ကော်ဖီချစ်သူ (ဇာတ်သိမ်းပိုင်း)

Words
666
Reading
3 min
Listen
Play
9y

image
(ပထမပိုင်း)
https://steemit.com/myanmar/@soethakhin/ekapaundefinedsthu-6691b33ee8926
နေရောင်က ကတ္တရာလမ်းပေါ်တွင် နုနုကလေး ဖြာကျနေသည်။ကောင်းကင်ခြေလှမ်းများက အလိုအလျှောက် "Rose Garden" ရှေ့တွင် ရပ်တန့်သွားသည်။ မနေ့ကတော့ ဒီဆိုင်ကို အလုပ်ရှိ၍ လာခြင်း ဖြစ်သည်။ ဒီနေ့တော့ ကောင်းကင် ကိုယ့်ကိုယ်ကို နားမလည်။ ညကအိပ်ခါနီး သူမမျက်နှာကိုပြန်မြင်ကာ သတိရနေမိသည်။ဒီနေ့မနက်အိပ်ယာမှစောနိုးကာ သူမကို သတိရပြန်သည်။ချစ်နေလားဆိုတော့မသေချာ။ သို့သော်…သူမမျက်နှာကိုမြင်ချင်နေမိသည်။ထို့ကြောင့် မနေ့ကအချိန်နှင့်အညီဒီရပ်ကွက်သို့လာမိခြင်းပင်။ ကောင်းကင် ကိုယ့်ကိုကိုအပြစ်တင်လိုက်မိသည်။မနေ့က ဒီမှာတွေ့ ခဲ့တဲ့ ကောင်မ လေးတစ်ယောက်ကို ဒီနေ့ဒီမှာ တွေ့မယ်လို့မမျှော်မှန်းနိုင်။လူတိုင်းကကော်ဖီသောက်ကြသလိုကော်ဖီဆိုင်တိုင်းဝင်သောက်နိုင်သည်ပဲ။ သွားရင်းဟန်လွဲ ကြုံ ခဲ့ရသူတစ်ယောက်ကို ဒီနေ့ဘာလို့ ပြန်တွေ့ နိုင် လိမ့်မလဲ။ဘာပဲဖြစ်ဖြစ်လေ ဆိုင်ရှေ့တောင်ရောက် နေပြီပဲ။ စိတ်ကို ဒုန်းဒုန်းချကာ ကောင်းကင် ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။

image
ဆိုင်ထဲသို့တစ်ချက်ဝေ့ကြည့်လိုက်တော့ထိုင်ခုံတိုင်း လိုလိုတွင် လူပြည့်နေသည်။ကောင်းကင်ရင်ထဲတွင် လှိုက်ခနဲ ၀မ်းသာသွားသည်။ဆိုင်ထောင့်တွင် သူမမနေ့ ကလိုပဲ တစ်ယောက်တည်း ကော်ဖီကို နှစ်နှစ် ခြိုက်ခြိုက်သောက်နေသည်။ကောင်းကင် ခပ်သွက်သွက်ပင် သူမ၀ိုင်းဆီသို့  လျှောက်သွားလိုက်သည်။ လူကြပ်နေသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်သည်။"ဒီမှာခဏထိုင်မယ်နော်" အရှေ့မှအသံ ကြောင့် ဖြူ မျက်လုံးများကို ဖွင့်လိုက်သည်။ မိမိရှေ့ တွင် ယောက်ကျာ်းတစ်ယောက်။အပေါ်တွင်အပြာ ဖြော့ရောင်ကွက်စိပ် လက်ရှည်ကိုဝတ်ထားကာ
အောက်တွင် အသားရောက်ဆန်ဆန် ဘောင်းဘီ
ီရှည်ဝတ်ထားသည်။ ထူးထူးခြားခြား လူသတိထားမိလောက်အောင် ချောလေသည်။ပြုံး နေသောသူ့မျက်ဝန်းများကိုမော့ကြည့်ကာ ဖြူ ဆွံ့အနေမိသည်။ ပြီးမှ သတိပြန်ဝင်လာကာ ဘေးသို့ ဝေ့ကြည့်လိုက် ၏။ ဆိုင်ထဲတွင် လူပြည့်နေသည်လေ။ "ရပါတယ် ထိုင်ပါ" အသံကိုအတတ်နိုင်ဆုံးကြိုးစား ထိန်းလိုက်ရင်း မိမိရှေ့မှ ကော်ဖီကို စိုက်ကြည့်နေမိသည်။
ယောက်ျားလေးတစ်ယောက်နှင့်ပထမဆုံးစားပွဲတစ် ခုတည်းတွင်ထိုင်ဖူးခြင်းပင်။ထိုယောက်ျားကလည်း မူးမေ့သွားနိုင်လောက်အောင် ချောလေသည်။ဖြူယောက်ျားလေးချောချောပေါင်းများစွာကို သွားရင်းလာရင်း မြင်ဖူးလေသည်။သို့သော် သူ့လိုမျိုး နှုတ်ခမ်းကပြုံးလျှင် မျက်လုံးများပါလိုက်ပြုံးတတ် သော အပြုံးပိုင်ရှင် ယောက်ျားလေးမျိုး မတွေ့ ဖူးပေ။

