ပညာရေး (အပိုင်း ၂ )

Words
250
Reading
2 min
Listen
Play
9y

ဆယ်တန်းအောင်စာရင်း ထွက်သည့်အချိန်တွင် အမှန်တကယ်ဆေးကျောင်းတက်ခွင့်ရသည့် အမှတ်ဖြင့် အောင်မြင်သွားသူမှာ မထက်ထက်ခိုင်ပင်ဖြစ်သည်။သည်နေရာတွင် မကြည်ပြာမှာ နေ့ရောညပါ အိပ်ချိန်,ကျောင်းသွားချိန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဝေယျာဝစ္စလုပ်ချိန်မှလွဲ၍ တစ်နေကုန်မနားမနေ စာကျက်နေလျက်သားနှင့်,ထမင်းကိုပင် စာကြည့်စားပွဲသို့ယူစားပြီး အချိန်ပိုအလေအလွင့်အကုန်မခံကာ ကျက်မှတ်နေလျက်သားနှင့် ဂုဏ်ထူးတစ်ဘာသာမှ မပါဘဲ အမှတ်ပေါင်း သုံးရာကျော်လေးဖြင့်သာ အောင်မြင်ခဲ့ရသည်ကို စဉ်းစားတွေးတောရဖွယ် ဖြစ်ခဲ့ရပါသည်။ကျမတစ်ဦးတည်းအမြင်၏ သုံးသပ်ချက်ကိုမရေးသားမီ မကြည်ပြာကဲ့သို့ အလားတူဖြစ်ရပ်ဖြစ်ပွါးခဲ့သော မိန်းကလေးတစ်ဦး၏ ပညာရေးနှင့်ပါတ်သက်ပြီး လွဲမှားခဲ့ရပုံလေးကို ဦးစွာရေးသားခြင်ပါသည်။

ကျမတက္ကသိုလ်ဝင်တန်းတက်ချိန်တွင် ကျမတို့အတန်းထဲ၌ အမြဲအတော်ဆုံးကျောင်းသူ စာရင်းတွင် ပါဝင်ပြီး ပထမအစမ်း ဒုတိယအစမ်း စာမေးပွဲတိုင်းတွင်လည်း ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်လေ့ရှိသော အထူးချွန်ဆုံး ကျောင်းသူများထဲမှ တစ်ဦးဖြစ်သည့် မဟန်နီဇော်(နာမည်လွှဲ)၏ ပညာရေးနှင့်ပါတ်သက်သည့် အကြောင်းအရာအချို့အား စာဖတ်သူတို့အတွက် အကျိုးရှိစေသော သုံးသပ်ချက်လေးတစ်ခု ရရှိစေရန်အလို့ငှါ ရေးသားတင်ပြခြင်ပါသည်။ကျမတို့အတန်းထဲတွင် ဟန်နီဇော်သည် ငွေကြေးအဆင့်အတန်း ချမ်းသာပြည့်စုံသော အသိုင်းအဝိုင်းမှ ဆင်းသက်လာသူတစ်ဦး ဖြစ်သည့်အပြင် မိဘများမှာလည်း ပညာတတ် အရာရှိများဖြစ်သည်။ဟန်နီဇော်၏ အမေသည်လည်း ဆရာမတစ်ဦးဖြစ်သည်။ငွေကြေးတတ်နိုင်သည့် အားလျော်စွာ အိမ်တွင်လည်း အပိုချိန်အဖြစ် ဘာသာရပ်ဆရာများကို တစ်ဘာသာတစ်ဦးကျ ပင့်ခေါ်ကာ ဟန်နီဇော်တစ်ဦးတည်းသာ ကြပ်ကြပ်မတ်မတ် သင်ယူခြင်းခံနေသူလည်းဖြစ်သည်။

