"၀ဋ်ကြွေးများကျေပါစေ"
မိမိရှေ့မှ လျှောက်လာနေသော သူငယ်ချင်းကိုဝေကြီးကိုကြည့်၍ ပြုံးမောင်မောင်ရင်ထဲမကောင်း။ ငယ်ငယ်ကတည်းက အခင်မင်ဆုံးပေါင်းလာခဲ့သောကြောင့် ပို၍စိတ်မကောင်းဖြစ်ရပါသည်။ အော် သူငယ်ချင်း မင်းဘ၀လဲ ၀ဋ်ကြီးပါလားကွာ၊၀ဋ်ကြွေးတွေ အမြန်ဆုံးကျေပါစေလို့ဘဲ ဆုတောင်းပေးပါတယ်ကွာ။
ပြုံးမောင်မောင်နှင့် ဝေကြီးမှာ ငယ်စဉ်ကတည်းက တစ်ရွာတည်း အိမ်နီးနားချင်း သူငယ်ချင်းများ ဖြစ်ကြသည်။ ဝေကြီး၏မိဘများမှာ အဖေက တောင်သူ အမေက အိမ်မှာစက်ချုပ်၍ ဝေကြီးမှာ တစ်ဦးတည်းသော သားဖြစ်ပါသည်။ ကျွန်တော့်မိဘများနှင့်ဆိုလျှင်တော့ ဝေကြီးတို့မိသားစုမှာ ကျွန်တော်တို့ထက် အဆင်ပြေသည်ဟုပြောရပါမည်။ဝေကြီးမှာ ငယ်စဉ်ကတည်းက ဥာဏ်ကောင်းပြီး စာတော်သောသူ တစ်ယောက်ဖြစ်ပါသည်။ မိဘများမှလည်း တစ်ဦးတည်းသောသားဖြစ်၍ လိုလေးသေးမရှိအောင် မွေးမြူထားကြပါသည်။ သူရဲ့အဖေဆိုလျှင် ဝေကြီးဆုရတိုင်း ရွာထဲတွင်လိုက်၍ပြောသည်မှာလည်း မမောနိုင်မပန်းနိုင်ပါ။ဝေကြီးမှာလည်း မိဘများက အလိုလိုက်ထား၍ တစ်ခါတစ်ရံ မိဘများအပေါ်ဆိုးနွဲ့တတ်ပါ သေးသည်။
မှတ်မှတ်ရရ ငယ်ငယ်ကကျွန်တော်တို့ မိသားစု၂ခု ဘုရားပွဲတစ်ခုကိုသွားကြစဉ်ကဖြစ်ပါသည်။ အဲဒီအချိန်က ကျွန်တော်တို့သူငယ်ချင်း၂ယောက် ပျော်လိုက်ကြတာ စားချင်တဲ့မုန့်တွေလဲစားရ ကစားစရာတွေလဲ ကစားရဆိုတော့ ပျော်ကြတာပေါ့။ အဲအချိန်မှာ ဝေကြီးက သူအဖေကို ဆိုင်တစ်ဆိုင်က အရုပ်ကိုလိုချင်တော့ မရမက ပူဆာတာ။ကျွန်တော်ကတော့ မပူဆာရဲပါ ဘာဖြစ်လို့ဆို ကျွန်တော်မိဘများအဆင်မပြေတာ သိနေသောကြောင့်ပါ။အဲဒီဆိုင်မှာ ဝေကြီးက ဓာတ်ခဲနဲ့မောင်းရတဲ့ ရဟတ်ယာဉ်ကို မရရကောင်းလားဆိုပြိး ဆိုင်ပေါ်တက်ထိုင်နေတာ မရရင်မဆင်ဘူးတဲ့ဗျာ။ဈေးကလဲများတော့ သူ့အဖေတို့က မ၀ယ်ပေးချင်ဘူး နောက်ဆုံးမရတော့ သူ့အဖေမှာ အိမ်ကိုတစ်ခေါက်ပြန်ပြီး ပိုက်ဆံယူပြီးမှ ၀ယ်ပေးရတယ်။အဲဒိကျမှသာ ဆိုင်ပေါ်ကဆင်းတော့တယ် ။ဝေကြီးက တစ်ခါတစ်ခါ အဲဒိလိုဆိုးတတ်တာပါ။
