒါကသူတို့ အန္တရာယ်ကို သူတို့မမြင်လို့ စီးနေကြတာဘဲဟုသာမြင်မိသေးသည်။သို့ပေမယ့်လည်း သူတို့ကလမ်းဘေးမှ ကပ်၍သွားကြခြင်းမျိုးမဟုတ်ဘဲ လမ်းလယ်တွင် ဒယိမ်းဒယိုင်ဖြင့်သွားနေကြခြင်းပါ။
ဆိုင်ကယ်အရှိန်နှင့် စက်ဘီးကနောက်ကလိုက်သောအချိန်မှာ သာမန်ထက်ပိုမြန်နေကာ စက်ဘီးသမားက သူ့ဘီးကို ထိန်းသိမ်းရန်ခက်ခဲဟန်ရှိနေပါသည်။စက်ဘီးသမားရဲ့ညာဘက်လက်က ဆိုင်ကယ်နောက်ကလူရဲ့ ဘယ်ဘက်လက်နဲ့ ချိတ်ဆက်ထားခြင်းကြောင့်ဖြစ်ပေလိမ့်မည်။စက်ဘီးသမားက သူ့ဘီးအရှိန်ကိုထိန်းသိမ်းဖို့ရန် ခက်ခဲရခြင်းက ဘယ်ဘက်လက်နဲ့ဆိုတော့ သိပ်အဆင်ပြေပုံမရ။ထို့ကြောင့်ဘဲ ဒယိမ်းဒယိုင်သွားရခြင်းပါ။သူတို့အဖို့ကတော့ ဒယိမ်းဒယိုင်မကဘဲ ကျွမ်းထိုး၍ပင်သွားသွား ပြောစရာတော့ သိပ်မရှိ။အခုတော့အများပိုင်လမ်းတွင် အခုလိုမျိုးသွားနေကြသည်က လမ်းသွားလမ်းလာအများပြည်သူများကိုတော့ စိတ်အနှောင့်အယှက်တော့ဖြစ်နေခဲ့ရပါတော့သည်။သူတို့ကတော့ သူတို့ဖာသာသူတို့ အများသူငါအနှောင့်အယှက်ဖြစ်အောင် တမင်တကာလုပ်နေခြင်းမျိုးမဟုတ်ခဲ့သော်လည်း ထိုအပြုအမူများကြောင့် ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာတော့အမှန်ပါ။ကျွန်တော်သူတို့အနီးကိုရောက်သည့်အခါ ကျွန်တော့နောက်မှ ဆိုင်ကယ်တစ်စီးကလည်း ကပ်လျက်ပါလာသည်။ကျွန်တော်တို့ဆိုင်ကယ်နှစ်စီးက သူတို့ကိုကျော်မယ်လုပ်တော့ သူတို့ရဲ့ ဒယိမ်းဒယိုင်တွေကြောင့် ကျွန်တော်တို့လည်း ကျော်တက်လို့မရခဲ့ပါ။ကိုယ်ကိုမဆင်ခြင်ဘဲ ကျော်တက်လိုက်လျှင် မတော်၍ကိုယ့်ဘက်သို့ယိမ်းလာခဲ့လျှင် ချိတ်မိသွားနိုင်ကာ မတော်တဆက ဖြစ်နိုင်ခြေများသည်။
download.jpg
Image Credit Source
ထိုသို့ကျွန်တော်တို့ ကျော်ဖို့အခွင့်အရေးကိုစောင့်နေရချိန်မှာပင် နောက်ကားတစ်စီးက ၀င်လာကာ လမ်းရှင်းလေအောင်ဆိုပြီး ဟွန်းကို တရစပ်တီးနေပါတော့သည်။ထိုအချိန်မှာကျွန်တော်တို့က လမ်းဘေးကိုချပေးသော်လည်း စက်ဘီးသမားတို့က လမ်းချပေးခြင်းမရှိခဲ့ပါ။ကားကလည်း ကိုယ့်ဖာသာကို တစ်ခြားတစ်ဘက်သို့လမ်းကြောကျော်ကာ စက်ဘီးသမားတို့အုပ်စုကို ကျော်တက်သွားပါတော့သည်။ကျွန်တော်တို့လည်း ထိုကားနောက်မှပင် ကပ်ကာလိုက်ကျော်တက်လိုက်ကြပေတော့သည်။
IMG_20180503_163635.JPG
Image Credit Source
ထိုသို့ကျော်တက်ပြီးနောက် ကျွန်တော်ကလည်း သူတို့ဘယ်သူတွေများလဲဆိုပြီး လှည့်ကြည့်မိပါတယ်။ဆရာသမားတို့က ဆဲပါလေရော။အော် - သူတို့ကလည်း လမ်းပေါ်မှာ ကိုးရိုးကားယာားလုပ်နေကြသေး။ကျော်တက်ပြန်တော့ ပမာမခန့်သလို ပြန်ဆဲတယ်ဆိုတော့ စိတ်ထဲတော့ နည်းနည်းတင်းမိတယ်။နောက်မှပြန်လည် သုံးသပ်ကြည့်တော့ သူတို့အဆင့်ကို သူတို့ဖော်ပြနေတာဆိုတော့ ကျွန်တော်လည်း ဘာမှသဘောမထားတော့ဘဲ ရှေ့ဆက်လာခဲ့ပါတော့တယ်။တကယ်လို့များ ကျွန်တော်ကသာ ဒေါသထွက်လို့ ပြန်လည်ချေပမိခဲ့မယ်ဆိုရင်တော့ နောက်ထပ်ပေါ်လာနိုင်သည့် ပြသနာတွေကအများကြီး။အခုခေတ်လူတွေကလည်း တကယ်ကိုဆင်ခြင်တုံတရားမရှိတဲ့သူတွေဆိုတော့ ပြန်မပြောတာကောင်းမယ်လို့ စဉ်းစာမိတယ်။သူတို့ပြုလုပ်သော အကြောင်းတရားတွေအတွက် သူတို့ကတော့ တစ်နေ့မဟုတ်တစ်နေ့ ထိုအကျိုးဆက်များကို ခံစားကြပေလိမ့်မည်ဟု တွေးထင်မိသောကြောင့် ကျွန်တော်လည်းဘာမှထပ်ပြောစရာမလိုတော့ဘဲ အဆုံးသတ်သွားခဲ့ရတာပေါ့။
ထို့ကြောင့်ကျွန်တော်တို့ Steemit မိတ်ဆွေညီအစ်ကိုမောင်နှမများကလည်း ကြုံလာသော ဒေါ်သထွက်စရာများကို ကိုယ့်အတွက်ထိခိုက်နစ်နာစရာများ များများစားစားမရှိရင် အတတ်နိုင်ဆုံး ပြန်လည်မတုံ့ပြန်ဘဲ သူတို့ကိုသနားသောအားဖြင့် ခွင့်လွှတ်နားလည်ပေးလိုက်ရန် ကိုယ်လည်းနောက်ထပ်ဖြစ်လာမည့်ပြသနာများမှ ရှောင်ဖယ်သွားလိမ့်မည်ဟု ယုံကြည်ကြောင်းကျွန်တော်၏ အတွေးအမြင်လေးများဖြင့်ဖော်ပြတင်ဆက်ပေးလိုက်ပါသည်။
စာဖတ်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စီနှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု နှုတ်ဆက်ရင်း ကျွန်တော်၏အတွေးအမြင်လေးများကို နိဂုံးချုပ်လိုက်ပါတော့သည်။

မိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက် -

Writter theinzawlin@theinzawlin
MSC - 128

ကျွန်တော်၏အတွေးအမြင်လေးများ | Ecency