image
မျက်နှာကို တည်လိုက်ရင်း ကောင်းကင် စကားစ လိုက်သည်။ " ဒီမှာကော်ဖီသောက်လေ့ရှိတယ်ထင် တယ်နော် မနေ့ ကလဲတွေ့ လို့ "
" ဟုတ်ပါတယ်။ကျမ မနက်တိုင်းလာသောက်လေ့ရှိတယ် " ဖြေပီးမှ ဖြူကိုယ့်ကိုယ်ကို အပြစ်တင် လိုက်မိသည်။ အဲလိုဖြေဖို့ လိုလို့ လား။နှစ်ယောက် အကြားတွင် စကားသံက တိတ်ဆိတ်သွားသည်။ ဆိုင်တွင်းမှ သီချင်းသံက ခပ်သဲ့သဲ့ ပျံ့လွင့်လာပြန်သည်။

"အရင်နေရာကို ဖြည့်ဆည်းမယ့်သူ
နောက်ထပ် မတွေ့ လိုတော့ဘူး
ကော်ဖီကြိုက်တဲ့ အချစ်ရေခုတော့ မင်းဘယ်မလဲ"

" ကျနော်ဒီသီချင်းကို အရမ်းကြိုက်တာ"
ဖြူမျက်လုံးများတောက်ပသွားသည်။ " ဟုတ်လား ကျမလည်း ဒီသီချင်းကို အရမ်းကြိုက်တယ်။ ဒီဆိုင်က ကော်ဖီကို လည်းကြိုက်တယ် ။ဒီဆိုင်က ကော်ဖီက အရမ်းကောင်းတာ။" "ဟုတ်လား" ပြောရင်း ကောင်းကင် ကော်ဖီကို တစ်ဂျိုက်မော့သောက်
လိုက်သည်။ သူမပြောတာ မမှား ကောင်းကင်လို
ကော်ဖီမကြိုက်သောသူအတွက်ပင် သောက်ရတာ အရသာ ရှိနေသည်။

image
"ကျနော့နာမည် မိုးကောင်းကင်ပါ။ သူငယ်ချင်းလုပ်ရအောင် ကျတော်တို့နှစ်ယောက်။ကော်ဖီကြိုက်သူ သီချင်းကြိုက်သူချင်းလေ" သူ့ စကားကြောင့် ဖြူ သူ့ကိုမော့ကြည့်ကာ တွေဝေသွားသည်။ ဖြူ့ တွင် ငယ်ငယ်ကတည်းက သူငယ်ချင်းမရှိ။ သူပြောတာလည်း သဘာဝကျသည်။ ကော်ဖီကြိုက်သူချင်းဆိုတော့ သူငယ်ချင်းဖြစ်လျှင် အဆင်ပြေနိုင်သည်။ ဖြူပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။

