ကျနော်ကိုက
ငြိမ်းချမ်းရေးအကြောင်းပြောချင်နေတဲ့
တောကြောင်တကောင်ပဲ
ဘယ်အချိန်လက်ခမောင်းခတ်ရမလဲလို့
အခွင့်အရေးကို မဲ့ပြုံးနဲ့ထိုင်စောင့်
ထောင့်တွေမှာ ငြိမ်သက်ခဲ့ဖူးတယ်။
အပေးအယူမျှသယောင်
ငိုသယောင် မှိုင်သယောင်
ရိုးသားသယောင် ချစ်ခြင်းတွေဆာလောင်ပြ
ဟန်ဆောင်ရတာ သိပ်အရသာရှိတာပဲ
ဘယ်နေ့ဘယ်သူဘယ်လမ်းသွားမလဲ
ဘယ်သူဘယ်လမ်းဘယ်လိုသွားမလဲ
ကျနော် ခြေရာတွေကောက်ခဲ့ရင်း
မီးလောင်ချိန်ကိုသာ အာသာငမ်းငမ်း
ရော်ရမ်း မှန်းခဲ့တာကြာပေါ့။
အနင်းခံခဲ့သမျှ အဆင်းဟန်ထွက်ပြီ
သတင်းအမှန်သာ နားစွင့်ပါတော့
ရိုးသားဖို့လည်း သင်စရာမလိုဘူး
ကောက်ကျစ်ဖို့လည်း သင်စရာမလိုဘူး
အချိန်ကောင်းစောင့်တတ်ဖို့သာသင်ရမှာ
ဒီလိုနဲ့
ပညာတွေ ကျနော်တတ်မြောက်လာတယ်။
အရပ်ရပ်မျက်နှာစုံမှာ
လောင်စာတွေဘယ်လောက်ချပြီးသွားပြီလဲ
သင်္ခါရတွေကို အာသီသကအနိုင်ယူတယ်
လွှတ်ချင်တိုင်းလွှတ်ရအောင်
ကျနော်က ထာဝရအသက်လည်းရထားတာမဟုတ်
သေတပန်သက်တဆုံးလည်းမယုံနိုင်တော့
လက်ခမောင်းခတ်ဖို့သာ လောင်စာတွေမီးညှိလိုက်တယ်
နေရာတိုင်းမှာ ပြာဖြစ်စေ။
စုမွန်သွယ်
MSU - 57