မနှစ်က ဒီလိုအချိန်လေးဟာ သမီးလေး ကျမဘဝထဲကို ရောက်လာပြီး ကျမရဲ့ဝမ်းထဲသန္ဓေတည်နေတဲ့ ၆လရှိနေပြီဖြစ်တဲ့ အချိန်လေးပေါ့...
အမှန်ပြောရရင် သမီးလေးလူ့လောကထဲရောက်လာတာ ကျမတို့အတွက်တော့ တခြားသော ဇနီးမောင်နှံတွေလို ကလေးယူကြမယ်ဆိုပြီး တိုင်ပင်ပြီး ယူခဲ့ကြလို့ ရောက်လာခဲ့တာ မဟုတ်ပါဘူး...
ဘဝအမောတွေ ပူပင်သောကတွေ စိတ်ဆင်းရဲမှုတွေကြားမှာဘဲ သမီးလေးဟာ ကျမတို့လင်မယား၂ယောက်ဆီကို ကျမတို့ရဲ့ လိုအပ်နေတဲ့ ကွက်လပ်လေးကို ဖြည့်ဆည်းပေးဖို့ ထိုက်ထိုက် တန်တန်ကို မမျှော်လင့်ဘဲ ရောက်လာခဲ့တာပါ
အိမ်ထောင်ကျခါစမှာ လူငယ်တွေဖြစ်တဲ့ ကျမတို့နှစ်ယောက်လုံးဟာ မရင့်ကျက်သေးတာရော,အိမ်ထောင်သက်နုတဲ့အချိန်မှာဖြစ်တတ်တဲ့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအားနည်းပြီး ခိုင်မာတဲ့ နားလည်မှုမပေးနိုင်တာရောတွေကြောင့်ပါ နှစ်ဦးသား ချစ်ကြိုက်ပြီး မခွဲနိုင်မခွါရက်ပေလို့ လက်ထပ်ခဲ့သော်လည်း မကြာခဏဆိုသလို အထင်အမြင်တွေလွဲမှားပြီး ရန်ဖြစ်စကားများခဲ့ကြရပါတယ်။ရန်ဖြစ်စကားများတိုင်းလည်း နှစ်ယောက်သား စိတ်ထိခိုက်ရလွန်းလို့ အမှားတွေကိုပြင်ဆင်ပြီး ပြေလည်အောင်နေကြမယ်လို့ ကတိတွေပြုခဲ့ကြတာလည်း အဲ့ဒီ့အချိန်တွေတုန်းက အကြိမ်ကြိမ်ပါဘဲ။အိမ်ထောင်သက် ငါးလလောက်ထိ ကျမတို့နှစ်ယောက်ကြားမှာ မုန်တိုင်းတွေထန်နေဆဲပါ။အဲ့ဒီ့နောက်ပိုင်းမှာတော့ ရန်ဖြစ်စကားများတဲ့အရာဆိုတာ ကျမတို့အတွက်အပျင်းပြေ စနောက်နေရတဲ့ အရာတစ်ခုထက်မပိုခဲ့တော့ပါဘူး။
မှတ်မှတ်ရရ အိမ်ထောင်သက်လေးလကျော်လောက်မှာ ကျမတို့နှစ်ယောက်ကြားက ပဋိပက္ခမုန်တိုင်းကြီးဟာ အပြင်းထန်ဆုံးအခြေအနေတစ်ခုအထိ ဖြစ်သွားခဲ့ပါတယ်။သူ့ကို အရမ်းစိတ်ဆိုးမိတဲ့ ကျမဟာ မလုပ်သင့်တဲ့အလုပ်တစ်ခုကိုလည်း လုပ်ခဲ့မိလိုက်ပါတယ်။အဲ့ဒါကတော့ အေးအတူပူအမျှ နှစ်ယောက်နေနေတဲ့ အိမ်လေးကနေ သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီး ကျမမိဘတွေအိမ်မှာ သွားနေခဲ့မိပါတယ်။တကယ်တန်းစဉ်းစားလိုက်ရင် ကျမတို့ရဲ့ပြသနာဟာ တစ်ယောက်နဲ့တစ်ယောက် ဖောက်လွဲဖောက်ပြန်လုပ်လို့,မူးယစ်ရမ်းကားပြီး နှိပ်စက်လို့ ဖြစ်ပေါ်တဲ့ပြသနာ မဟုတ်တဲ့အတွက် ကျမအနေနဲ့ပြေလည်အောင် ညှိနှိုင်းမယ့်လမ်းကိုမရွေးဘဲ အနိုင်ယူခြင်စိတ်နဲ့ စိတ်ထင်ရာစိုင်းခဲ့မိတာ အရမ်းကို မှားယွင်းခဲ့ပါတယ်။ရန်ဖြစ်တိုင်းအမြဲအလျော့ပေးနေတဲ့သူလည်း ဘယ်လိုမှညှိနှိုင်းယူလို့မရတဲ့ အဲ့ဒီအချိန်မှာတော့ အရမ်းကိုပေါက်ကွဲပြီး ကျမစိတ်တိုင်းကျ ဘဲ နေစေခဲ့တော့ပါတယ်။
ကျမနဲ့သူ တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့ အဲ့ဒီ့အချိန်တိုအတောတွင်းလေးမှာဘဲ ကျမဆီမှာ သမီးလေးကိုယ်ဝန်ရှိမှန်း သိခဲ့ရပါတယ်။သူ့ကို လူခြင်းမတွေ့ခြင်သေးရင်တောင် ကိုယိဝန်ရှိတဲ့အကြောင်းကို အသိပေးဖို့ ကျမကိုဝိုင်းပြီး ဖျောင်းဖျတိုက်တွန်းခဲ့ပေမယ့် သမီးလေးကိုခုတုံးလုပ်ပြီး သမီးလေးကြောင့် အဆင်ပြေသွားရတယ်ဆိုအဖြစ်မျိုးကို လက်မခံခြင်တဲ့ကျမဟာ သူ့ကိုအသိမပေးဘဲ ခေါင်းမာနေခဲ့ပါတယ်။ဒါပေမယ့် မကြာပါဘူး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်မပြတ်နိုင်ခဲ့ကြတဲ့ ကျမတို့ဟာ မကြာလှတဲ့အချိန်တစ်ခုမှာဘဲ ပြန်အဆင်ပြေခဲ့ကြပြီး အဲ့ဒီ့အဖြစ်ဆိုးကြီးကို ဥပမာထားပြီး ရန်ဖြစ်စကားများရမှာကိုဘဲ ကြောက်စရာတစ်ခုလို မှတ်ယူခဲ့ကြတာ ယနေ့ချိန်ထိပါဘဲ။
သမီးလေးနဲ့ပါတ်သက်တဲ့ feelingလေးတွေကို ဆက်ရေးပါဦးမည်။
Author:@sandipoe
MSC.035