ယောက်ကျားကဖောက်ပြန်နေလို့ စိတ်ညစ်နေပြီလား ညီမလေး?
ဒါမှမဟုတ် ယူထားတဲ့ယောက်ကျားက သောက်စားမူးယစ်ပြီး မိသားစုအတွက် ဘာအာမခံချက်မှမရှိဘဲ ရောင့်ရဲတင်းတိမ်လွန်းနိုင်လို့ စိတ်ဓါတ်ကျနေပြီလား?
သောက်စားမူးယစ်ခြင်းလည်းမရှိ တတိယလူလည်းမပေါ်ပါဘဲ ကျောခြင်းကပ်နေရင်းနဲ့ ဝေးကွာသလိုဖြစ်နေပြီး အသက်မဲ့လာတဲ့ အေးစက်စက် အိမ်ထောင်ရေးကြောင့် အားငယ်နေရပြီလား ?
အိမ်ထောင်ကျပြီးသား မိန်းကလေးအများစုဟာ အထက်ပါအကြောင်းအရာများကို အခြေခံပြီး single motherဘဝကို မရောက်ခြင်ဘဲ ရောက်ခဲ့ကြရပါတယ်။ဒီနေရာမှာ တစ်ခုဖြတ်ပြောခြင်တာက single mother ဆိုတဲ့ ဝေါဟာရအကြောင်းလေးပါ။ခေတ်ရေစီးကြောင်းအလိုက်သာ ဘိုဆန်ဆန်ခေါ်ဝေါ်နေကြတဲ့ single mother ဆိုတဲ့ စကားလုံးကို ယနေ့ခေတ် ကျမတို့ပါတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ် သုံးနှုန်းနေကြပေမယ့် ဒီဝေါဟာရအောက်သွားတဲ့ အမျိုးသမီးလေးတွေဟာ တစ်ခုလပ်လို့ သတ်မှတ်ခံကြရတော့တာပါပဲ။ဒီစကားလုံးရဲ့နောက်ကွယ်မှာ မိန်းကလေးအများစု ပင်ပန်းရပါတယ်။ငိုကြွေးခြင်းတွေနဲ့အတူ ဝမ်းနည်းမှုတွေ နောင်တရမှုတွေပေါင်းစပ်ထားတဲ့ စိတ်ဖိစီးမှုတွေကိုလည်း အလူးအလဲခံစားရပါတယ်။ဘယ်လောက်ပဲသတ္တိရှိတယ် ပြောပါစေ ကိုယ့်ရင်သွေးကို မိန်းမသားတစ်ယောက်တည်း ပြုစုပြီး ပါတ်ဝန်းကျင်ရဲ့လက်ညှိုးထိုးမှုတွေကြား ရုန်းကန်ရတာ အရမ်းကိုခက်ခဲလှပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံလိုနေရာမျိုးမှာ တစ်ခုလပ်ကလေးအမေ ,မုဆိုးမဘဝနဲ့ ဘဝကိုဖြတ်သန်းနေကြရတဲ့ မိန်းမသားအများစုဟာ လူအများရဲ့ လက်ညှိုးထိုးဝေဖန်စရာတစ်ခုအနေနဲ့ ဖြစ်နေရပါတယ်။မိန်းမသားတစ်ယောက်အနေနဲ့ သတ္တိရှိရှိ ရဲဝံ့စွာနဲ့ ဘဝတိုက်ပွဲဝင်နေတာကို ချီးကျူးရမဲ့အစား တချို့သောသူအများကတော့ ကဲ့ရဲ့ရှုံ့ချစရာတစ်ခုအနေနဲ့ မြင်နေကြတတ်ပါတယ်။အဲ့လိုလူတွေရဲ့အမြင်မှာတော့ single mother ဖြစ်ရခြင်းကိုဘဲ အပြစ်တစ်ခုအနေနဲ့ ခံယူထားတတ်ကြပါတယ်။
ဒါကလည်း single motherအပေါ် ကျမတို့ရှင်သန်နေတဲ့ ပါတ်ဝန်းကျင်ရဲ့ယဉ်ကျေးမှု,ထုံးတမ်း အစဉ်အလာနဲ့ ခံယူချက်တွေအပေါ်မူတည်ပြီး မြင်နေကြတာဆိုတော့ မှားတယ်လို့တော့ပြောမရသလို မှန်လည်းမမှန်နိုင်ပါဘူး။ဒါပေမယ့် လူတစ်ယောက်ရဲ့တန်ဖိုးကို အဲ့ဒီ့လူမှာပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်အရည်အချင်း,တွေးခေါ်နိုင်စွမ်းရှိတဲ့ အသိဉာဏ်တွေအပေါ်မှာသာ တိုင်းတာတတ်လာမယ်ဆိုရင် single mother အပေါ်အမြင်ကျယ်ကျယ်နဲ့ လက်ခံလာနိုင်မှာပါ။မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အရေပြားတစ်ထောက်စာ အပျိုစစ်ခြင်း မစစ်ခြင်းနဲ့ဘဲ တိုင်းတာနေကြတဲ့ ပါတ်ဝန်းကျင်ရှိနေသ၍တော့ မိန်းကလေးအများစုဟာ လင်ရှိမုဆိုးမဘဝနဲ့ပဲ တိုးတိုးတိတ်တိတ် စိတ်ဆင်းရဲနေကြရဦးမှာပါ။
လူ့ဘဝဆိုတာ သက်တမ်းတိုတိုလေးရယ်ပါ။ကိုယ့်ဘဝကိုယ် ပျော်ရွှင်နိုင်မယ့်,တိုးတက်နိုင်မယ့်နည်းလမ်းတွေကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။"အိမ်တွင်းမီး အိမ်ပြင်မထုတ်ရ"တို့ "တည်မိတဲ့ဘုရား လင်းတနားနား"တို့ဆိုတဲ့ စကားပုံတွေဟာ ဟိုးရှေးရှေးတုန်းမှာကျန်ခဲ့ပါပြီ။တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်ရဲ့ခံစားချက်,ဘဝတွေကို အနီးစပ်ဆုံးထပ်တူကျဖို့ ညှိယူလိုက်ကြတာပါပဲ။တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် အပြန်အလှန်ချစ်ခင်နေကြတဲ့လူနှစ်ယောက် တစ်ဘဝစာလုံးအတူရှိနေဖို့ နားလည်မှုတွေ,ချစ်ခြင်းမေတ္တာတွေနဲ့အတူ လက်တွဲလိုက်ကြတဲ့သဘောပါပဲ။နှစ်ဦးအတူလက်တွဲပြီး ပိုပြီးပျော်ရွှင်နိုင်မယ်,တစ်ယောက်ဘဝကို တစ်ယောက် ပိုပြီးတိုးတက်အောင်ပံ့ပိုးနိုင်မယ်လို့လည်း ယူဆပြီး လက်တွဲခဲ့ကြတာလေ။တစ်သက်လုံး စိတ်ဆင်းရဲခံပြီး ဘဝနေဝင်ချိန်ကိုစောင့်မျှော်နေရဖို့မှမဟုတ်တာ။ကျမတစ်ယောက်တည်းရဲ့အမြင်ကိုဘဲပြောရမယ်ဆိုရင် ချစ်ခြင်းမေတ္တာအခြေခံပြီး လက်တွဲကြတဲ့အခါမှာ ကျမတို့မိန်းကလေးတွေဟာ ချစ်ပါတယ် မြတ်နိုးပါတယ် လို့ယောက်ကျားလေးတွေရဲ့ ကမ်းလှမ်းမှုကို ရယူပြီးမှသာ ပြန်လည်ပြီး စိတ်ဝင်တစားဆုံးဖြတ်ကြရပါတယ်။ဆိုတော့ အရင်စပြီးချစ်တဲ့ သူတို့တောင် ကျမတို့ကိုမချစ်နိုင်တော့လို့ စိတ်ဒုက္ခတွေပေးနေမယ်ဆိုရင် နောက်မှပြန်ချစ်တဲ့ကျမတို့က ဘာအတွက်နဲ့မှဆက်ချစ်ပြီး စိတ်သောကတွေပိုက်နေစရာ မလိုဘူးလို့ထင်ပါတယ်။
