သမီးလေးရဲ့အမြင်တွေ အတွေးတွေက ကျနော်နဲ့ မတူဘူး။ အတော်လွဲတယ်။ မိုးဘာလို့ရွာလဲလို့ သမီးကကျနော့်ကိုမေးတယ်။ ကျနော်က သေချာရှင်းပြတယ်။ တိမ်တွေကတဆင့် မိုးရွာတယ်ဆိုတာကို သူနားလည်လောက်အောင်ကို သေချာရှင်းပြတယ်။ ရှင်းပြလို့လည်းပြီးရော သမီးက တခွန်းတည်းပဲပြန်ပြောတယ်။ မိုးရွာတယ်ဆိုတာ မိုးမတိတ်လို့တဲ့။ မိုးမတိတ်လို့မိုးရွာတာ မေမေတဲ့။ ငင့် ၁၅မိနစ်လောက်အချိန်ယူရှင်းပြထားသမျှ သူပြောတဲ့တခွန်းတည်းနဲ့ပြတ်ပါလေရော။ ကိုယ့်မှာတော့ ရှည်ရှည်ဝေးဝေး စဉ်းစားပြီးသူနားလည်နိုင်လောက်မယ့်စကားတွေရွေးပြောလိုက်ရတာဆိုတာ ။ သူကတော့ သူ့အတွေးနဲ့သူမှန်နေလို့။ အဲ့လိုပဲ မီးပြတ်တော့လည်း မီးဘာလို့ပြတ်တာလဲလို့ မေးပြန်တယ်။ အမှတ်မရှိတဲ့ကျနော်က မီးပြတ်တဲ့အကြောင်းကို စီကာပတ်ကုံး ရှင်းပြလိုက်ရတာဆိုတာ နောက်ဆုံးသူ့တခွန်းနဲ့တင်ပြတ်တာပဲ။ မီးမလာလို့မီးပြတ်တာ မေမေတဲ့။ ငှယ်။ ဘာလို့အရမ်းတွေတော်နေတာလဲမသိဘူး။ ကျနော့်မှာလေ သူဘာမေးမေး သူနားလည်နိုင်လောက်အောင် ရှင်းပြဖို့ကို အသဲအသန်စဉ်းစားလိုက်ရတာဆိုတာ။ အင်းးး ကလေးအတွေးဟာ အင်မတန်ရိုးရှင်းလွန်းလှပါလားလို့လည်း တွေးမိသွားတယ်။ ကိုယ်တွေပဲ ရှည်ရှည်ဝေးဝေး ဂျပန်မူလီလို အရစ်တွေများပြီးအတွေးလွန်နေတာ။ ကလေးတွေကတော့ ဒဲ့ပဲ။
ဒီနေ့ ကျောင်းတကျောင်းကနေ တကျောင်းကိုကူးဖို့အတွက် အချိန်လည်းပိုနေသေးတာကြောင့် တက်စီမစီးတော့ဘဲ YBS စီးတယ်။ အဲ့လိုပဲ တနေ့တကြောင်းလောက်တော့ YBS စီးဖြစ်တယ်။ တက်စီဖိုးသက်သာအောင်ရော သမီးကိုလည်း လူများများနဲ့ထိတွေ့စေချင်တာရောကြောင့် YBS စီးဖြစ်တာ။ နောက်တခုက သမီးကလည်း ဘတ်စ်ကားအကြီးကြီးစီးမယ်ဆိုတာကို အမြဲပြောတာကြောင့် တနေ့တကြောင်းတော့ ပေးစီးဖြစ်တာလည်းပါတယ်။ စစီးတဲ့နေ့ကဆို သူ့ခမျာပျော်လိုက်တာဆိုတာ။ ဟာာမေမေ လူတွေအများကြီးပဲ ခေတ်ခေတ်ကိုကြည့်နေကြတယ် တွေ့လား။ ဟာာာ ဘတ်စ်ကားကြီးက အေးတယ်မေမေ ။ကားသေးသေးလေးကမအေးဘူး။ ဟာာ ခုံတွေကအမြင့်ကြီးတွေမေမေ ဘာညာဆိုပြီး တဟာတည်းဟာနေတော့တာပဲ။ သူ့အတွက်အထူးအဆန်းကိုဖြစ်လို့။ ဒီနေ့လည်း YBS စီးပြီးနောက်တကျောင်းကိုကူးတယ်။ YBS ပေါ်မှာ ဒရိုင်ဘာနောက်ကကာထားတဲ့ အပေါက်လေးတွေပါတဲ့အပြားတခုရှိတယ်။ ကိုယ်မြင်တာကတော့ စက်ဝိုင်းပုံအပေါက်လေးတွေပဲ။ အဲ့ဒါကိုသမီးက စက်ဝိုင်းလို့မမြင်ဘဲ Square လို့မြင်တယ်။ Rectangleလို့မြင်တယ်။ ကျနော့်ဘေးကကောင်မလေးကလည်း သမီးပြောတာကို သဘောကျလို့ ပြုံးပြီးကြည့်နေတယ်။ အရှေ့ခုံက ဦးလေးကြီးနဲ့ အမကြီးနှစ်ယောက်ကလည်း သမီးကိုကြည့်ပြီး အဟင်းဟင်းနဲ့ရယ်နေတယ်။ သမီးပြတဲ့ အဝိုင်းပေါက်အပြားကြီးကို သူတို့လည်းလိုက်ကြည့်ကြတယ်။ သမီးက ကားပေါ်မှာအော်ကြဟစ်ကျယ်နဲ့ မေမေ This is square .This is rectangle . ဆိုပြီးအော်တော့ သမီးရယ် တိုးတိုးပြောရတယ် သမီးပြောနေတာမှားနေတယ်လေ။ ဒီမှာ circle လေးတွေလေလို့ပြောတော့ မဟုတ်ဘူးမေမေ ဒီမှာတွေ့လား စကွဲ ဆိုပြီး အဝိုင်းပေါက်လေးတွေကို လေးထောင့်ပုံလေးဆွဲပြတယ်။ အပေါ်နှစ်ပေါက် ဘေးနှစ်ဖက်လေးပေါက် အောက်နှစ်ပေါက်။ နောက်တခါ အပေါ်လေးပေါက် ဘေးနှစ်ဖက်နှစ်ပေါက် အောက်လေးပေါက်ဆွဲပြပြီး ရက်တန်ဂယ်တဲ့။ သူပြောမှပဲသေချာကြည့်မိတော့ အဟုတ်ပဲလေ။ စက်ဝိုင်းပေါက်လေးတွေကို တန်းစီပြီးဖောက်ထားတော့ လေးထောင့်ပုံလေးတွေဖြစ်နေတာ။ ကိုယ့်မှာတော့ သမီးကအမှားတွေအော်နေတာပဲဆိုပြီး ခပ်ရှက်ရှက်နဲ့ သမီးကိုတိုးတိုးနေဖို့ဆူနေတာ။ သမီးကတော့ အမေပြောတာကိုတောင် ဂရုမစိုက်ဘဲ သူမှန်ကြောင်းသက်သေတွေပြနေလိုက်တာ။ အော် ကျနော်တို့လူကြီးတွေဟာ အတွေးတွေရှုပ်ထွေးလွန်းတယ်။ တချို့နေရာတွေမှာကျတော့ အတွေးတွေက ပိတ်လှောင်လွန်းတယ်။ ကလေးတွေကျတော သူတို့မြင်တာ ထင်တာကို ရိုးရိုးရှင်းရှင်းတွေးတတ်တယ်။ သမီးကသူပြောတာမှန်ကြောင်း အော်အော်ပြောနေတော့ အေးပါသမီးရယ် မေမေက သမီးမြင်သလိုမမြင်လိုက်ဘူး။ အခုမြင်ပြီ။ ဟုတ်တယ် ဒါကစကွဲ ဒါကရက်တန်ဂယ်ဆိုပြီး ပြန်အတည်ပြုရတယ်။ ဘေးကကောင်မလေးနဲ့ အရှေ့ခုံကလူကြီးတွေကလည်း အဲ့တော့မှ ပြုံးစိစိဖြစ်သွားတယ်။ ခုနကပြုံးနေကြတာက ကလေးကအမှားတွေပြောနေတာပဲဆိုပြီး သဘောကျလို့ပြုံးတာ။ အခုပြုံးတာက အမေက သမီးလောက်တောင်မမြင်တတ်ဘူးလို့ထင်ပြီးပြုံးတာဖြစ်မယ်လို့ ကျနော့်ဘာသာတွေးယူလိုက်ပါတော့တယ်။ သမီးဆီက ရိုးရှင်းတဲ့အတွေးတွေကို ကျနော်အများကြီးလေ့လာရအုံးမှာပဲ။
စုမွန်သွယ်