ကျောင်းတွင်ကျင်းပသည့် ပထမအစမ်း ဒုတိယအစမ်း စာမေးပွဲတိုင်းတွင်လည်း ဟန်နီဇော်သည် ဘာသာရပ်အားလုံးကို အမှတ်ပြည့်နီးပါးရနေသူတစ်ဦးလည်းဖြစ်သည်။ဆရာ ဆရာမတိုင်းမှပင် ဟန်နီဇော်အား စာမေးပွဲကြီးတွင် အနည်းဆုံး ဂုဏ်ထူးလေးငါးဘာသာလောက်ဖြင့် ဖြေဆိုအောင်မြင်နိုင်မည်ဟုလည်း အားထားခန့်မှန်းထားခဲ့ကြသည်။သို့ပေမယ့် အောင်စာရင်းထွက်သည့်အချိန်တွင် အမှတ်ပေါင်းသုံးရာကျော်ဖြင့်သာ အောင်မြင်ခဲ့ပြီး ဂုဏ်ထူးလည်းတစ်ဘာသာမှ မရရှိခဲ့သည်ကို အံ့သြဝမ်းနည်းဖွယ် ခံစားတွေ့မြင်ခဲ့ရပါသည်။လူတစ်ယောက် ဘဝမှာကြိုးစားရပ်တည်ဖို့ စာသင်ကျောင်းမှပေးအပ်သည့် အဆင့်များ ဂုဏ်ထူးများသည် မရှိမဖြစ်အရေးပါလှသောအရာများ မဟုတ်ပေမယ့် မြန်မာပြည်ပညာရေးစနစ်အရ မိမိဝါသနာပါရာ သက်မွေးလိုင်းအား ရွေးချယ်တက်ရောက်ခွင့် ရရန်အတွက် ဆယ်တန်းအောင်မြင်သည့်အမှတ်ပေါင်းသည် ကျမတို့အတွက် လွန်စွာအရာရောက်နေပါသည်။

ပြိုင်ပွဲတစ်ခုအနေနှင့် ဥပမာပြောရလျင် ကျမတို့သည် တာထွက်ကောင်းရန်လိုအပ်သလို ပန်းဝင်ချိန်တွင်လည်း သက်လုံကောင်းစွာဖြင့် ဝင်ရောက်နိုင်ရန်လိုအပ်ပါသည်။ထိုသို့ဝင်ရောက်နိုင်ရန်အတွက် မိမိယှဉ်ပြိုင်မည့် အားကစားပညာရပ်များအား ကျွမ်းကျင်ရုံတင်မကဘဲ ပြိုင်ပွဲတစ်လျောက် နည်းစနစ်မှန်ကန်စွာ ယှဉ်ပြိုင်ကစားနိုင်ရန် လေ့ကျင့်ထားခြင်း,စိတ်ဓါတ်ပိုင်းဆိုင်ရာမှစတင်ပြီး ကျန်းမာရေး လူမှုရေးအစရှိသည်တို့ကိုလည်း သဟဇာတဖြစ်စေရန် ပြင်ဆင်ထားခြင်း,မိမိအမှန်တကယ်ဝါသနာပါသည့် ကစားနည်းကို စနစ်ကျကျရွေးချယ်ထားခြင်း, စသည့်အခြင်းအရာများ လိုအပ်မည်ဟု ထင်မြင်မိပါသည်။အရေးကြီးဆုံးအချက်မှာ 'Practice make perfect'ဆိုသကဲ့သို့ မိမိတွင် experience များများရှိရန်အတွက် ကောင်းစွာလေ့ကျင့်ထားရန်လိုအပ်ပါသည်။

ပညာရေးအနေနှင့် ကျမအမြင်ကိုဆွေးနွေးရမည်ဆိုရင် မိဘများအနေနှင့် မိမိသားသမီးအား အမှန်တကယ် ပညာတတ်ခြင်းမတတ်ခြင်းအား ကောင်းစွာလေ့လာသုံးသပ်ရန် အထူးလိုအပ်သည်ဟုထင်မြင်မိပါသည်။အတန်းထဲတွင်ရသည့် အဆင့် ၁,၂ကိုခုံမင်ကာ ကျောင်းစာအလွတ်ရသည်ကိုပင် ကျေနပ်မနေကြရန်လည်း လိုအပ်ပါသည်။ကျောင်းသင်ခန်းစာ အလွတ်ကျက်မှတ်ဖြေဆိုခြင်းနှင့်ပါတ်သက်ပြီး အမှန်တကယ် တတ်မြောက်ခြင်း မတတ်မြောက်ခြင်းဟူသည့် အကြောင်းအရာများကိုလည်း သီးသန့်ဆောင်းပါးလေးဖြင့် ကျမအမြင်ကို ထပ်ပြီးဆွေးနွေးပါဦးမည်။တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် သင်ခန်းစာပါအကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်နားလည်စေရန် ဆန်းစစ်ထားသော စာမေးပွဲဖြစ်သောကြောင့် သင်ရိုးပါအကြောင်းအရာများကို နှံ့စပ်စွာလေ့လာထားရန်လိုအပ်သလို မေးမြန်းမည့် မေးခွန်းပုံစံသည်လည်း ဘက်ပေါင်းစုံမှ မေးမြန်းမည့် unseenများလည်း ပါနိုင်သည့်အတွက် ဗဟုသုတကြွယ်ဝရန်လည်း လိုအပ်ပါသည်။

မြန်မာပြည်ပညာရေးစနစ်အရ မူလတန်းမှ နဝမတန်းအထိ ဆန်းစစ်လေ့ရှိသည့် စာမေးပွဲတိုင်းသည် အများအားဖြင့် 'ဒါပေး ဒါကျက် ဒါမေး ဒါဖြေ' စာမေးပွဲများပင် ဖြစ်ကြသည်။ဒါမေး ဒါဖြေ စာမေးပွဲများမှ အမှတ်ကောင်းကောင်း ရလေ့ရှိသည့် သားသမီးများ၏အခြေအနေကို ကျေနပ်နေသည့် မိဘများအနေနှင့် အရည်အချင်းစစ်သည့် စာမေးပွဲများနှင့် ကြုံကြိုက်ချိန်တွင် ကြီးမားသောလွဲချော်မှုကြီးနှင့် ကြုံရတတ်ပါသည်။ထို့ကြောင့် မိဘများအနေနှင့် သားသမီးများအား ကျောင်းသင်ခန်းစာများအား အမှန်တကယ်တတ်မြောက်ပြီး လက်တွေ့အသုံးချတတ်စေရန် လမ်းညွှန်ထားဖို့ လိုအပ်သလို ဗဟုသုတ,အတွေးအခေါ်များ ပြည့်စုံမြင့်မားစေရန် ကောင်းမွန်သော ပြင်ပစာပေများအား အားလပ်ချိန်များတွင် ဖတ်ရှုတတ်စေရန်လည်း သင်ကြားပေးသင့်ပါသည်။အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများသည် ပညာတစ်ခုအား မိမိတစ်ဦးတည်းသင်ယူခြင်းထက် မိတ်ဆွေသူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်းသည် ပို၍အမြင်ကျယ်စေပြီး ရဲဝံ့စေနိုင်ခြင်းကိုလည်း မိဘများအနေနှင့်သတိပြုသင့်ပါသည်။သားသမီးများ ကိုယ်ရောစိတ်ပါrelaxဖြစ်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် မိဘများအနေနှင့် မိမိသားသမီးများအား နေ့နေ့ညည စာမှစာကျက်မှတ်ရန် တိုက်တွန်းလေ့ရှိသည့် အပြုအမူများကိုလည်း ရှောင်ကျဉ်သင့်ပါသည်။

ကျမတစ်ဦးတည်းအမြင်ကိုပြောရမည်ဆိုလျင် မကြည်ပြာနှင့် မဟန်နီဇော်တို့၏ လွဲချော်မှုများသည် ကျမဆွေးနွေးခဲ့သည့် အထက်ပါအကြောင်းအရာများအား အခြေခံပြီး လွဲချော်ခဲ့ရသည်ဟု ထင်မြင်မိပါသည်။ထို့ကြောင့် မျိုးဆက်သစ်လူငယ်လေးများအား ပျိုးထောင်ကြမည့် မိဘများအနေနှင့် အလားတူလွဲချော်မှုများမဖြစ်စေရန်,သတိပြုသုံးသပ်ဖွယ် တစ်စုံတစ်ရာကျန်ရစ်ခဲ့စေရန် ရည်ရွယ်၍ ကျမတွေ့မြင်ရသမျှ အကြောင်းအရာလေးများအား ဆီလျော်အောင် သီကုံးဖွဲ့နွဲ့၍ ရေးသားတင်ပြလိုက်ပါသည်။

ကိုယ်တိုင်ရေးသားထားကြောင်း အာမခံပါသည်။

sandipoe@sandipoe
MSC.035
received_334286653716317.jpeg

ပညာရေး (အပိုင်း ၂ ) | Ecency