ယွန်းထည်ဈေးကွက်
ယွန်းထည်ပစ္စည်း ဈေးကွက်အနေနဲ့ ပြည်တွင်းမှာ အဓိက အော်ဒါမှာယူသည့် လုပ်ငန်းများမှာ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ နိုင်ငံခြားသံရုံးများ၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပါသည်။
Images Credit - Original Source
ယွန်းထည်ဈေးကွက်မှာ နိုင်ငံခြားဧည့်သည်၊ ပြည်ပဈေးကွက်၊ နယ်စပ်ဈေးကွက်၊ ပြည်တွင်းဈေးကွက် စသည်ဖြင့် ရှိပါသည်။ ယွန်းထည်လုပ်ငန်း အများစုသည် နိုင်ငံခြားသား ဧည့်သည်များ အပေါ် ၉၀ ရာခိုင်နှုန်း မှီခိုကြရသည်။ နိုင်ငံခြား ဧည့်သည်များ လာရောက်သည့် နေ့များတွင် အဆင့်မီ ယွန်းထည်နှင့် လက်မှု အနုပညာ ပစ္စည်းများ ဆိုင်များ ဖွင့်လှစ် ရောင်းချကြသည်။ နိုင်ငံခြားသား အများစုမှာ သယ်ဆောင်ရန် လွယ်ကူသော တူ၊ စားပန်းကန်၊ ရေနွေးခွက်၊ လင်ပန်း၊ လက်ဝတ်ရတနာ ထည့်သည့်ဘူး စသည်တို့ကို ဝယ်ယူကြသည်။
Images Credit - Original Source
အချို့ကလည်း ပရိဘောဂ ပစ္စည်းများကို သဘောကျကြသည်။ ယခင်က အထည်ကြီးများကို တစ်ပါတည်း သယ်ယူရန် အခက်အခဲ ရှိသည်။ ယခုအခါ Shipping Agert များနှင့် ချိတ်ဆက်၍ Door to Door အထိ ပို့ပေးနိုင်သော လုပ်ငန်းရှင်များ ရှိပါသည်။
ရန်ကုန်မြို့ရှိ ကုမ္ပဏီ အချို့သည် ပြည်ပတင်ပို့ရန် မှာယူမှုများရှိသည်။ ပုဂံ၊ ညောင်ဦးနှင့် ကျောက္ကာတို့တွင် ပြည်ပ Export အတွက် အဓိကထားသည့် လုပ်ငန်းများရှိသည်။ ကိုယ်တိုင် တင်ပို့သလို ပြည်ပတင်ပို့ရန် မှာယူမှုများကိုလည်း ပြုလုပ်ပေးသည်။ တင်ပို့သည့် နိုင်ငံများမှာ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်တို့ ဖြစ်ပြီး ခရစ်စမတ် လက်ဆောင်ပေးသည့် ကာလများအတွက် အမှာစာများသည်။
Images Credit - Original Source
ကျိုင်းတုံဒေသတွင် ပြည်တွင်းဈေးကွက် မရှိသလောက် ဖြစ်ပြီး နိုင်ငံခြားဧည့်သည်များကိုသာ အားကိုးရသည်။ ထိုင်းနိုင်ငံသား ဧည့်သည်များက အများဆုံးလာရောက် ဝယ်ယူကြသည်။ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ရုရှား၊ စင်ကာပူ နိုင်ငံသား ဧည့်သည်များလည်း ဝယ်ယူကြသည်။
နယ်စပ် ဈေးကွက်မှာ အိမ်နီးချင်း နိုင်ငံများသို့ ဦးတည်သော မြဝတီဈေးကွက်နှင့် တာချီလိတ်ဈေးကွက်များ ဖြစ်သည်။ ထို့ပြင် ရန်ကုန်-မန္တလေး၊ မော်လမြိုင်၊ လားရှိုး ကုန်သည်များကလည်း ဝယ်ယူမှုရှိကြောင်း သိရပါသည်။ ပြည်တွင်း ဈေးကွက်ကို ကြည့်ပါက ဘုရားစောင်းတန်း ဈေးများတွင် ဈေးနှုန်းသက်သာသည့် ယွန်းထည်များကို အများဆုံး ဝယ်ယူပြီး ယွန်းအရည်အသွေး တန်ဖိုးကို သေချာ နားလည်မှု မရှိပေ။ လက်ဖက်အုပ်၊ လင်ပန်း၊ ကွမ်းအစ်တို့ကို အဝယ်များသည်။ ပုဂံ-ညောင်ဦးဒေသ ရွှေစည်းခုံ ယွန်းထည်ဆိုင်များတွင် ပြည်တွင်း ဈေးကွက်အကြိုက် ပစ္စည်းများက ၉၀ ရာခိုင်နှုန်းခန့် ရှိသည်။ မြစေတီ ဘုရားဈေးတန်းနှင့် မနုဟာဘုရား ဈေးတန်းတို့တွင် အများအပြား ရောင်းချပြီး ရွာတွင်း၌ အိမ်ဆိုင်များ ရှိသည်။ အိမ်ဆိုင်များက ပြည်ပ ဈေးကွက်အကြိုက် ပစ္စည်းများကို အများဆုံး ရောင်းပါသည်။
Images Credit - Original Source
