လွန်ခဲ့တဲ့တစ်ပါတ်ကျော်လောက်က အစ်ကိုဝမ်းကွဲတစ်ယောက်ရဲ့ စက်ရုံမှာ စက်ရုံရဲ့အဆောက်အဦး အရေအတွက်တွေ တိုးချဲ့နေကြပါတယ်။ဒါ့ကြောင့် စက်ရုံတွင်းမှာရှိတဲ့ အလုပ်သမားအရေအတွက်တွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းထဲမှာပါ ယာယီလာရောက်လုပ်ကိုင်ဖို့အတွက် ပြင်ပမှအလုပ်သမားလေးတွေ လိုအပ်လို့ ခေါ်ယူနေကြတယ်ဆိုတဲ့သတင်းလေးကို အစ်ကိုရဲ့ပြောပြချက်အရသတိထားမိလိုက်ပါတယ်။ဒါနဲ့ဘဲ ကျမတို့ညီအစ်မလည်း ကျမတို့နဲ့တစ်ရပ်ကွက်တည်းအတူနေထိုင်တဲ့ ကောင်လေးကို သူ့အမေနဲ့အတူ ကျမတို့အိမ် လာလည်တဲ့အချိန်မှာ အလုပ်ထဲမှာသင့်တော်တယ်လို့ ထင်မြင်မိတာနဲ့ အလုပ်လုပ်မလားဆိုပြီး မေးလိုက်မိပါတယ်။
အဲ့ဒီ့ကလေးရဲ့မိဘတွေကလည်း အဆင်ပြေကြသူတွေမဟုတ်တဲ့အပြင် လက်ရှိမှာလည်း သူကဆယ်တန်းစာမေးပွဲကို ပထမတစ်နှစ်ကကျထားပြီး ဒုတိယမြောက်နှစ်ကို ထပ်တက်ပြီးဖြေထားတာဆိုတော့ သူ့မိဘတွေက သူ့အတွက်နဲ့ ငွေကို တော်တော်လေးအပင်ပန်းခံရှာပြီး ကုန်ကျထားရတဲ့အနေအထားလည်း ဖြစ်နေပါတယ်။လူငယ်တစ်ယောက်လည်းဖြစ်နေတဲ့အတွက် အဆင်မပြေတဲ့မိဘကိုပြန်မသိတတ်ခဲ့ရင်တောင် ကိုယ့်ဝင်ငွေလေးနဲ့ကိုယ် ဝတ်နိုင်စားနိုင်အောင်,မကြာမီအောင်စာရင်းထွက်လို့ ဆယ်တန်းအောင်ခဲ့ရင် တက္ကသိုလ်တက်ချိန်မှာ ကျောင်းစရိတ်ကုန်ကျငွေတွေ ခုမိအောင်ဆိုတဲ့ စေတနာလေးနဲ့ လုပ်စေခြင်မိတာပါ။နောက်တစ်ခုက အလုပ်လုပ်ရမယ့်အချိန်ကလည်း အောင်စာရင်းမထွက်ခင်၂လလောက်ဘဲဆိုတော့ ကြိုးကြိုးစားစားလေးလုပ်ခဲ့ရင် အလုပ်ကြမ်းသမားဈေးတောင် တစ်နေ့၇၀၀၀နှုန်းရှိနေတာမို့ ၂လလောက် အပင်ပန်းခံလိုက်ရင်ဘဲ ကျောင်းတက်ချိန်မှာ ၄သိန်းကျော်လောက်ဝင်ငွေရှိနေပြီး ကျောင်းပညာရေးအတွက် စိတ်အေးနိုင်ရမယ်လို့ တွေးလိုက်မိတာပါ။
သို့ပေမယ့် အဲ့ဒီ့ကလေးကို ကျမတို့ အလုပ်လုပ်မလားလို့ မေးလိုက်တဲ့အချိန်မှာ အဲ့ဒီ့ကလေး ပြန်တုံ့ပြန်လိုက်တဲ့ အဖြေက ကျမအတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။သူက အလုပ်မလုပ်ခြင်ကြောင်းကို ခါးခါးသီးသီးကို ငြင်းဆိုခဲ့ပါတယ်။သူငြင်းဆိုတဲ့ပုံစံက ဒီအလုပ်တွေမလုပ်ဖူးလို့ အလုပ်မှာအဆင်မပြေမှာ စိုးရိမ်တဲ့ပုံစံနဲ့ငြင်းဆိုနေတာ မဟုတ်ဘဲ သူနဲ့မအပ်စပ်တဲ့အလုပ်တွေကို လာခိုင်းကောင်းမလားဆိုတဲ့ ပုံစံနဲ့ကို လွဲမှားစွာတွေးခေါ်ပြီး ငြင်းဆိုနေတာဖြစ်လို့ တော်တော်လေးလည်း အံ့သြမိပါတယ်။ကျမတွေးကြည့်တယ်။သူ့နေရာမှာ ငါသာဆိုရင်ရောဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ကိုယ်လည်းသူ့အရွယ်မှာဆိုရင် အဲ့လိုအလုပ်တွေ လုပ်ခြင်ပါ့မလားပေါ့,ကိုယ်လည်းမလုပ်နိုင်တဲ့ အလုပ်တစ်ခုကို သူများမလုပ်ခြင်တာ အပြစ်သွားတင်တဲ့ပုံစံမျိုးလည်း မဖြစ်ခြင်တဲ့အတွက်ပါ။ကျမဘယ်လိုဘဲတွေးတွေး ကျမအတွက်ကတော့ အဖြေတစ်ခုတည်းဘဲ ထွက်လာပါတယ်။အလုပ်လုပ်ရတာကို နိမ့်ကျတယ်လို့တွေးနေပြီး အဆင်မပြေတဲ့မိဘလုပ်စာလေးနဲ့ဘဲ ကျောင်းဖွင့်ချိန်မှာ ချို့ချို့တဲ့တဲ့တက်နေမယ့်အစား မိဘတွေလည်းမပူပန်ရအောင် ကိုယ်အားတဲ့အချိန်လေးမှာ ကိုယ့်အရွယ်နဲ့တန်တဲ့ အလုပ်လုပ်ပြီးဘဲ ပိုက်ဆံရှာလိုက်မှာပါ။
ဒီလိုအလုပ်တွေလုပ်လို့ နိမ့်ကျတယ်လို့ ကဲ့ရဲ့လည်း အကဲ့ရဲ့ခံလိုက်ပါမယ်။အတွေးတိမ်တဲ့လူတစ်ချို့ရဲ့ ကဲ့ရဲ့မှုကိုခံမလား,ကိုယ့်ဘဝရဲ့ မပြည့်စုံမှုတွေကို ဒီတိုင်းထိုင်ကြည့်နေမယ့်အစား ကိုယ်ကိုယ်တိုင် တတ်စွမ်းသလောက်ကြိုးစားပြီး သူများနည်းတူ သွားနိုင်စားနိုင်အောင် ဖန်တီးပြီး စိတ်ချမ်းသာအောင်နေမလားဆိုတာ အဲ့ဒီ့ကလေးကို လေးလေးနက်နက်တွေးတောခွဲခြားစေခြင်မိပါတယ်။တစ်ခါတစ်လေကြရင် အခုခေတ်ကလေးတွေ တော်တော်များများမှာ အဓိကနဲ့သာမညကို ရောထွေးနေတတ်တာ တွေ့ရပါတယ်။နောက်တစ်ခုက ကျမတို့လူတွေဆိုတာ အချိန်တန်ရင် အများနည်းတူ သွားခြင် စားခြင် သုံးခြင် ဖြုံးခြင်စိတ်ဆိုတာ ရှိတတ်ကြပါတယ်။အဲ့လိုအချိန်တွေကျရင် အဆင်မပြေတဲ့မိဘကို စိတ်ဒုက္ခပေးမိတာမျိုးတို့,မလုပ်သင့်တဲ့အလုပ်တွေကို ကြံရွယ်လုပ်ကိုင်မိတာမျိုးတို့လည်း ဖြစ်တတ်ကြပါတယ်။စာတစ်လုံးမှမကျက်ဘဲ စာမေးပွဲအောင်ခြင်း မအောင်ခြင်းဆိုတာ အရေးမပါဘူးလို့ကိုသတ်မှတ်ထားပြီး ပေါ့ပေါ့တန်တန်စာမေးပွဲဖြေခဲ့တဲ့သူတွေတောင် အချိန်တန်လို့ အောင်စာရင်းထွက်ချိန်ကျရင် စာမေးပွဲအောင်ခြင်စိတ်နဲ့ ဆုတောင်းတတ်ကြပါသေးတယ်။ဒီ့ထက်ပိုပြီး လေးနက်အောင် ကျမကြုံရတဲ့နောက်ထပ်ဥပမာလေးတစ်ခုနဲ့ပြောပြပါမယ်။
မနှစ်ကလောက်က ကျမတို့ဘုရားဖူးထွက်ကြတော့ ဘုရားဖူးကားပေါ်မှာ ကျမတို့ထိုင်ခုံနောက်က အဒေါ်ကြီးနှစ်ယောက်ရဲ့ပြောစကားများနဲ့ နှိုင်းယှဉ်ပြောပြခြင်ပါတယ်။အဒေါ်ကြီး၂ယောက်ထဲက တစ်ယောက်က သူ့ညီမက ကပ်စေးနှဲပြီး ဘယ်ကိုမှမသွားကြောင်း,သူကတော့ အခုချိန် ဘာမှမစဉ်းစားဘဲ သွားစရာရှိတာသွား သုံးစရာရှိတာသုံးကြောင်း ပြောနေခဲ့ပါတယ်။သူ့အနေအထားကိုကြည့်ပြီး