ကြမ်းခင်း (Floor)

Words
182
Reading
1 min
Listen
Play
9y

အဆောက်အဦးတစ်ခု တည်ဆောက်ရာတွင် အဆောက်အဦးတစ်လုံးအနေနှင့် ရုပ်လုံးပေါ်လာစေရန် အဆောက်အဦး၏ အဓိကအစိတ်အပိုင်းများဖြစ်သော ခေါင်မိုး(Roof),နံရံ(Wall),ကြမ်းခင်း(Floor),လှေကား(Stairs)နှင့်တံခါး ပြူတင်း(Door & Window) တို့ဖြင့်ပါဝင်ဖွဲ့စည်းပြီး တည်ဆောက်ကြပါသည်။ထိုအစိတ်အပိုင်းများထဲမှ ကြမ်းခင်း၏ လုပ်ငန်းဆောင်တာများနှင့် အမျိုးအစားများအကြောင်းကို ဖော်ပြပေးခြင်ပါသည်။အဆောက်အဦးတွင်း နေထိုင်မည့်လူများ သွားလာနေထိုင် လုပ်ကိုင်နိုင်ရန်အတွက် တည်ဆောက်ထားသော ပြင်ညီမျက်နှာပြင် အဆင့်အထပ်များကို ကြမ်းခင်း(Floor)ဟု ခေါ်တွင်ပါသည်။ကြမ်းပြင်တစ်ခု၏ လုပ်ငန်းဆောင်တာများမှာ အဆောက်အဦးတွင်း နေထိုင်သူများ,ပရိဘောဂ အသုံးအဆောင်ပစ္စည်းများနှင့် အတွင်းပိုင်းခန်းဆီးနံရံများအား ထောက်မပေးသည့် ပြင်ညီမျက်နှာပြင်တစ်ခုအဖြစ် လုပ်ဆောင်ရန်ဖြစ်ပါသည်။

ကြမ်းခင်းတစ်ခု ထမ်းဆောင်ရမည့် လုပ်ငန်းဆောင်တာများအား ပြီးပြည့်စုံစွာဆောင်ရွက်နိုင်မည့် အခြေအနေတွင်ရှိသော ကြမ်းခင်းတစ်ခု၏ စံထားရသောအင်္ဂါရပ်များမှာ- 1.လုံလောက်သော ခိုင်ခံ့မှုနှင့် တည်ငြိမ်မှုရှိခြင်း 2.လုံလောက်သော မီးဒဏ် ခံနိုင်မှုရှိခြင်း 3.စိုထိုင်းမှု ကာကွယ်နိုင်ခြင်း 4.အသံထိန်း ကြားခံအဖြစ် ဆောင်ရွက်ခြင်း နှင့် 5.အပူထိန်းကြားခံအဖြစ် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။မြေမျက်နှာပြင်အပေါ်တွင် တိုက်ရိုက်တည်ရှိနေသော ကြမ်းခင်းကို မြေညီထပ်ကြမ်းခင်း(Ground Floor)ဟုခေါ်ပါသည်။မြေညီထပ်၏ အထပ်တွင်ရှိသော အထပ်တစ်ခုစီ၏ ကြမ်းခင်းများကို အပေါ်ထပ်ကြမ်းပြင် (Upper Floor)ဟုခေါ်တွင်ပါသည်။မြေမျက်နှာပြင်အောက် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝနိမ့်သော အဆောက်အဦးတစ်ခု၏ အနိမ့်ဆုံးအထပ်ကို မြေအောက်ခန်း (Basement)ဟုခေါ်ပါသည်။