ကျောက္ကာ ယွန်းထည်၏ ဈေးကွက်က ပြည်တွင်း ဈေးကွက်အနေနဲ့ ကျောက္ကာ ရွှေဂူနီဘုရားကြီး ဈေးဆိုင်ခန်းတွေမှာ နှစ်ပေါက် ရောင်းချနေသလို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ ရေး၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ကျောက်မဲနဲ့ နေပြည်တော် တို့ကို ဖြန့်ချီပြီး ပြည်ပဈေးကွက်အနေနဲ့ မြဝတီနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချလျက် ရှိပါသည်။ အများဆုံး ဝယ်ယူတာက ဂျပန်နဲ့ တရုတ်နိုင်ငံများ ဖြစ်ပါသည်။ လက်မှုပစ္စည်းရဲ့ သေသပ်မှုအပေါ် မူတည်ပြီး ဈေးကောင်း ရနိုင်သည်။
ယွန်းထည် ကုန်ချောပစ္စည်း တန်ဖိုးအနေနဲ့ အနည်းဆုံး ငွေကျပ် တစ်သောင်းကနေ နှစ်သိန်းခွဲလောက် အထိ ပစ္စည်းပေါ် မူတည်ပြီး သတ်မှတ်ရောင်းချလျက် ရှိပါတယ်။ ၂၉ လက်မ အမြင့်ရှိတဲ့ ဆွမ်းချိုင့်တစ်လုံးကို အနည်းဆုံး ငွေကျပ် တစ်သိန်းခွဲကနေ နှစ်သိန်းအထိ ရှိပြီး ယွန်းလက်ဖက်ရည်အိုး (ဗျပ်+ပန်းကန်လေးလုံး) တစ်စုံရဲ့ တန်ဖိုးက ငွေကျပ် သိန်း ၂ဝ ကျော်အထိ ဈေးကောင်းရနိုင်ပါသည်။
Images Credit - Original Source
ယွန်းထည် ကုန်ချောပစ္စည်းများ တန်ဖိုးမြင့်မားနေပေမယ့် ယွန်းထည် လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းမပျက် လည်ပတ်နိုင်ဖို့ ငွေကြေး အရင်းအနှီး ခက်ခဲမှုရှိ၍ မုံရွာမြို့နယ် ကုန်သွယ်ရေး ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဇေယျာပဒေသာ ဖောင်ဒေးရှင်းကနေ ငွေကြေးပံ့ပိုးပေးနေပါတယ်။
ဒါကြောင့် ကျောက္ကာရွာမှ ထွက်ရှိသော ကျောက္ကာယွန်းထည်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ ပိုမိုဝယ်ယူလာဖို့ လက်မှုပညာရှင်များက လက်ဆင့်ကမ်း ပညာအမွေပေးရင်းနဲ့ နိုင်ငံတော်အစိုးရက ဈေးကွက်မြှင့်တင်ရေးနှင့် အသေးစားလုပ်ငန်းများ တိုးတက်လာသည်အထိ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ယခုထက် ပိုမိုအားကောင်းလာအောင် ကူညီပေးသင့်ပါကြောင်းးးရေးသား လိုက်ရပါတယ်။ ။
နိဂုံးချုပ်အားဖြင့် ယွန်းထည်လုပ်ငန်းသည် မြန်မာ့ရိုးရာ အမွေအနှစ်တစ်ခုအဖြစ် ဘိုးဘွားစဉ်ဆက် ရပ်တည်လာပြီး ကမ္ဘာ့ နိုင်ငံများအထိ အသိအမှတ် ပြုခံရဆဲ ဖြစ်ပါသည်။ ယွန်းပညာရှင် ကြီးများလည်း သက်ရှိထင်ရှား ရှိနေလျက် ရိုးရာယဉ်ကျေးမှု ယွန်းထည် လုပ်ငန်းများမှာ ရပ်တည်နေဆဲဖြစ်ပြီး ယွန်းပညာများ သားစဉ်မြေးဆက် လက်ဆင့် ကမ်းမှုများပြုလုပ်ကာ “မြန်မာ့ယွန်းထည်လုပ်ငန်းကို ရေရှည် ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့" လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
Images Credit - Original Source
ဦးသောင်းထွန်း၊ အငြိမ်းစား ကျောင်းအုပ်ကြီး၊ ယွန်းပညာကောလိပ်၏ မြန်မာ့ရိုးရာ ယွန်းပညာ ပို့ချချက်။
ဦးအောင်(စီးပွား)၏ မြန်မာ့ ပန်းယွန်း သို့မဟုတ် ယွန်းထည် လုပ်ငန်းဆောင်းပါး။ များကို ကိုးကား၍ ရေးသားလာခဲ့သော "ရှေးဟောင်းအမွေ မြန်မာ့ယွန်းထည်" ဆောင်းပါး ဤမှာပင် နိဂုံးချုပ်လိုက်ပါသတည်းးး။
@steemitarrman