ကောင်းကင်ရင်ထဲသို့ အပျော်များမြူးထူးနေသည်။ အလုပ်တွင်လည်း ယနေ့ အဆင်ပြေနေလေသည်။ ဒီနေ့ ဖြူနှင့် သူငယ်ချင်းဖြစ်ခဲ့သည်။စကားပြောရင်း မှ ကောင်းကင်သိလာတာက သူမမှာသူငယ်ချင်းမရှိဘူးဆိုတာရယ် နာမည်နှင့်လိုက်အောင် ဖြူစင်လွန်း တာရယ်ပင်။ မနက်ဖြန်မနက် ကော်ဖီအတူသောက်ဖို့လည်း ချိန်းခဲ့လေသည်။

ဖြူနှင့်ကောင်းကင် သူငယ်ချင်းဖြစ်နေသည်မှာ တစ်လ ကျော်ပေပြီ။ သူငယ်ချင်းဆိုတာ အခုမှ စထား သော ဖြူ့ အတွက် ကောင်းကင်က တော်တော် ပေါင်းလို့သင်းလို့အဆင်ပြေလေသည်။ သူမနှင့် ကောင်းကင် မနက်တိုင်း "Rose Garden "တွင် တွေ့ ကြသည်။ ကောင်းကင်က သူမကို အပြင်
လောကအကြောင်း အလုပ်အကြောင်းများ ပြောပြသည်။ ကောင်းကင်က ရယ်စရာလည်း တော်
တော်ပြောတတ်လေသည်။ ဖြူ၏ခြောက်သွေ့ နေ သောဘ၀က ကောင်းကင်နှင့်သူငယ်ချင်းဖြစ်မှစိုပြေ လာသည်ဟု ထင်မိသည်။ ကောင်းကင်ကို သူမ တွယ်တာလှသည်။ ကောင်းကင်နှင့် မနက်တိုင်းတွေ့ ချင်မိသည်။

အိမ်ပေါ်မှ ခပ်မြူးမြူးဆင်းလာသော သမီးမျက်နှာကို ဦးအောင်ခန့် လှမ်းကြည့်လိုက်သည်။ခုတလော သမီးထူးခြားနေသည်။ အမြဲပင် မျက်နှာက ပြုံးနေ
လေ့ ရှိသည်။"ဖေဖေရေ့ သမီးကော်ဖီသွားသောက်လိုက်အုံးမယ်" "အေးအေးသမီး " အပြင်ထွက်သွားသော သမီးဖြစ်သူ၏ နောက်သို့ ဦးအောင်ခန့် တိတ်တဆိတ် လိုက်သွားမိသည်။ ဟင်သမီးနှင့် လူငယ်လေးတစ်ယောက် Rose Garden ရှေ့တွင် ပြုံးရွှင်စွာ စကားပြောရင်း ဆိုင်ထဲဝင်သွားပါလား။
အိမ်အပြန်လမ်းတွင် ဦးအောင်ခန့် မျက်နှာတစ်ပြင်လုံး အုံ့ဆိုင်းနေလေသည်။

image
" ဖြူ "
ကော်ဖီခွက်ကိုရှေ့သို့တိုးပေးလိုက်ရင်း ကောင်းကင်စကားစလိုက်သည်။ " ပြောလေကောင်းကင်ဘာလဲ" ကော်ဖီကို မွှေနေရင်း ဖြူပြုံး၍မေးလိုက်သည်။ " ကိုယ်ဝန်ခံစရာ ရှိတယ်။တစ်ကယ်တော့လေ
ကိုယ်အစက ကော်ဖီမကြိုက်ဘူး။ဖြူ့ ကိုတွေ့ တော့ကိုယ် ဖြူနဲ့ ရင်းနှီးချင်တာနဲ့ ကော်ဖီကြိုက်တယ်လို့ ညာလိုက်တာ။ဖြူစိတ်ဆိုးသလား" "ဒါများ မဆိုးပါဘူး ကောင်းကင်ရဲ့ ဖြူနဲ့ ကောင်းကင်က စိတ်ဆိုးစရာ မလိုလောက်အောင် ခင်မင်ကြတယ်လေ။ "
ကောင်းကင်တံတွေးကို မျိုချလိုက်သည်။ "ခုဖြူနဲ့ 
ခင် တာကြာလာတော့လေ ကိုယ် ကော်ဖီကိုလည်း ကြိုက်လာတယ် ။ဖြူ့ ကိုလည်း ချစ်လာတယ်ဖြူ "