ကျမဒီလိုတွေပြောနေလို့ single motherအဖြစ်လွယ်လွယ်ခံယူဖို့ အားပေးနေတာမဟုတ်ပါဘူး။single motherဘဝကို ဖက်ရှင်တစ်ခုအနေနဲ့ မြင်နေမယ်ဆိုရင်တော့ မမှားပေမယ့် အလုံးစုံတော့မမှန်ကန်နိုင်လို့ပါ။ကျမတို့မိန်းမသားတိုင်းဟာ များသောအားဖြင့် ကံမကောင်းတတ်ကြပါဘူး။အိမ်ထောင်ပြုတယ်ဆိုတာ မိန်းမသားတိုင်းရွှံ့ပုံပေါ်မှာ ထိုင်ရသလိုပါပဲ။အိမ်ထောင်ရေးကံ ဆိုတာလည်း ကိုယ်လုပ်ဆောင်တဲ့ အပြုအမူနဲ့ခံယူချက်ပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။အိမ်ထောင်ရေးဆိုတဲ့ရွှံ့တုံးကြီးကို ကိုယ်လိုလားတဲ့ပုံပေါ်အောင် အချိန်ယူပြီးတဖြည်းဖြည်းပုံဖော်ရတာပါ။ပြီးပြည့်စုံတဲ့ relationshipဆိုတာမရှိပါဘူး။ခုချိန်မှာ ပျော်ရွှင်နေကြတဲ့ အိမ်ထောင်ရှင်တိုင်းဟာ အိမ်ထောင်ရေးဆိုတဲ့ခရီးရှည်ကို လျှောက်လှမ်းနေခဲ့ရတဲ့ တစ်လျှောက်လုံးမှာ ကြမ်းတမ်းတဲ့လမ်းကို ဖြတ်ကျော်ဖူးခဲ့ကြတဲ့သူတွေပါပဲ။ဒါကြောင့် စိတ်ညစ်စရာတွေရှိလာလဲ ကိုယ်တစ်ယောက်တည်းမဟုတ်တဲ့အတွက် လွယ်လွယ်မကျိုးပဲ့စေလိုပါဘူး။တသက်လုံးအတူလက်တွဲဖို့ ဆုံးဖြတ်ထားတဲ့ အရင်းနှီးဆုံး သူစိမ်းနှစ်ယောက်ဟာ ရင်နာစရာအကောင်းဆုံး အခြေအနေတစ်ခုဖြစ်တဲ့ အပြီးအပိုင် လက်ပြနှုတ်ဆက်ခြင်းဆိုတဲ့ လမ်းကိုတောင် ရွေးထားပြီးပြီမှတ်လား။ သည်ဖြစ်ရပ်လောက် မခက်ခဲ,မပင်ပန်းလှတဲ့ အပြုအမူလေးဖြစ်တဲ့ အချိန်မလွန်ခင် နားလည်မှုလေးထားပြီး ပြေလည်နိုင်တဲ့ ညှိယူခြင်းဆိုတဲ့ လုပ်ရပ်လေးကိုသာ ဆောင်ရွက်လိုက်မယ်ဆိုရင် လမ်းခွဲခြင်းတွေ,ကြေကွဲခြင်းတွေဆိုတာ ရှိလာတော့မှာ မဟုတ်တော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် သဘောထားမတိုက်ဆိုင်ရတဲ့ အကြောင်းအရာတွေဟာ နားလည်ပေးလို့ရမယ့် ညှိယူလို့ရမယ့်အရာတွေဆိုရင် ကြိုးစားစေခြင်ပါတယ်။
ဖောက်လွဲဖောက်ပြန်ပြုခဲ့မယ်ဆိုရင်တောင် ကိုယ့်စိတ်ကမပြတ်သားနိုင်ဘူးဆိုရင် ကြိုးစားဖို့ပဲပြောခြင်ပါတယ်။(ဒါကလည်း သူဖောက်ပြန်တာ အပျော်သဘောဖြစ်နေမယ်,ကိုယ် ကိုယ်တိုင်ကလည်း သူများယူတိုက်ထားတဲ့ ကိုယ့်သွားပွတ်တံကို ပြန်တိုက်ခြင်လောက်တဲ့ မရွံနိုင်လောက်တဲ့ သံယောဇဉ်လက်ကျန်တွေ နှမြောခြင်းတွေ ရှိနေဦးမယ်ဆိုမှသာ တိုက်တွန်းခြင်တာပါ)။ဒါပေမယ့် တဖက်လူက အပျော်သဘောမဟုတ်ဘဲ ကိုယ်နဲ့အပြိုင်ဖြစ်နေပြီဆိုရင်တော့ နှမြောနေရမယ့် အခြေအနေမဟုတ်တော့ပါဘူး။သွေးအေးနေစရာလည်း မလိုသလို မျက်ရည်ခံထိုးပြီးအသနား ခံရမယ့်အနေအထားလည်း မဟုတ်တော့ပါဘူး။ထူးမခြားနားတဲ့ အခြေနေမှာ အောက်ကျို့ခံ စိတ်ဆင်းရဲနေမယ့်အစား ကိုယ်လုပ်စရာရှိတာကိုသာ လှလှပပနဲ့ တည်ငြိမ်စွာလုပ်ဆောင်ဖို့ဘဲ တိုက်တွန်းခြင်ပါတယ်။
