ငြင်း

Words
45
Reading
1 min
Listen
Play
8y

ဟင့်အင်း။
အပြုံးတွေ မဖလှယ်နဲ့တော့။
လက်တွေပြန်ရုတ်ကြမယ်။
မျက်နှာချင်းဆိုင်ဆိုတာ ဦးတည်ရာကွဲတဲ့သဘော။
ကိုယ်ဟာ ရေစက်ကလေးတစက်မျှသာပါပဲ။
လွင့်သွားရင်တောင် ဖမ်းဖို့မလွယ်တဲ့ ရေစက်ကလေး။
နူးညံ့မှုတွေကို ရင်မခုန်ပါရစေနဲ့တော့။
သွားပါကွယ်။
အဝေးဆုံးဟာ ကိုယ်တို့အတွက်အသင့်တော်ဆုံး ဆုံချက်ပေါ့။
တကယ်တော့ ကိုယ်ဟာ သိပ်ရိုးအတဲ့ ဝံပုလွေတကောင်ပဲဖြစ်တယ်။
ကိုယ့်ဝမ်းစာကိုယ်ဖြည့်တာချင်းအတူတူ ခြင်္သေ့ဟာသူရဲကောင်းဘွဲ့ရတယ်။
သတ်မှတ်ပုံအခြေခံချင်းမတူတော့ ကိုယ်ဟာ အလိုလိုနေရင်း အပါယ်ခံ။
မင်းဟာ ခြင်္သေ့ဆီမှာ ခိုနားခွင့်ရမယ့် ယုန်ငယ်လေးပဲဖြစ်ပါတယ်။
ရိုးသားမှုနဲ့အသက်ဆက်ကြတာပေါ့။
သွားပါတော့ကွယ်။
အမည်နာမတွေ မရှိတဲ့အရပ်မှာ ကိုယ်အေးချမ်းပါရစေ။
ဝေငှခြင်းဟာ ချစ်ခြင်းကို အဓွန့်ရှည်စေတယ်ဆိုရင် ကိုယ်အဲ့ဒီ့ဥပဒေကိုလိုက်နာပါရစေ။
ပြန်လှည့်မကြည့်ပါနဲ့တော့။

စုမွန်သွယ်

i040_th.jpg

Photo credit - http://www.shortkidstories.com

ငြင်း | Ecency