မြေညီထပ်ရှိ ကြမ်းပြင်၏ အဓိကပြသနာမှာ စိုထိုင်းမှုဖယ်ထုတ်ခြင်းနှင့် အပူထိန်းကြားခံခြင်းတို့ ဖြစ်ပါသည်။မြေပြင်တွင် အများအားဖြင့် အစိုဓါတ်နှင့် ရေခိုးရေငွေ့များပါရှိနိုင်ပြီး မတားဆီးနိုင်ပါက ထိုရေခိုးရေငွေ့များသည် အဆောက်အဦးအတွင်းသို့ ကြမ်းပြင်မှတဆင့် ဝင်ရောက်လာနိုင်ပါသည်။အပေါ်ထပ်ကြမ်းပြင်၏ အဓိကပြသနာမှာ ၎င်းကြမ်းပြင်၏အစွန်းများကို နံရံများ ယက်မများ စသည်တို့အပေါ်တွင်သာ ထောက်မထားသောကြောင့် ခိုင်ခံ့မှုနှင့် တည်ငြိမ်မှုအတွက် ထိခိုက်စေနိုင်သော ပြသနာများရှိနိုင်ပါသည်။ကြမ်းပြင်တစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံဒီဇိုင်းသည် အဆောက်အဦးအတွက်အသုံးပြုသော အထိုင်ချရမည့် ပရိဘောဂပစ္စည်းများ၏ ကိုယ်ပိုင် အလေးချိန်နှင့် ခန်းဆီးနံရံများ၏ အလေးချိန်တို့ကိုထပ်ပေါင်း၍ ထောက်မပေးနိုင်မည့် ဒီဇိုင်းမျိုးလည်း ရှိရပါမည်။
image
အပေါ်ပိုင်းအထပ်များ၏ ကြမ်းပြင်များသည် စိုထိုင်းမှုအား ကာကွယ်ရန်အတွက် ပြသနာမရှိသော်လည်း အသံထိန်းကြားခံအဖြစ် ဆောင်ရွက်နိုင်မည့် ကြမ်းပြင်ဒီဇိုင်းဖြစ်စေရန် လိုအပ်ပါသည်။မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက် အောက်ဆုံးအထပ်ရှိ ကြမ်းပြင်များတွင် အရေးတကြီးမလိုအပ်သော်လည်း အပေါ်ထပ်များရှိ ကြမ်းပြင်များအတွက် လိုအပ်ပါသည်။ကြမ်းခင်းများကို အောက်ခံကြမ်းခင်း အခြေခံအလွှာ သို့မဟုတ် ကြမ်းပြင်အမာခံနှင့် ကြမ်းခင်းအပေါ်လွှာ သို့မဟုတ် ကြမ်းပြင် ဟူ၍ မရှိမဖြစ် အစိတ်အပိုင်းနှစ်ခုဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ကြမ်းခင်းအမာခံမှာ တည်ဆောက်ဖွဲ့စည်းမှု အစိတ်အပိုင်းဖြစ်ပြီး ကြမ်းခင်းအပေါ်လွှာကို ထောက်မပေးထားပါသည်။မြေညီထပ် ကြမ်းခင်းများအတွက် အောက်ခံကြမ်းခင်း၏ရည်ရွယ်ချက်မှာ အပေါ်ကြမ်းပြင်သို့ သင့်လျော်သော အထောက်အပံ့ပေးရန် ဖြစ်ပါသည်။
image
မြေညီထပ်များရှိ ကြမ်းခင်းများကိုပြုလုပ်ရာတွင် တိုက်ရိုက်သွန်းလောင်းခြင်းဖြင့်သော်လည်းကောင်း မြေပြင်အထက် အနည်းငယ်ခွာ၍ ခင်းခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။မြေပြင်အထက်တွင် ထောက်မထားသော ကြမ်းပြင်ကို အလွတ်ကြမ်းခင်း(Suspended floor)ဟုခေါ်ပြီး မြေပြင်ပေါ်တွင် သွန်းလောင်းထားသော ကွန်ကရစ်ကြမ်းခင်း၏ အပေါ်တွင် သစ်သားတုံးများထပ်၍ အချောသပ်ခင်းထားသော ကြမ်းပြင်ကို တစ်သားတည်းကြမ်းခင်း (solid foor)ဟုခေါ်တွင်ပြီး ထိုကြမ်းခင်းများကို ကျောက်ပြား အုတ် စသည်တို့ဖြင့် ပြုလုပ်လေ့ရှိကြပါသည်။အုတ်ကြမ်းခင်း (Brick flooring),ဘိလပ်မြေကွန်ကရစ်ကြမ်းခင်း(Cement concrete flooring),သံကူအားဖြည့် ကွန်ကရစ်ကြမ်းခင်း(Reinforced concrete flooring)နှင့် သစ်သားကြမ်းခင်း(Timber flooring)ဟူ၍ ကြမ်းခင်းအမျိုးအစားများစွာရှိပါသည်။
Own writer: sandipoe@sandipoe
MSC.035
image

ကြမ်းခင်း (Floor) | Ecency