ဟင်! ထင်မထားသည့် စကားကြောင့် ဖြူ ကြောင်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်မျက်ဝန်းများက ဆွေးမြေ့ရိပ်သန်းလျှက် ဖြူကို ချစ်နေသည့် အရိပ်အယောင်များဖြင့်ပြည့်နေသည်။သူဖြူ့ ကိုတစ်ကယ်ချစ်နေတာပါလား။ဖြူရင် ထဲတွင် ကတုန်ကရင် ဖြစ်လာသည်။ ဖြူကကော သူ့ ကိုချစ်သလား။ " ဖြူ ကိုယ့်ကို စဉ်းစားပေးစေ
ချင်ပါတယ်။မနက်ဖြန် ဒီလိုအချိန် ကိုယ် ဒီဆိုင်က စောင့်နေမယ်။ဖြူ့ အတွက် ခုအဖြေပေးဖို့ ခက်ခဲနေ မှာပေါ့။ကိုယ်နားလည်ပါတယ်။ဒါပေမယ့်မနက်ဖြန် ကြရင်တော့ ကိုယ်ပျော်ချင်တယ်ဖြူ ။ကိုယ့်ဘက်ကို အလေးသာပြီး စဉ်းစားပေးပါနော်။ ကိုယ်သွားတော့မယ်။ " လှည့်ထွက်သွားသော သူ့ ကျောပြင်ကို ဖြူ လွမ်းမောစွာ ငေးကြည့်နေမိသည်။
image
ဖြူတစ်နေ့ လုံးစဉ်းစားနေမိသည်။ ဖြူမျက်ဝန်းတွင် ကောင်းကင်နှင့် စတွေ့သည့်အချိန်မှ အခုထိ
အကြောင်းအရာများကို ပြန်မြင်လာသည်။ သူမ
ပျော်ခဲ့သည်။ ရွှင်ခဲ့သည်။ ကြည်နူးခဲ့သည်။ ဒါတွေအားလုံးက ကောင်းကင်ကြောင့်လေ။ပြီးတော့သူမ သူ့ကိုတွယ်တာလှသည်။သူ့ကိုတစ်နေ့ မတွေ့ရလျှင် မနေနိုင်။သူ့ မျက်နှာမမြင်ရလျှင်မနေနိုင်။ သူ့ အသံမကြားရလျှင် မနေနိုင်။ ဒါတွေအားလုံးက အချစ်ဆိုလျှင် သူမသူ့ ကို ချစ်လေသည်။ ဟုတ်သည် သူမသူ့ ကို ချစ်နေသည်။ ဖြူ့ ရင်ထဲတွင် လှိုက်ခနဲ ခုန်သွားသည်။အခုကိုသူနဲ့တွေ့ချင်လာသည်။ချစ်သည့်အကြောင်းတွေ ပြောချင်လှသည်။ ဧည့်ခန်းအတွင်းမှ ဖုန်းဆီသို့ ပြေးသွားမိသည်။ဖုန်းခွက်ကို ကောက် ကိုင်ပြီးမှသတိရသည်။ဟုတ်သားပဲ။ငါသူ့ဖုန်းနံပါတ် မှ မသိတာ။ ဖြူနှင့်သူ တစ်လကျော်လောက် တွေ့ ခဲ့သော်လည်း ဖုန်းနံပါတ်ခြင်း မလဲခဲ့မိ။နံနက်တိုင်းဆိုင်တွင် ဆုံဖို့သာ ချိန်းခဲ့လေသည်။ဖုန်းခွက်ကိုပြန် ချပြီး အထ ဘယ်ဘက်ရင်အုံမှ စူးကနဲ အောင့်တက်သွားသည်။ " အား အား အား " မခံမရပ်နိုင်
အောင် အောင့်လာလေသည်။ ရင်ဘတ်ကိုဖိကာ လဲကျသွားသော သမီးကြောင့် ဒေါ်အေးဖြူ မျက်လုံးများ ပြာကနဲ ဖြစ်သွားသည်။" သမီး သမီး…လာကြပါအုံး ကိုအောင်ခန့်  ဒီမှာ သမီး မေ့လဲသွားလို့  "
အမေ အဖေနှင့် အိမ်မှ အလုပ်သမားများ ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ဖြူကိုကားပေါ်သို့ တင်ကြ သည်။ ဆေးရုံသွားဖို့ အကြောင်း ပြောနေသည်ကို ကြားနေရသည်။ ဖြူသေတော့မှာလား ။ဟင့်အင်း ဖြူသေလို့ မရသေးဘူးလေ။ ဖြူ မနက်ဖြန်ကြရင် ကောင်းကင်ကို အဖြေပေးရအုံးမည်။ သူစောင့်နေမယ်ဟု ပြောသွားသည်ပဲ။ ဘယ်ဘက်ရင်အုံမှ ပို၍ စူးအောင့်လာသည်။ " သမီးသမီး အားတင်းထား
နော် " ဒါအဖေ့အသံ။ဖြူ့ နာကျင်မှုများ ရုတ်တရက်ဆိုသလို ပျောက်သွားသည်။ ဖြူ မျက်ဝန်းရှေ့တွင်
မြင်ကွင်းတစ်ခု " Rose Garden " တဲ့ ဆိုင်ထဲမှ
ရတနာဦး၏ကော်ဖီသောက်တိုင်းလွမ်းတယ်သီချင်းသံက အပြင်ထိ ပျံ့လွင့်နေသည်။ သူဘယ်မှာလဲ ဖြူချစ်ရတဲ့ ကောင်းကင် ဘယ်မှာလဲ။

