လှေကား - Stair

Words
322
Reading
2 min
Listen
Play
9y

အထပ်မြင့် အဆောက်အဦးများ တည်ဆောက်ရာတွင် အထပ်တစ်ခုမှ တစ်ခုသို့ ဆက်သွယ်ပေးသည့် အဆောက်ဦး၏ အစိတ်အပိုင်းကို လှေကား (Stair) ဟုခေါ်တွင်ပါသည်။ တစ်နည်းအားဖြင့် ကြမ်းပြင်တစ်ခုမှ အခြားတစ်ခုသို့ ဦးတည်နေသော အစဉ်လိုက်ရှိသော လှေကားထစ်များကိုလည်း လှေကား ဟုခေါ်ပါသည်။ အဆောက်ဦး အတွင်းရှိ အထပ် တစ်ခုနှင့် တစ်ခုကြား အဆင်းအတက် ပြုလုပ်သည့် လမ်းကြောင်းကိုလည်း လှေကားတပ်ဆင် ထားခြင်းဖြင့် ရရှိပါသည်။အဆောက်အဦးတွင်း လှေကားတပ်ဆင်ထားသည့် နေရာကို လှေကားခွင် (Stair Case) ဟုခေါ်ပြီး လှေကား နေရာယူထားရာ နေရာတစ်လျှောက်ကို လှေကားလမ်း (Stairway) ဟုခေါ်ပါသည်။ လှေကားလမ်းများ တပ်ဆင်ရန် ရွေးချယ်ရာတွင် အဆောက်ဦး အတွင်းရှိ သင့်လျော်သော နေရာကို ရွေးခြယ်ပြီး နေရာချထားသင့်ပါသည်။ အိမ် အဆောက်ဦးများ အတွက် အခန်းအားလုံးသို့ လွယ်ကူစွာ ရောက်နိုင်စေရန် အလယ်ကျကျ နေရာတွင် လှေကားကို ထားသင့်ပါသည်။ အများ ပြည်သူသုံး အဆောက်အဦးများတွင် လှေကားသည် ဝင်ပေါက်အနီးနားတွင် ရှိသင့်ပါသည်။

အဆောက်အဦးကြီးများတွင် ဖွဲ့စည်းတည်ဆောက်ပုံအရ လှေကားများ တစ်ခုမက ရှိနိုင်ပါသည်။ လှေကားများ တပ်ဆင်ခြင်းဖြင့် အဆောက်အဦးများ၏ အထပ်တစ်ခုနှင့် တစ်ခုအကြား အဆက်အသွယ် ရရှိစေသကဲ့သို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားပါကလည်း တစ်ထပ်မှ တစ်ထပ်သို့ မီးကူးစက်ရာ လမ်းလည်း ဖြစ်စေတတ်သဖြင့် လှေကားအိမ်များ၏ မီးဘေး ကာကွယ်ရေးမှာ အလွန်ပဲ အရေးကြီးပါသည်။ ထို့ကြောင့် လှေကားအိမ်များကို မီးဒဏ်ခံနိုင်သော နံရံများ ကြမ်းခင်းများ မျက်နှာကြက်များ တံခါးများဖြင့် ကာရံပြီး တည်ဆောက် ထားသင့်ပါသည်။ နံရံများနှင့် မျက်နှာကြက်များ တည်ဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများသည်လည်း မီးမလောင်စေရန်နှင့် မီးကူးစက်မှု နည်းစေသော အဆောက်ဦးသုံး ပစ္စည်းများ ဖြစ်ရန်လည်း လိုအပ်ပါသည်။