relationshipဆိုတာ ကမ္ဘာတစ်ဆုံးပြဇာတ်လိုပါဘဲ။ရုပ်ရှင်တွေထဲမှာသာ အပြီးအပိုင်ပေါင်းစည်းသွားတဲ့ ဇာတ်ပေါင်းခန်းတွေပါပေမယ့် လက်တွေ့ဘဝမှာတော့ မလွယ်ကူလှပါဘူး။ဆိုလိုတာကလေ ဒီတစ်ယောက်နဲ့ လမ်းခွဲလိုက်လို့ နောက်တစ်ယောက်နဲ့ အဆင်ပြေရမယ် ပေါင်းစည်းရမယ်လို့ လွယ်လွယ်မဆုံးဖြတ်စေခြင်တာပါ။ယောက်ကျားတွေရဲ့ အကျင့်စရိုက်တွေဆိုတာ များသောအားဖြင့် မတိမ်းမယိမ်းတွေပါဘဲ။ဒီတစ်ယောက်နဲ့အဆင်မပြေလို့ လက်ပြနှုတ်ဆက်လိုက်တဲ့ကိုယ်ဟာ ပိုးဝင်သွားတဲ့ အနာတစ်ခုရနေသလိုဖြစ်နေတဲ့အတွက် ထပ်ပြီးအညှော်မဝင်အောင် ဂရုစိုက်သင့်ပါတယ်။ဒီယောက်ကျားက ဒုက္ခပေးလို့ နောက်ယောက်ကျားကို လွယ်လွယ်ယုံကြည်မယ့်အစား ကိုယ့်ဘဝကို သင်ခန်းစာယူပြီး သိက္ခာရှိရှိနဲ့ဘဲ ဖြတ်သန်းစေလိုတာပါ။
အိမ်ထောင်ပြုတယ်ဆိုတာ ကျမတို့မိန်းမသားတွေအတွက် မှားခဲ့တယ်လို့ ယူဆခဲ့ရင်တောင် တစ်သက်လုံး စိတ်ဆင်းရဲခံဖို့မဟုတ်ပါဘူး။ကျမတို့ဟာ ငယ်ငယ်ထဲက မိဘရင်ခွင်ထဲမှာ အချစ်ခံခဲ့ရတဲ့လူသားတွေပါ။ညီအစ်ကို မောင်နှမ ဆွေမျိုးအသိုင်းအဝိုင်း များတဲ့သူဆိုရင် ပိုလို့တောင် ချစ်ခင်မှုတွေ ဂရုစိုက်မှုတွေ ခံရသေးတယ်။ပြောခြင်တာကလေ လူဆိုတာ ကိုယ့်ကိုချစ်တဲ့သူတွေ ဝန်းရံနေရင်ကိုဘဲ အလိုလိုပျော်ရွှင်နေတတ်ကြတာ။ဒါကြောင့်မို့လို့လည်း ကိုယ့်ကို တစ်သက်လုံး ချစ်ခင်နိုင်မယ်လို့ ယူဆရတဲ့ အိမ်ထောင်ဖက်ကိုဘဲ အနားမှာထားခြင်ကြတာလေ။ကိုယ့်ကိုမချစ်လို့ စိတ်ဒုက္ခပေးမှတော့ ဘာလို့အနားမှာ ဝန်းရံစေမှာလဲ။
အိမ်ထောင်ရှင်တိုင်းကို ရခဲလှတဲ့ လူဘဝမှာ ကိုယ့်မိသားစုနဲ့ ကိုယ့်ပါတ်ဝန်းကျင်မှာ ပျော်ရွှင်စွာနဲ့ သိက္ခာရှိစွာသာ ဖြတ်သန်းစေလိုပါတယ်။မိသားစုတစ်စုပျော်ရွှင်ဖို့ အိမ်ထောင်ရှင်ဖြစ်တဲ့ နှစ်ဦးလုံးမှာတာဝန်ရှိသလို မိန်းမသားတိုင်းကိုလည်း ဘယ်လိုအခြေအနေပဲရောက်ရောက် ကိုယ့်ရဲ့အသိုင်းအဝိုင်း ,ကိုယ့်ပါတ်ဝန်းကျင်ကြားမှာ အကောင်းဆုံးရပ်တည်နိုင်ဖို့အတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကိုသာ လှပတည်ငြိမ်စွာချမှတ်စေလိုပါတယ်။မိန်းမသားတိုင်း နောင်တကင်းပြီး ရွေးချယ်မှု မှန်ကန်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အိမ်ထောင်ရှင်တစ်ဦးအနေနဲ့ သိမှတ်သလောက် ဆောင်းပါးလေးတစ်ခုအဖြစ် ပုံဖော်ကာ အကြံပြုရေးသားလိုက်ပါတယ်။
MSC.035
Author :@sandipoe
ကိုယ်တိုင်ရေးသား ထားသော ဆောင်းပါးအမှန်ဖြစ်ပါသည်။