ဒီလိုနဲ့ကျွန်တော်တို့ဆယ်တန်းရောက်တော့ ဝေကြီးကသူ့အဖေကို ဆိုင်ကယ်လိုချင်လို့ဆိုပြီးပူဆာပါလေရော။အဲဒါနဲ့ သူ့အဖေက ဆယ်တန်းဆိုတော့ စာကိုဘဲအာရုံထားပြီးကြိုးစားစေချင်တယ်။ဒါပေမယ့် ဝေကြီးကလဲ သူ့အဖေကဆိုင်ကယ်ဝယ်မပေးတော့ စာကိုလဲ သေချာမလုပ်ဘဲ ဆန္ဒပြတာပေါ့ဗျာ။ကြာတော့လဲ မိဘဆိုတာက ကိုယ့်သားသမီး စိတ်မချမ်းသာတာမြင်ရတော့ လက်လျှော့ပြီး မပြေလဲတဲ့ကြားက သူများဆီကငွေချေးငှားပြီး ၀ယ်ပေးလိုက်ရတာပေါ့။တောင်သူဆိုတာကလဲ သီးနှံ ရာသီဥတု ဈေးကလဲကောင်းမှသာ ပြေလည်ကြတာ။ခုတလော တောင်သူတော်တော်များများ ရာသီဥတုကြောင့် သီးနှံတွေပျက်စီးတော့ မပြေလည်ကြတာများကြတယ်။ခုလဲ ဝေကြီးအမေကတားပေမယ့်လဲ သားကိုချစ်တာကြောင့် အဖေလုပ်သူမှာ ဆိုင်ကယ်ကိုဝယ်ပေးလိုက်ရပါတယ်။ဝေကြီးအမေကလဲ ခုတလော တရှောင်ရှောင်နဲ့ ကျန်းမာရေးကလဲ သိပ်မကောင်းပါ။
ဒီလိုနဲ့ ဝေကြီးဟာသူလိုချင်တဲ့ဆိုင်ကယ်ကိုရလိုက်တော့ သူသွားလေရာကျွန်တော်ပါတာပေါ့။ သူရဲ့အဖေက ဆိုင်ကယ်ဝယ်ပေးတာကြောင့် ဝေကြီးဟာဆယ်တန်းစာကိုကြိုးစားသင်ပါ့မယ်ဆိုပြိး ကတိပေးလိုက်ရပါတယ်။ဒီလိုနဲ့ ကတိပေးထားတဲ့အတိုင်း ဆယ်တန်းအောင်စာရင်းထွက်တော့ ဝေကြီးဟာ ၂ဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ်၊ကျွန်တော်ကတော့ ရိုးရိုးနဲ့အောင်ပါတယ်။ဝေကြီးဆယ်တန်းကို ၂ဘာသာဂုဏ်ထူးနဲ့လဲအောင်ရော သူ့အဖေဟာရွာထဲမှာလိုက်ကြွားတာဆိုတာ တစ်ရွာလုံးကတောင်ပြော ယူရတယ်။ဆယ်တန်းအောင်လို့ဆိုပြီး ဂုဏ်ပြုပွဲကလဲ စည်းစည်းကားကားလုပ်ပေးသေးတယ်။
ဒီလိုနဲ့ တက္ကသိုလ်တက်ဖို့မေဂျာတွေကျတဲ့အချိန်မှာ ကျွန်တော်ကတော့ သင်္ချာအဓိကနဲ့ အဝေးသင်တက်ရင်းအလုပ်လုပ်ရပါတယ်။ဝေကြီးကတော့ နည်းပညာတက္ကသိုလ်ကို တက်ဖို့မှီတာကြောင့် မြို့ပေါ်မှာသွားနေရပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့သူငယ်ချင်း၂ယောက်လဲ ပြန်လာမှသာဆုံဖြစ်ကြပါတယ်။ဝေကြိးကျောင်းစရိတ်ကမနည်းတော့ သူ့အဖေတို့မှာလဲ ပြေလည်လှရယ်လို့တော့ မရှိကြပါ။အကြွေးလေးတွေနဲ့လုံးချာလည်လိုက်နေတာပေါ့။ဒိအကြောင်းတွေကို သူငယ်ချင်းဝေကြီးတစ်ယောက်ကတော့ မသိရှာပါ။