သစ်သား အုတ် ကျောက် သံမဏိ သံကူကွန်ကရစ် အစရှိသော အဆောက်ဦးသုံး ပစ္စည်းများ (Building Materials)အား အသုံးပြုပြီ့း လှေကားများကို ဆောက်လုပ်နိုင်ပါသည်။ လှေကား Design ပုံစံအတွင်းရှိ အခြားအရေးကြီးသော လက္ခဏာမှာ လှေကား၏ ကြံ့ခိုင်အား ဖြစ်ပါသည်။ လှေကား၏ ကြံ့ခိုင်အားကို Design ပြုတွက်ချက်ရာတွင် ကြမ်းပြင် Design များအတွက် အသုံးပြုသော ကြံ့ခိုင်အားနှင့် အလားတူပင် သတ်မှတ်ထားသော ဝန်ကို သယ်ဆောင်နိုင်ရန် Design ပြုလုပ်ထားရပါသည်။
လှေကားများ အပြင် အဆောက်အဦး အတွင်း အထပ်များ အကြား ဒေါင်လိုက် သွားလာ ပို့ဆောင်နိုင်သော အခြားနည်းလမ်းများမှာ ဓါတ်လှေကား (Electric Lift) ဆင်ခြေလျှောလမ်း (Ramp) လှေကားရှင် (Ladder) နှင့် စက်လှေကား (Escalator) တို့ဖြစ်ကြပါသည်။ လှေကား အစိတ်အပိုင်းများတွင် လှေကားအိမ် (Staircase), လှေကားထစ် (Step), လှေကား ခြေနင်းပြား (Tread), အကျော် (Rise) , ခြေကျော်ပြား (Riser)
,လှေကားပြေး (Flight) လှေကားခုံ (Landing), အနင်း (Going), လှေကား လက်ကတုံးတိုင် (Newel Post), လှေကားလက်ရန်း (Hand Rail) စသည်တို့ ပါဝင်ပါသည်။

လှေကားထစ်များ နေရာယူထားသော အခန်း (သို့)
အဝန်းအဝိုင်းကို လှေကားအိမ် တစ်နည်းအားဖြင့်
လှေကားခွင် ဟုခေါ်ပါသည်။ ထိုအခန်း ပြုလုပ်သည်ကို လှေကားအိမ် ဖွဲ့သည်ဟုလည်း ခေါ်ပါသည်။ အထက်နှင့် အောက်သို့ အတက်အဆင်း ပြုလုပ်သောခါ အသုံးပြုသော အစိတ်အပိုင်းကို လှေကားထစ် ဟုခေါ်ပါသည်။ လှေကားထစ်တွင် အနင်းနှင့် ခြေကျော် ပါဝင်ပြီး လှေကားသည်လည်း လှေကားထစ် အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ လှေကားခြေနင်းပြားများသည် ခြေဖဝါးဖြင့် အနင်းခံရသော အစိတ်အပိုင်း ဖြစ်ပြီး ၎င်းကို လှေကားဆံ ဟုလည်း ခေါ်တွင်ပါသည်။ လှေကား ခြေနင်းပြား နှစ်ခုကြားရှိ ဒေါင်လိုက် အကွာအဝေးသည် အကျော်ဖြစ်ပါသည်။ ခြေကျော်ပြားသည် လှေကားခြေနင်း နှစ်ခုကြား ဆက်စပ်ထားသည့် ဒေါင်လိုက် အခြေနေရှိသော အစိတ်ပိုင်း ဖြစ်ပါသည်။
image
photo facebook search
လှေကားထစ်များ တစ်ဆက်တည်း စဉ်တိုက်ရှိနေသော လှေကား အတက်တစ်ခုကို လှေကားပြေး ဟုခေါ်ပါသည်။ လှေကားပြေး တစ်ခုအတွက် လှေကားထစ် အရေအတွက်ကို ကန့်သတ်ချက်ဖြင့် ထားရှိပါသည်။ လှေကားထစ်များသည်။ အောက်ကြမ်းခင်းမှ အပေါ်ကြမ်းခင်း အထိ မချိုးမကွေ့ပဲ တစ်ဆက်တည်း ရှိနေပါသည်။ ကြမ်းပြင် နှစ်ခုကြားတွင် လှေကားပြေး ဦးတိုက်သော ပြင်ညီမျက်နှာပြင်ကို လှေကားခုံဟု ခေါ်ပါသည်။
လှေကားခုံသည် လှေကားပြေး၏ ဦးတည်ရာ ပြောင်းလဲမှု အတွက်နှင့် လှေကားအသုံးပြု နေစဉ် အရပ်အနား နေရာတစ်ခုအဖြစ် အထောက်အကူ ပြုပါသည်။ လှေကားထစ်၏ အကျော်နှစ်ခုကြားတွင် ရှိသော ပြင်ညီမျက်နှာပြင် အကွာအဝေးကို အနင်းဟုခေါ်ပါသည်။ အခြားသော ကောင်းမွန်သည့် လှေကားတစ်ခု၏ လိုအပ်ချက်များ , လှေကားထစ် အမျိုးအစားများ , လှေကားအမျိုးအစားများ နှင့် လှေကားထစ် အတိုင်းအတာများ အကြောင်းကို ကျမလေ့လာ မှတ်သားရသမျှ ဆက်လက် ရေးဖော်ပြပေးပါဦးမည်။

Own writer: sandipoe@sandipoe
MSC.035
6.11.2017
image