https://steemit.com/myanmar/@sandipoe/miba-wngthathmi
ကျမရဲ့သုံးသပ်ချက်ကို ပြောရရင် သားသမီးတစ်ယောက် လိမ္မာသိတတ်ဖို့အရေးကြီးဆုံးအချက်က ၁.မိဘရဲ့ပုံစံသွင်းမှုနဲ့၂.မျိုးရိုးဗီဇ လို့ထင်ပါတယ်။နံပါတ်တစ်အချက်ဖြစ်တဲ့ မိဘရဲ့ပုံစံသွင်း လမ်းညွှန်မှုနဲ့ သားသမီးတစ်ယောက်ကို လိမ္မာအောင်ပျိုးထောင်တဲ့အခါမှာ ကျမတို့ဟာ အချိန်နဲ့ငွေတော့ ရင်းနှီးကောင်းရင်းနှီးရပါလိမ့်မယ်။Love is directly proportional to timeဆိုသလို ကျမတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့အခါမှာအချိန်တစ်ခုပေးပြီး သားသမီးနဲ့ရင်းရင်းနှီးနှီးဖြစ်အောင် မိဘဆိုတာသားသမီးအတွက် ကြောက်စရာ ဖုံးကွယ်စရာလူတွေမဖြစ်အောင်,ကိစ္စတစ်ခုရှိတိုင်း မိဘကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးနိုင်အောင် လေ့ကျင့်ပြီးပုံစံသွင်းသင့်ပါတယ်။နောက်တစ်ခုက 'ငါဘာလုပ်လုပ် ငါ့မိဘလိုက်ဖြေရှင်းမှာဘဲဆိုတဲ့' ပုံစံမျိုးမဟုတ်ဘဲ 'ငါ့ကိုအကောင်းဆုံးအကြံဥာဏ်ပေးနိုင်မယ့်,ငါကျရှုံးတိုင်း ငါ့ကိုအချိန်မရွေးနှစ်သိမ့်လမ်းညွှန်နိုင်မယ့် ငါ့မိဘနှစ်ဦးရှိနေတဲ့အတွက် ငါဖြစ်ခြင်တာကိုငါကိုယ်တိုင် အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ 'စိတ်မျိုး သားသမီးတွေရဲ့ အတွေးထဲကို ထည့်ပေးထားသင့်ပါတယ်။သားသမီးတွေအတွေးထဲစံထားပြီး အားကိုးရမယ့် ပုဂ္ဂိုလ်တွေဟာ မိဘနှစ်ဦးသာဖြစ်နေမယ်ဆိုရင် တော်ရုံအပြင်သူစိမ်းတွေကို လွယ်လွယ်မခင်တွယ်တတ်တော့ပါဘူး။ဒီ့ထက်ပိုပြီး အရေးကြီးတာက သားသမီးတွေကို သူ့အရွယ်အလိုက် အသုံးနဲ့အဖြုံးခွဲခြားတတ်အောင် ပိုက်ဆံပေးသုံးသင့်ပါတယ်။ကလေးတွေ အသုံးအစွဲကြီးမှာစိုးလို့ ပိုက်ဆံပေးမကိုင်ဘူးဆိုတဲ့ အယူအဆက မှားယွင်းတယ်လို့လည်း ထင်မိပါတယ်။တကယ်တမ်း ကိုယ်တိုင်ပိုက်ဆံရှာနိုင်တဲ့အရွယ်မှ ပိုက်ဆံကိုင်ဖူးတဲ့အခါကြရင် မခြွေတာသင့်တဲ့နေရာမှာခြွေတာပြီး မလိုအပ်တဲ့နေရာတွေမှာ ဖြုံးပစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ကျမငယ်ငယ်ကဆိုရင် သူငယ်တန်းထဲက မုန့်ဖိုးရပါတယ်။မုန့်ဖိုးပေးသလို ပိုက်ဆံစုတတ်အောင်လည်း အမေကသင်ပေးပါတယ်။ဘယ်လောက်မှမရှိပေမယ့် ကိုယ့်မုန့်ဖိုးလေးတွေစုပြီး