image
လူနာအမည် ဖြူ ည ၇ နာရီ၅ မိနစ်တွင် သေဆုံးသည်။ ဆရာဝန်၏ စကားသံကြောင့် ဒေါ်အေးဖြူ
ခွေကျသွားသည်။ ဒေါ်အေးဖြူကို ထိန်းထားသော ဦးအောင်ခန့် မျက်ဝန်းတွင် မျက်ရည်များ ပြည့်လှ်က်။

ကော်ဖီဆိုင်ထဲသို့ ကောင်းကင်ဝင်လာခဲ့သည်။ သူ့ ရင်များ တလှပ်လှပ်ခုန်နေသည်။ ဒီနေ့ ဖြူသူ့ ကို အဖြေပေးမည့်နေ့ ။အ၀င်ဝဆီသို့ လှမ်းမျှော်ကြည့်နေမိ၏။တဖြည်းဖြည်းနှင့် အချိန်များကုန်လာသည် မနက် ၉နာရီထိုးပေပြီ။ ဖြူမလာတော့ဘူးလား။ ဖြူလာမယ့်နေ့ ထိ ကိုယ်ဒီဆိုင်ကနေ မနက်တိုင်း လာစောင့် နေမှာပါဖြူ ။
ကောင်းကင် ထထွက်လာခဲ့သည်။