ဝေကြီးလဲ တက္ကသိုလ် တတိယနှစ်အရောက်မှာတော့ လူငယ်တို့သဘာဝ ချစ်သူတစ်ယောက်ရခဲ့တာပေါ့။ သူကတော့ သူ့ချစ်သူနဲ့ပျော်ရွှင်ရင်းကျောင်းတက်နေပေမယ့် မိဘများမှာတော့ တဖြည်းဖြည်း ရှိထားတဲ့လယ်လေးတွေတစ်ကွက်ပြိးတစ်ကွက် ကုန်လာပါတော့တယ်။ အမေလုပ်သူကလည်း ကျန်းမာရေးကမကောင်းတော့ ဆေးဖိုးကလဲကုန် အဖေလုပ်သူမှာတစ်ယောက်ထဲ ရုန်းကန်နေရပါတယ်။ ဒီတစ်ခေါက် ဝေကြီးပြန်လာတော့ သူရဲ့ချစ်သူကောင်းမလေးကဘာတွေ ဘယ်လိုပြောလဲမသိပေမယ့် သူနဲ့သူချစ်သူတို့ ကျောင်းပြီးလို့ယူပြီးရင်အလုပ်လုပ်ဖို့အတွက် ခုကတည်းက အရင်းအနှိးငွေကို ထုတ်ပေးဖို့ အဖေလုပ်သူကိုပြောတာပေါ့ဗျာ။ အဖေလုပ်သူမှာ အိမ်ရဲ့အခြေအနေကို ပြောပြသော်လည်း ဝေကြီးက သူလိုချင်တာသာပေးဖို့ဇွတ်ကိုပြောနေပါတော့တယ်။နောက်ဆုံးမရှိရင် ရှိတဲ့လယ်တွေ ရောင်းပြီးပေးဖို့ ပြောလာပါလေရောဗျာ။အဲဒီအချိန်မှာ အဖေလုပ်သူက ရှိတဲ့ဟာလေးကိုတော့မရောင်းပါရစေနဲ့ ဒါလေးရှိမှသာ လုပ်ကိုင်စားလို့ရမယ့်အကြောင်းပြောလိုက်တော့ ဝေကြီးကအဖေကိုဘာမှမပြောဘဲ မြို့ကိုသာပြန် သွားပါတော့တယ်။
ဒီအချိန်မှာ ရွာမှာရှိတဲ့ အဖေလုပ်သူကတော့ ကိုယ့်သားသမီးစိတ်ချမ်းသာဖို့အရေး ဖြစ်နိုင်သမျှတွေကိုရှာကြံကြိုးစားနေရပါတယ်။လူတကာဆီကိုလဲ မျက်နှာအငယ်ခံပြီး သွားပြောရပေါင်းလဲမနည်းပါ။နောက်ဆုံး သားလိုချင်တဲ့ငွေကို လယ်လေးတွေရောင်းချပြီး ပေးဖို့အတွက်ဖုန်းဆက်တော့လဲ မကိုင်တာနဲ့မြို့ကိုလိုက်သွားဖို့ဆုံး ဖြတ်လိုက်ပါတယ်။ မြို့ကိုလိုက်သွားပြီးသိပ်မကြာခင်မှာဘဲ ရွာထဲမှာသတင်းကြားရပါတော့တယ်။ ဝေကြီးအဖေ ကားတိုက်လို့ဆုံးပြီဆိုတဲ့သတင်း။အဲဒီသတင်းလဲကြားရော ဝေကြီးအမေလဲ ရောဂါအခံကြောင့် သိပ်မကြာခင်မှာဘဲ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားပါတယ်။ကျွန်တော်လဲ ဝေကြီးဖုန်းကိုဆက်ပေမယ့် ပိတ်ထားတာကြောင့် မြို့ပေါ်တက်ပြီး အကြောင်းကြားဖို့လုပ်ရပါတော့တယ်။ ဝေကြီးနေတဲ့အဆောင်ကို ရောက်တော့ သူ့ချစ်သူနဲ့အပြင်သွားတာကြောင့် စောင့်နေလိုက်ပါတယ်။မကြာခင်မှာဘဲ ဝေကြီးပြန်လာတော့
“သူငယ်ချင်း မင်းဘယ်လျှောက်သွားနေတာလဲ ဖုန်းဆက်တော့လဲ ပိတ်ထားတယ် ဘာဖြစ်လို့လဲ”
“သူငယ်ချင်း ငါအဖေတို့ဖုန်းကိုမကိုင်ချင်လို့ ပိတ်ထားတာ အဲဒါဘာဖြစ်တုန်း”
“အေး ခုတော့မင်းမိဘတွေဆုံးပြီကွ”
“ဘာ ! “
“အေး ဟုတ်တယ် မင်းကဖုန်းပိတ်ထားတော့ မင်းအဖေက မင်းလိုချင်တဲ့ငွေရပြီဆိုတာပြောချင်လို့ မြို့ပေါ်လာရင်းနဲ့ကားတိုက်ခံရပြီးဆုံးသွားတာ၊ မင်းအမေကတော့ မင်းအဖေသတင်းကြားပြိး ရောဂါအခံကြောင့် မခံနိုင်ဘဲ ရှေ့နောက်ဆုံးသွားတာဘဲ”
“မင်းကွာ မင်းမိဘတွေ မပြေလည်တာကိုလဲ သိရဲ့သားနဲ့ လက်မထပ်ရသေးတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ ခုဆိုမင်းမိဘတွေ မသေသင့်ဘဲသေကုန်ကြပြီ”
“သူငယ်ချင်း ဟုတ်ရဲ့လားကွာ ငါအမှားကြီးမှားသွားပြီပေါ့ “
“အေးခုလဲ မင်းဖုန်းပိတ်ထားလို့ ငါဒီထိလိုက်လာပြီးပြောတာ”
“ဟာ သွားပြီ ငါမှားပြီး ငါ့အပေါ်မှာ ဒီလောက်ဖြည့်ဆည်းပေးခဲ့တဲ့ မိဘတွေရဲ့ကျေးဇူးကို စော်ကားမိပြီ”
အဲဒိအချိန်ကတည်းက သူငယ်ချင်းဝေကြီးလဲ သူ့ကိုယ်သူယူကျူံးမရဖြစ်ပြီး အရက်တွေ အလွန်အကျွံသောက်ပြီး ခုဆို အရူးတစ်ပိုင်းဖြစ်သွားရှာတယ်။အော် ၀ဋ်ဆိုတာ သံသရာတောင်မကူးပါလား မိဘတွေရဲ့ကျေးဇူးကို စော်ကားပြစ်မှားမိတဲ့ အကျိုးကြောင့် ဒိလိုခံနေရတာပါလား။သူငယ်ချင်း ဝေကြီး ဒီလိုဘ၀ကနေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ငါဆုတောင်းပါတယ်သူငယ်ချင်းရာ…………….။ အားလုံးကိုကျေးဇူးတင်ပါတယ်။
Photo Credit: Google Image
Writer - Thant Zin Soe (@tharpauk)
MSC 134