များလာတဲ့အခါကျရင် အမေ့ကိုပြန်ထုတ်ပေးရတဲ့ feelingလေးက အရမ်းပျော်ဖို့ကောင်းပါတယ်။အဲ့ဒီ့အကျင့်လေးက (ကျန်တဲ့ကျေးဇူးတရားတွေဘာတွေ နားမလည်မိရင်တောင်မှ) အရွယ်ရောက်လာတဲ့အခါ ငါ့မိဘကို ငါပြန်ထောက်ပံ့ရင် မိဘတွေလည်း အဆင်ပြေရသလို ငါလည်းပျော်ရွှင်ရတယ် ဆိုတဲ့ အသိလေးဝင်သွားမှာပါ။ပြောခြင်တာက မိဘကိုသိတတ်ဖို့ နားလည်ဖို့ကို formulaတစ်ခုအနေနဲ့ အတင်းကြီးတရားဟောတာနဲ့စာရင် ကလေးတွေရဲ့စိတ်ထဲမှာ သေးသေးမွှားမွှားလေးကအစ စိတ်ဒဏ်ရာမဖြစ်မိစေဖို့ ငယ်ရွယ်စဉ်ကတည်းက ကိုယ်တတ်နိုင်သလောက် ကြိုးစားပံ့ပိုးသွားရင် သားသမီးတွေဆိုတာ သူ့အလိုလိုမိဘကို သိတတ်ရိုသေသွားမှာပါ။ကျမကျောင်းတက်တုန်းကဆို ထမင်းချိုင့်ထဲထည့်ပေးတဲ့ ဟင်းကိုဘယ်တော့မှ ကုန်အောင်စားလေ့မရှိဘူး။ဘာလို့လဲဆိုတော့ အကောင်းဆုံးကိုမှ ကိုယ့်မိဘကကိုယ့်ကို ခံစားစေခြင်တဲ့စေတနာနဲ့ ဆီဥထောပတ်ကိုမှ သူတို့အငတ်ခံပြီး ကိုယ့်ကိုကျွေးတာသိနေတဲ့အတွက် အကုန်မစားဘဲ ပြန်ချန်ခဲ့တာပါ။မိဘကကောင်းနေရက်နဲ့ မိဘအပေါ်မကောင်းတဲ့သားသမီးတွေလည်း ရှိနိုင်ပါတယ်။ဒါပေမယ့် ရှားပါတယ်။မြန်မာဇာတ်လမ်းတွေမှာသာ ရှိတတ်တာပါ။စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ သားသမီးတွေပြည့်စုံအောင်ကြိုးစားဖို့တော့ လိုအပ်ပါတယ်။သားသမီးတွေ နေရင်ပြီးရောဆိုပြီး ငယ်စဉ်ကတည်းက ဖုန်းပေးကိုင်တာမျိုးတို့,အိမ်တကာတက်ဖဲရိုက်နေတဲ့ အမေတစ်ယောက်က အရွယ်ရောက်တဲ့သမီးကို ဝယ်ခြင်တဲ့ ခေတ်ပေါ်ပစ္စည်းမှန်သမျှ အလွယ်ဝယ်နိုင်အောင် ပိုက်ဆံအထပ်လိုက်ထုတ်ပေးတာမျိုးတို့,မယားငယ်ထားနေတဲ့ အဖေတစ်ယောက်က မိန်းမနဲ့သားသမီးတွေကို သူ့ဘက်မြှားဦးလှည့်ပြီး နားပူနားဆာ မလုပ်အောင် အစစအရာရာပြည့်စုံအောင်လုပ်ပေးတာမျိုးတို့ အစရှိတဲ့ ကိုယ့်အတ္တကိုဖုံးကွယ်ခြင်တဲ့ ပြည့်စုံမှုမျိုးပေးတာဆိုရင်တော့ 'မိဘကောင်းနေရက်နဲ့ သားသမီးကဆိုးလိုက်တာ'ဆိုတဲ့ အခြေအနေကို ဆိုက်ရောက်နိုင်ပါတယ်။သားသမီးရဲ့ပင်ကိုယ်ဗီဇ ဆိုးဆိုတာ မိဘရဲ့ပဲ့ကိုင်မှုနဲ့ကံတရား အဲ့ဒီ့နှစ်ခုထဲက တစ်ခုခုချွတ်ယွင်းမှသာ အားကောင်းလာတတ်တာမို့ ဗီဇကြောင့်ဆိုးသွမ်းရတယ်ဆိုတာ ရာခိုင်နှုန်းအရမ်းနည်းပါတယ်။
သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေဆိုရင် အဖေရောအမေပါအနီးကပ် ပြုစုပျိုးထောင်သင့်ပါတယ်။ဖခင်ကထိန်းကျောင်းတဲ့ သမီးလေးတွေဟာ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုရှိစေတတ်ပါတယ်။အထူးသဖြင့် သမီးလေးတွေကို ကိုယ်ကတတ်နိုင်တာထက် ပိုပြီးပြည့်စုံအောင်ထားသင့်ပါတယ်။ကိုယ်ကမပေးစွမ်းနိုင်ခဲ့ရင်တောင် သူတို့တပ်မက်တဲ့brandedပစ္စည်းတွေဆိုတာ အချိန်တန်လို့ ကိုယ့်မှာပညာနဲ့အရည်အချင်းရှိရင် အချိန်မရွေးဝယ်နိုင်တဲ့အရာဖြစ်ကြောင်း အရည်အချင်းရှိအောင်သာ အရင်ကြိုးစားသင့်ကြောင်းကို နားလည်အောင်ပြောပြထားသင့်ပါတယ်။အချိန်တန်လို့ အသိဥာဏ်နဲ့အရည်အချင်းပြည့်စုံသွားရင် brandedပစ္စည်းတွေထက် အရေးကြီးတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ သူ့အလိုလိုနားလည်သွားပါလိမ့်မယ်။နောက်တစ်ခုက မိဘကသာ သမီးမိန်းကလေးတွေကို ငယ်စဉ်ကတည်းက စိတ်ရောကိုယ်ပါပြည့်စုံအောင် ထားနိုင်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ တော်ရုံဘေးသူစိမ်းတွေရဲ့ ဆွဲဆောင်မှုတွေကို အထင်ကြီးပြီး ရင်မခုန်တတ်တော့သလို brandedပစ္စည်းတွေကြောင့် ကိုယ့်ဘဝကို ရောင်းစားမိတဲ့အဖြစ်တွေလည်း မရှိနိုင်တော့ပါဘူး။
သားသမီးတွေကို မှဲ့တစ်ပေါက်မစွန်းရအောင် ပြုစုပျိုးထောင်ရတာဟာ ကျမတို့အတွက် အပြောလွယ်သလောက် လက်တွေ့မှာတော့ ခက်ခဲလှပါတယ်။မိသားစုတစ်စု ဖြစ်လာပြီဆိုရင် မိဘတွေဖြစ်တဲ့ အဖေအမေတွေလည်း ယောက်ကျားစိတ် မိန်းမစိတ်ဆိုတာ ရှိတတ်တာမှန်ပေမယ့် သားသမီးရလာပြီဆိုရင်တော့ ကိုယ့်အတ္တတွေကိုခနဘေးဖယ်ပြီး သူတို့လေးတွေကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အချိန်ထိ မိခင်စိတ် ဖခင်စိတ်ကို ပိုပြီးအလေးပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ကျမတို့မိဘတွေအနေနဲ့ ယာခင်းထဲမှာ မျိုးစေ့ကြဲလိုက်တာနဲ့ အလားသဏ္ဌာန်တူပါတယ်။ကိုယ်ကြဲလိုက်တဲ့ မျိုးစေ့ကနေရှင်သန်တဲ့ အပင်ကိုဘဲ ကိုယ်ရိတ်သိမ်းရမှာပါ။မြက်ပင်စိုက်ပြီး သရက်သီးဆွတ်ခြင်လို့ မရနိုင်သလို သရက်ပင်ခြင်းတူရင်တောင်မှ အသီးသီးချိန်ထိ ပျိုးထောင်ကြတဲ့ စိုက်ပျိုးသူတွေရဲ့ လုံ့လဝီရိယတွေပေါ်မူတည်ပြီး ကွာခြားနိုင်ပါသေးတယ်။သားသမီးကို ကိုယ်နှုတ်အမူအယာ ယဉ်ကျေးစေခြင်တဲ့ မိဘဟာ သားသမီးရှေ့မှာ ဆဲရေးတိုင်းထွာနေလို့ မဖြစ်ပါဘူး။သားသမီးတွေကို ထမင်းဟင်းသေချာ ချက်မကျွေးဘဲ ဆိုင်ကဘဲချိုင့်ဆွဲစားနေတဲ့ အမေတစ်ယောက်က အိမ်မှုကိစ္စကူမလုပ်တဲ့သမီးကို အပြစ်တင်နေလို့မဖြစ်ပါဘူး။မိသားစုကိုအချိန်မပေးဘဲ အပျော်အပါးမက်နေတဲ့ အဖေတစ်ယောက်က ညနက်သန်းခေါင်အပြင်ထွက်ပြီး အိမ်မကပ်တဲ့သားကို နိုင်အောင်ဆုံးမနိုင်မှာ မဟုတ်ပါဘူး။ကြာလာရင် ဒီလိုအရာတွေဟာ မိဘနဲ့သားသမီးကြားမှာ တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုစရာတွေဖြစ်လာတတ်ပြီး မိသားစုနွေးထွေးမှုဆိုတာလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။တစ်ဦးနဲ့တစ်ဦးအပြစ်ဖို့စရာတွေသာ ဖြစ်စေတတ်ပြီး စိတ်ဒဏ်ရာတွေနဲ့သာ သံသရာလည်သွားနိုင်တဲ့အတွက် အစကောင်းဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။
မိဘတွေအနေနဲ့ အနာဂါတ်အတွက် ကောင်းမွန်တဲ့မျိုးဆက်တစ်ခု ချန်ထားနိုင်တယ်ဆိုတာ မိဘဖြစ်ရခြင်းရဲ့ အဖိုးအဖြတ်နိုင်တဲ့ ပြယုဂ်တစ်ခုလို့လည်း ကျမအနေနဲ့ ထင်မြင်မိပါတယ်။မိမိမွေးထုတ်လိုက်တဲ့ သားသမီးတွေက အကြောင်းကြောင်းကြောင့် ဆိုးသွမ်းနေခဲ့ရင်လည်း အပြစ်တင်ရှုံ့ချပြီး လွယ်လွယ်လျစ်လျူရှုလိုက်မယ့်အစား ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဖြေကိုရှာပြီး လမ်းမှန်ပြန်ရောက်အောင် ကြိုးစားဖို့အခွင့်အရေးပေးပြီး စောင့်ကြည့်စေခြင်ပါတယ်။သားသမီးတွေကိုဆုံးမတဲ့အခါမှာလည်း ဒါမလုပ်နဲ့လို့ အမိန့်ပေးဆုံးမတာထက်စာရင် ဘာကြောင့်ဒါကို မလုပ်သင့်လဲဆိုတာကိုဘဲ နားလည်သဘောပေါက်အောင် ရှင်းပြစေခြင်ပါတယ်။နောက်ဆုံးပြောခြင်တာကတော့ မိဘတွေအနေနဲ့ အချိန်လွန်မှ သားသမီးတွေပြန်သိတတ်ဖို့ အတင်းလုပ်ယူပြီး တရားဟောနေမယ့်အစား အခုကတည်း မိဘနေရာရောက်နေကြတဲ့ ကျမတို့အားလုံး မိမိကိုယ်တိုင်ရော သားသမီးတွေအတွက်ရောပါ ကောင်းမွန်အောင်ကြိုးစားနေထိုင်ကြဖို့ကို တိုက်တွန်းခြင်ပါတယ်။မိဘနဲ့သားသမီးကြားမှာ ဖြစ်တတ်တဲ့ လွဲချော်မှုလေးတွေ လျော့နည်းသွားနိုင်စေရန် ဆန္ဒပြုရင်း ကျမသိမှတ်သလောက် တွေးခေါ်တတ်သလောက်လေးတွေကို မိဘတိုင်းအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူရစေရန် ပြန်လည်ဝေမျှလိုက်ပါတယ်။
Author:@sandipoe
MSC.035