ရာသီများ အလီလီပြောင်းလဲခဲ့ပေပြီ။ အသက် ၃၀
ပြည့်ပြီဖြစ်သော ဦးကောင်းကင်တစ်ယောက် ဆိုင်ရှေ့မှ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်မိသည်။
" Rose Garden "လွန်ခဲ့သော၃နှစ်ကအသစ်လဲခဲ့သောဆိုင်းဘုတ်ပင်ပျက်စီးနေခဲ့ပြီ။ဘာလိုလိုနှင့်သူမနက်တိုင်းဖြူ့ ကို လာစောင့်နေခဲ့သည်မှာဒီနေ့ဆိုလျှင် ၁၀နှစ် တင်း တင်းပြည့်ခဲ့ပြီ။သူ့တွင်ယုံကြည်ချက်တစ်ခု ရှိသည်။တစ်နေ့တွင်တော့သူထိုင်နေသောထိုင်ခုံလေး သို့ ဖြူရောက်လာကာ သူ့ ကို ချစ်သည့်အကြောင်း လာပြောလိမ့်မည်။ဦးကောင်းကင်အတွင်းဘက်သို့ ၀င်ကာထိုင်နေကျဆိုင်ထောင့်တွင် ၀င်ထိုင်လိုက် ၏။ ထုံးစံအတိုင်း ဖြူ့ ဖို့ တစ်ခွက် သူ့ ဖို့ တစ်ခွက် ၂ခွက်မှာလိုက်သည်။ ဘာလိုလိုနှင့် ဒီနေ့ လည်း ၉နာရီထိုးပေပြီ။ ဆိုင်ပြင်တွင် မိုးများတဖွဲဖွဲ ကျနေသည်။မိုးဖွဲများက ဖြူနှင့်စတွေ့ ခဲ့သောနေ့ ကို ပို၍ သတိရစေလေသည်။အရှေ့မှ အရာမယွင်းသေး
သော ကော်ဖီခွက်နှစ်ခွက်ကို စိုက်ကြည့်ရင်း သူ့ 
မျက်ဝန်းတွင် မျက်ရည်များ ၀ဲတက်လာသည်။ ဖြူသိလား။ တစ်ကယ်တော့အချစ်ဆိုတာ အချိန်တွေ ပြောင်းတိုင်း လိုက်ပြောင်းတတ်သည့်အရာမဟုတ်။
အချိန်တွေကြာတိုင်း ဟောင်းနွမ်းသွားသည့်အရာမဟုတ်။တစ်မိနစ်လောက်ချစ်ဖူးရင်တောင် ၁၀နှစ်စာ လောက်မမေ့နိုင်ဖြစ်တတ်သည်။တစ်လစာလောက် ချစ်ခဲ့ရင်တောင်တစ်ဘ၀စာရင်းရဲသည်ထိဖြစ်သွား
နိုင်သည်။ကိုယ်ယုံတယ်ဖြူ ။တစ်နေ့တော့မင်းကိုယ့်ဆီကို လာမှာပါ။ ကိုယ်စောင့်နေမှာပါဖြူ တစ်ဘ၀ လုံးစာ အထိ။ကိုယ့်နောက်ဆုံးထွက်သက်အထိ
ဒီနေရာလေးကနေ ကိုယ်အမြဲတမ်းစောင့်နေတော့မှာပါဖြူ ။ကိုယ်အမြဲတမ်းစောင့နေတော့မှာပါ…

image
ဆိုင်ထဲတွင် သီချင်းသံက ခပ်တိုးတိုး
ပျံ့ လွင့်နေသည်။

"ကော်ဖီကြိုက်တဲ့ အချစ်ရေခုတော့
မင်းဘယ်မလဲ
ကိုယ်နဲ့ ဝေးသွားခဲ့တာ ရက်ပေါင်းများပြီပဲ
ကောင်းကင်ကို လှမ်းမျှော်ကြည့်ရင်းနဲ့ 
ပျောက်ဆုံးခဲ့သူ မင်းကိုရှာ နေပါတယ်
ဘ၀နဲ့ ရင်းကာချစ်ခဲ့ ချစ်သူလေးရယ် ခုတော့ မင်းဘယ်မလဲ ......."

image

                        ပြီးပါပြီ

ဖတ်ရှုအားပေးခဲ့ကြပါသော steemit အဖွဲ့သူအဖွဲ့သားများအားကျေးဇူးအထူးတင်လျှက်……
MSC-172
Photo credit - google image
Author - Soe Tha Khin