သူပြောတဲ့စကားကို သုံးသပ်ကြည့်ရရင် ခုချိန်မှာသူဟာ အသက်ငါးဆယ်လောက်ရှိပြီ။ခုလို အသက်ကြီးချိန်မှာ စားဝတ်နေရေးအတွက် ငွေရှာတဲ့အလုပ်ကိုလုံးပမ်းမနေရဘဲ သွားခြင်ရာသွား လှူခြင်ရာလှူနိုင်နေပြီ။ ဒီလိုတွေသုံးနိုင်ဖို့ ပြောနိုင်ဖို့ဆိုတာ သူလည်း တစ်ချိန်တုန်းက လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်မှာ ကြိုးကြိုးစားစားနဲ့ ငွေရှာခဲ့လို့သာ ပြောနိုင်နေနိုင်တယ်လို့ ကျမကတော့ သုံးသပ်မိပါတယ်။ဒါကြောင့်မို့လို့သာ ခုလိုအသက်ကြီးချိန်မှာ ငွေရှာရင်းနဲ့ဘဲ လုံးလည်ချာလည်လိုက်ပြီး ဘဝနေဝင်ချိန်ကို ရောက်မှန်းမသိရောက်သွားတဲ့လူမျိုးထဲမှာ မပါဝင်ဘဲ ငယ်ရွယ်စဉ်ကိုယ်လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်မှာ ရှာဖွေခဲ့တဲ့ငွေတွေကို အသုံးချပြီး အေးချမ်းစွာဘဲ ဘဝနေဝင်ချိန်တွေကို ဖြတ်သန်းနိုင်တယ်လို့ထင်မြင်မိပါတယ်။ဒါ့ကြောင့် ကျမတို့အားလုံးလည်း အရွယ်ရှိချိန်မှာ ကြိုးကြိုးစားစားလေးနဲ့ ရှာဖွေစုဆောင်းသင့်ပါတယ်။ကြိုးစားနေတဲ့အချိန်မှာ သူများတွေလို မသွားနိုင် မစားနိုင်လို့ သိမ်ငယ်စိတ်ပျက်နေတာမျိုးလည်း မဖြစ်စေခြင်ပါဘူး။အချိန်တန်ရင် လူတန်းစေ့နေနိုင်ဖို့ အချိန်နဲ့အတူ ကာယခွန်အားတွေ ဥာဏခွန်အားတွေ ရင်းသင့်ရင်းရပါမယ်။ကြီးပွါးတိုးတက်ခြင်တဲ့သူက ဝင်ငွေတစ်ခုတည်းနဲ့ မရပ်တည်ရဘူးဆိုတဲ့စကားအတိုင်း ကိုယ်လုပ်နိုင်တဲ့အရွယ်မှာ ကိုယ်တတ်စွမ်းသလောက် ကျယ်ပြန်စွာကြိုးစားသင့်ပါတယ်။အသက်ငယ်ရွယ်ချိန်မှာ ပင်ပန်းဆင်းရဲရတာကို ရှက်နေမယ့်အစား အသက်ကြီးတဲ့အချိန်မှာ ကိုယ့်နောက်ပါမယ့်ကုသိုလ်အလုပ်လေးတွေတောင် လုပ်ဖို့အချိန်မပေးနိုင်အားဘဲ စားဝတ်နေရေးအတွက် ငွေရှာနေရတဲ့ဘဝကြီးကိုဘဲ ရှက်ရွံ့သင့်ပါတယ်။သတ်မှတ်ချက်တစ်ခုထားပြီး ဘယ်အချိန်မှာငါဘာဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရှာဖွေသင့်ပါတယ်။ကျမကတော့ အသက်ကြီးတဲ့အချိန်မှာ အေးအေးချမ်းချမ်းမနေရဘဲ ရှာရင်ဖွေရင်း သုံးရင်းစွဲရင်းနဲ့ဘဲကုန်သွားပြီး လုံးချာလိုက်နေတဲ့ ငွေရှာတဲ့အလုပ်နဲ့ဘဲ အချိန်ကုန်ရမှာကို အရမ်းစိုးရိမ်မိပါတယ်။ လူသားတိုင်းကိုလည်း အချိန်လွန်မှ မပင်ပန်းကြစေရန်အတွက် ကျမတွေးမိသလောက်လေးတွေကို စာဖတ်သူများအတွက် တစ်ထောင့်တစ်နေရာမှ အသုံးတည့်စေရန်အတွက် ဤဆောင်းပါးလေးကို ရေးသားဝေငှလိုက်ပါတယ်။
Author:@sandipoe
MSC.035